Breaking News

ခင်လွန်း - "ဘေးကပ်လျှောက်ပြီး ကပ်ဘေးရှောင်ပါ"


ခင်လွန်း - "ဘေးကပ်လျှောက်ပြီး ကပ်ဘေးရှောင်ပါ"

(မိုးမခအယ်ဒီတာ့လက်ရေး) ဧပြီ ၂၆၊ ၂၀၂၀
ကိုဗစ်ကာလမှာ လူတွေ စတေးဟုမ်းနေကြရတာများတော့ စာပေဓာတ်ခံရှိတဲ့လူတော်တော်များများ အရင်က မဖတ်ဖြစ်ဘဲနေခဲ့တာလေးတွေ ဖတ်လာကြ၊ အရင်ကမပြောဖြစ် မရေးဖြစ်တာလေးတွေ ရေးလာကြနဲ့ ကျနော်တို့လို အွန်လိုင်းမီဒီယာသမားတွေဆီ စာမူတွေ ဟိုကဒီက ရောက်လာတော့ အရင်ထက် ပိုစည်ပင်လာတယ်လို့ခံစားမိ ပျော်ရွှင်မိပါတယ်။

အဲဒါတွေထဲကနေ စာဖတ်သူများဆီရောက်စေချင်တဲ့သတင်းစကားတွေ၊ စာတွေ၊ ရသဖန်တီးမှုတွေကိုကျနော်တို့က ကိုယ့်အချိန်လေးတွေဖဲ့ပေးရင်း(ကျနော်ကတော့ အဘိုးကြီးဖြစ်တာရယ်၊ နည်းပညာပိုင်း အားနည်း ချက်ကြီးလွန်းတာရယ်နဲ့ သူများ ၁ နာရီကို ကိုယ်က ၄-၅ နာရီလောက် တိုင်ပတ်လုပ်နေရတတ်ပါတယ်။ ကိုယ့်ထက်အားနည်း ပြီး စာတောင်မှ ဘယ်လိုရိုက်ရမှန်းမသိတဲ့ ကိုယ့်သက်တမ်းဝန်းကျင်ရှိတဲ့ ဆရာများ၊ ရေးဖော်ရေးဖက်များရဲ့ ဂျေပက် (ဓာတ်ပုံရိုက်ပို့တဲ့စာများ) ကိုလဲ အော် သူလဲ ရေးပါစေ ပြောပါစေဟ ဆိုတဲ့စာနာစိတ်နဲ့ စာပါ ရိုက်ပေး စီပေးရတာတွေလဲရှိတော့ အဲဒီလိုအခါမျိုးမှာ အချိန်အတော်ကို တော် တော်ပေးရတာပါ။) ကိုယ့်မီဒီယာလေးတွေကနေ တင်ပေးနေပါတယ်။

ခုလဲ မိုးလင်းတာနဲ့ကိုယ်ဖတ်သင့်တာလေးဖတ်၊ မူရင်းစာရေးသူဆီ အကြောင်းအကျိုးလှမ်းပြောစရာရှိတာလေးလှမ်းပြော၊ အသိပေးသင့်တာလေး အသိပေး(စာမူယူသုံးပါရစေဆိုတာမျိုး) ပြီးတော့ မတတ်တတတ်နဲ့ လိုင်းပေါ်တင်။ စာဖတ်သူဆီရောက်လောက်တာ သေချာပြီ(လိုင်းပေါ်တကယ်တက်သွားပြီ) ဆိုတာနဲ့ စာရေးသူထဲ လှမ်းပြီး Link ပေးရ၊ လိုအပ်ရင် သူ့ Wall ပေါ် သွားတင်ပေးရတာလုပ်နဲ့ မနက်ပိုင်း တပိုင်းလုံးဟာ လူတွေပြောပြောနေတဲ့ ပရိဟတလားဘာလား လုပ်ဖြစ်ပါတယ်။

မှတ်မှတ်ရရ ဒီအလုပ်တွေကို တယောက်ထဲအနေနဲ့ ၂၀၀၇ -၂၀၁၁ ခုနှစ်များထိ နယ်စပ်ဒုက္ခသည်စခန်းမှာထဲက ကိုယ့်အိတ်ကပ်လေးထဲက ငွေလေးစိုက်ထုတ်ပြီး လုပ်ခဲ့ပါတယ်။
ခုလဲ တတိယနိုင်ငံရောက်ပြန်တော့ ဒီအလုပ်တွေကို စဉ်ဆက်မပြတ်လုပ်နေဆဲပါပဲ။

တချို့ကပြောကြတယ်။ ဝါသနာတယ်ကြီးတာကိုးတဲ့။ အဲဒီလိုကြားတိုင်း အောင့်သက်သက်နဲ့ နေခဲ့ရတာချည်းပါပဲ။

ဝါသနာမဟုတ်ပါ။ ကျနော့်ဝါသနာက ဘော်လုံးကစားခြင်းနဲ့ အရုပ်လေးတွေဆွဲခြင်းပါ။ စာဖတ်ခြင်းပါ။ မီဒီယာတခုခုလုပ်မယ်ဆိုတဲ့ဝါသနာမရှိခဲ့ပါ။ ဝါသနာဆိုတာက မွေးရာပါချင်ပါ မပါရင် ခပ်ငယ်ငယ်က စွဲမြဲလုပ်လာခဲ့တဲ့ဟာကိုပြောတယ်ပဲ ထင်မှတ်ပါတယ်။ မီဒီယာဆိုတာက ငယ်ငယ်ဘဝမှာ သိမှမသိ နားမှမလည်ခဲ့ပဲ။ ပြီးတော့ ခုလို ဖုန်းလေးတလုံးနဲ့ လူတိုင်း ကိုယ်ရေးကိုယ်တာကအစ အာကာသထဲလွန်းပျံယာဉ်လွှတ်တာမျိုးထိ လုပ်လာနိုင်ကြတာမျိုးတွေ ကိုယ်တွေငယ်ငယ်တုန်းကမှ မရှိသေးဘဲ။

ကျနော်ကတော့ အခုလုပ်နေတာဟာ တစုံတရာကိုမျှော်လင့်ချက် ရည် မှန်းချက်ထားပြီး အလုပ်တခုလို ယုံယုံကြည်ကြည်နဲ့ ဇောက်ချလုပ်နေတာပါ။ ဝါသနာလောက်နဲ့ကတော့ ဒီလို ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်သွားတဲ့အထိ လုပ်မနေနိုင်ပါဘူး။ ဥပမာ ကျနော်သိပ်ခရေဇီတဲ့ ဘော်လုံးကစားခြင်းဆိုပါတော့ (အသက် ၅၅ ထိ လက်ဖက်ရည်တိုက်ကြေးတွေဘာတွေ ကစားခဲ့ပါတယ်။ တခါတလေ မနက်တပွဲ ညနေတပွဲလောက်တောင်ကစားပါတယ်။ ခါးရိုးထဲအာရုံကြောညှပ်နေတာမသိဘဲ နာလေ ဖိကစားလေအချိန်တွေပေါ့) ။ အသက် တော် တော်ကြီးတဲ့အထိ အဲဒီလိုဘော်လုံးကစားခြင်းအပေါ် အရူးအမူးစွဲလန်းခဲ့ပေမယ့် အခု ဝေဒနာက အသာစီးရလာချိန် အသက်ကလဲ ၆၀ ကျော်လာချိန်မှာဝါသနာကို တော်ရာနေရာလေး ထားလိုက်ရတာပါပဲ။ (ဒါတောင် အိမ်ထဲမှာ ဘောလုံး ဆိုဒ်စုံ ၃ မျိုးလောက်ထားပြီး မကြာမကြာ တို့ထိနေမိပါသေးတယ်)

ဆိုတော့ ပြောလိုရင်းက အခုလုပ်နေတဲ့ မီဒီယာအလုပ်တွေကို ဝါသနာနဲ့လုပ်တာမျှမဟုတ်၊ ယုံကြည်ချက် မျှော်မှန်းမှုတစုံတရာရှိလို့လုပ်နေတာလို့ပဲ ကိုယ့်ကိုယ်ခံယူထားပါတယ်။

တချို့က ထင်ပေါ်ချင်လို့လုပ်တာလား မေးချင်ပုံပါပဲ။ မဟုတ်ပါ။ ကျနော်လုပ်နေတဲ့ မီဒီယာတွေပေါ်မှာ ကျနော့် ကိုယ်ရေးကိုယ်တာအတွက် အမြတ်မထုတ်ဖူးပါ။

ကျနော်တို့ခပ်ငယ်ငယ်က ကိုယ်တွေပိုင်တယ်လို့ဆိုနိုင်တဲ့ ကိုယ်ပိုင်မဂ္ဂဇင်းတစောင်ရှိဖူးပါတယ်၊ စာပေသမား အများသိကြပါတယ်။ အိပ်မက်ဖူးပါ။ ကျနော်တခါမှ ဝင်မရေးပါ။ ကျနော့်သဘောထားက ကျနော့်ထက်ပိုပြီးတော်တဲ့ကလောင်တချောင်းရဲ့စာမျက်နှာကို ကျနော်က လုယူမိသလိုဖြစ်နေမလားဆိုတဲ့ စိတ်နဲ့ ဝင်မရေးတာပါ။ ( ကိုယ်ကလဲ ခပ်ထုံထုံညံ့ညံ့ဆိုတော့) အမြဲပဲ ကိုယ့်ထက်သာတဲ့လူတွေကို တွေ့တွေ့နေရတော့ ဝင်မရေးဖြစ်တော့ပါ။
ဒီလိုပါပဲ ကိုယ့်မဂ္ဂဇင်းမရှိတော့လို့ သူများတွေဆီ သွားကူ သွားဝိုင်းရတဲ့အခါများမှာလဲ ကျနော့်တမျက်နှာ (သို့) ကျနော့်တနေရာစာအတွက် ကျနော် နေရာမဦးဘူးပါ။ တာဝန်ခံများက ထည့်ပေးမှသာ ပါကောင်းပါလာမှာပါ။

အခု ကျနော်လုပ်ခဲ့၊ လုပ်ဆဲ မီဒီယာများမှာလဲ ကျနော့်အတွက် နေရာဝင်ယူလေ့မရှိပါ။ တာဝန်ခံများ ယူတင်ခံရမှသာ ကျနော်လဲ အများနည်းတူ ကြည်နူးမှုရ ရတာမျိုးပါ။

ဘာပဲပြောပြော ငွေလဲမရ၊ အနုပညာအရလဲ ခမ်းနားထည်ဝါမှုမသေချာလှပေမယ့် ဒါတွေလုပ်နေလို့ကျနော် မညှိုးငယ်သွားပါ။ စိတ်ပျက်မသွားပါ။ ကျနော်ဖတ်မိသတိထားဖြစ်သွားပြီး အလေးအမြတ်ပြုကာ ပခုံးထမ်းစင်ပေါ်တင်ထားပေးမိရာက ထင်းထင်းမြည်လာပီလာသော ကလောင်တွေကိုမြင်ရတိုင်း ကြည်နူးမှုအလွန်အမင်းဖြစ်မိတတ်သူပါ။

ဒီအလုပ်အပေါ် ဇွဲခတ်လွန်း၊ အစွဲကြီးလွန်း၊ လောဘကြီးလွန်းလို့ အပြိုင်လုပ်ရင်း ကျန်းမာရေး(ကိုယ်၊ စိတ်) ထိခိုက်သွားရချိန်များမှာတော့ ခြေကုန် လက်ပန်းကျသူ တာဝေးသမားတယောက်လို စည်းအပြင် ထွက်ပစ်ချင်တာမျိုးတွေ ပေါခဲ့တာလဲအမှန်ပါ။

ဒါပေမဲ့ ထွက်မိလဲခဏပါ။ ကျနော်တို့နေရာကနေ ဘယ်လိုမှ မသိလိုက်ဘာသာနေလို့မရမယ့်အရေးမျိုးကြုံလာပါက အသက် ၆၀ ကျော်အဘိုးကြီးဘဝပေမယ့် လက်ပျင်းတွဲကျနေတဲ့လက်မောင်းသားကိုပင့်တင်ပြီး လက်ပန်းပေါင်း (လက်ခမောင်း) ခတ်မိသည်ချည်းပါ။

တဆက်ထဲ ငါကျန်းမာမှဖြစ်မှဟ ဆိုတဲ့စိတ်ကလေးနဲ့ နံရံမှာ ချိတ်ထားတဲ့တုတ်ကောက်လေးကိုဖြုတ်ကာ လမ်းလျှောက်လေ့ကျင်းခန်း လုပ်ရပါသေးတယ်။
ခုလဲ လမ်းလျှောက်ထွက်ပါအုံးမယ်။
ကပ်ဘေးကနေ ဘေးကပ်ပြီးဖြစ်ဖြစ် လျှောက်ရပေအုံးမယ်ခင်ဗျား
-
ခင်လွန်း
ဧပြီ ၂၃၊ ၂၀၂၀