အောင်ဝေး - ေ၀လင်းအောင် အဖမ်းခံရတဲ့နေ့က
အောင်ဝေး - ေ၀လင်းအောင် အဖမ်းခံရတဲ့နေ့က
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၁
ဘယ်အထိတိုက်မှာလဲ
အဆုံးအထိတိုက်မယ်။
ဝေလင်းအောင်အဖမ်းခံရတဲ့နေ့က
ငါ တစ်နေ့လုံး
နှလုံးသားအပြင်ဘက်ကိုထွက်ခဲ့တယ်။
အိမ်ကမထွက်ခင်
မိုးလေသဝအခြေအနေကြည့်တယ်။
အပူချိန်- ၃၄ ဒီဂရီ (ဖာရင်ဟိုက်)
တိမ်တစ်ဝက်တစ်ပျက်
လေတိုက်နှုန်း- တောင်/မြောက် (၁၅) မိုင်။
အိုကေ
ငါ့စိတ်နဲ့ငါ့ကိုယ်ကို မီးဖိုပြီး
ဘတ်စကားမှတ်တိုင်ဘက်ထွက်ခဲ့။
ဒီဇင်ဘာနေ့လည်ခင်းမှာ
မကြင်နာတဲ့နှင်းတွေ မရှိဘူး။
ငါနေတာက
လန်စင်းဆိုတဲ့မြိုံရဲ့တောင်ပိုင်း။
အများအားဖြင်း တောင်ပိုင်းတွေဟာ
အမေရိကန်လူမည်းတွေများတဲ့အရပ်။
မှတ်တိုင်မှာ ကားရပ်စောင့်နေတုန်း
အဘိုးကြီးတစ်ယောက်
(အမေရိကန်လူမည်းပါပဲ)
ငါ့ကိုနှုတ်ဆက်တယ်၊ မေးတယ်
"ဘယ်အထိသွားမှာလဲ"
ငါက "အဆုံးထိတိုက်မယ်" လို့
ဖြေလိုက်တော့
သူထပ်မေးပြန်ရော
"ဘယ်အထိသွားမှာလဲ" တဲ့။
"ဗျာ.. အဆုံးထိသွားမယ်"
အဲဒီတော့မှ သူ့မျက်လုံးတွေပြုံးသွားကြရဲ့။
သူ့နှုတ်ခမ်းထော်ထော်ကြီးတွန့်ကွေးနေမလား
မသိနိုင်ဘူး
နှာခေါင်းစည်းတပ်ထားတာကိုး။
ဒီပြည်နယ်မှာ
(မစ်ရှီဂန်ပြည်နယ်)
ဘတ်စကားစီးရင်
နှာခေါင်းစည်းတပ်ရတုန်း။
"No mask, no ride." တဲ့
ရှင်းတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးမ (ဒီမိုကရက်) က
ပြတ်တယ်။
ငါလည်း
သူ့အုပ်ချုပ်မှုအောက်နေရတာပဲ။
ဘိုင်ဒင်ကြီး ဖက်ဒရယ်အစိုးရထက်
ကိုယ့်ပြည်နယ်အစိုးရက ပိုခန့်ညားရ။
နီးရာဓားကြောက်ရတာပ
နှာခေါင်းစည်းတပ်ဆို
တပ်ရတာပ။
ဟော ဘတ်စ်ကားလာပြီ
ဝေဘာလီလမ်းပေါ်မှာ
နံပါတ် (၉) ဘတ်စကားလာပေါ့။
မှတ်တိုင်ကလူတွေ
တန်းစီပြီးကားပေါ်တက်ကြတယ်။
ဆယ့်ရှစ်ဒေါ်လာပေးရတဲ့
တစ်လသုံးကားလက်မှတ်
(ဒါ ၆၂ နှစ်နဲ့အထက် လူကြီးလက်မှတ်
၆၂ အောက်ဆိုရင် ၃၅ ဒေါ်လာ)
အဲဒီကားလက်မှတ်
ငါ စက်ထဲထည့်ဆွဲလိုက်။
စက်ကခွင့်ပြုတော့မှ
ငါ ကားထဲဝင်ထိုင်ရတယ်။
ဒရိုင်ဘာကကြည့်နေရုံပဲ
ဘာစကားမှမပြောဘူး။
ကားက
ဂျော်လီလမ်းဘက်ကွေ့တယ်။
မှတ်တိုင်တချို့မှာ
လူတင်လူချလုပ်ရဲ့။
အမေရိကန်လူနေမှုကရှင်းတယ်
ကိုယ်ပိုင်ကားစီးနိုင်ရင်စီး
မစီးနိုင်ရင်ဘတ်စ်ကားပဲ။
လိုရင်းက
အချိန်နဲ့အရွေ့ပဲ
ခရီးနဲ့ပန်းတိုင်ပဲ။
အရွေ့မရှိရင် အလုပ်မဖြစ်ဘူးလို့
ရူပဗေဒမှာဆိုတယ်။
အလုပ်ဖြစ်ဖို့က
လက်နက်ကိုင်တိုက်တိုက်
CDM လုပ်လုပ်
လမ်းပေါ်ထွက်ဆန္ဒပြပြ
ပန်းတိုင်က
နွေဦးတော်လှန်ရေးအောင်ဖို့ပဲ။
ခရီးကမဝေးတော့ဘူး
သွေးစည်းကြ၊ ညီညွတ်ကြ၊ တိုက်ပွဲဝင်ကြ။
မြန်မာ့နွေဦးဆိုတာ
အထီးကျန်နွေဦးမဟုတ်ဘူး။
မြန်မာ့နွေဦးဆိုတာ
ရန်/ငါပြတ်တဲ့ တပ်ပေါင်းစုနွေဦး။
အရေးကြီးတာက
ဘုံရန်သူကို အရင်ဖယ်ရှားပစ်ရမယ်။
စစ်အာဏာရှင်စနစ်ဟာ
ဘုံရန်သူပဲ။
စစ်အာဏာရှင်စနစ်အမြစ်မပြတ်သရွေ့
ဖက်ဒရယ်စနစ်ဖြစ်မလာနိုင်ဘူး။
ဘုံရန်သူကိုအရင်တိုက်
အောင်ပွဲခံဖို့အကြောင်းအရင်မပြောနဲ့။
စစ်ကိုနိုင်အောင်အရင်တိုက်ပါ
စစ်ပွဲနိုင်ပြီးရင် ဖက်ဒရယ်ကိစ္စလည်းပြီးပြီ။
သတိထားဖို့က
ဘယ်ကိုသွားနေတာလဲ
ဘယ်လိုသွားကြမှာလဲ
ဒါပဲမဟုတ်လား။
ငါ အခုသွားနေတာ
နံပါတ် (၉) ဘတ်စ်ကားနဲ့
ဒေါင်းတောင်းက စာတိုက်ကြီးဆီကိုပဲ။
ကားက
မာတင်လူသာကင်းလမ်းမကြီးအတိုင်း။
လမ်းဘေးက ရောင်စုံသစ်ရွက်ကြွေရှုခင်း
ကားမှန်ပြတင်းပေါက်ကနေဖြတ်သန်းလာခဲ့။
ဂရင်းမြစ်ပေါ်ကတံတားကြီးကိုကျော်တော့
မြစ်ရေထဲငေးပြီး
စိတ်ထဲက အကျယ်ကြီးအော်မိတယ်။
"အရေးတော်ပုံ
အောင်ကိုအောင်ရမယ်"
လူက အမေရိကန်ဟေမန္တမှာ
စိတ်က မြန်မာ့နွေဦးမှာပေါ့။
မြို့လယ်ကောင်စာတိုက်ကြီးမှတ်တိုင်မှာ
ကားရပ်ပြီ။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ဒရိုင်ဘာကြီးကိုလက်ပြနှုတ်ဆက်ပြီး
ငါဆင်းလိုက်တယ်။
ဒီနေ့
ငါ့ရဲ့နွေဦးတော်လှန်ရေးကဗျာ ၁၀၀ ပထမအုပ်
"ဒေဝဒတ်ရဲ့ပစ္စတို"
နှစ်အုပ်လက်ဆောင်ပို့ရမယ်။
တစ်အုပ်က ဝါရှင်တန်ပြည်နယ်ကို
တစ်အုပ်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို။
ငါပို့တာ ပစ္စတိုနှစ်လက်
ငါ့ရဲဘော်တွေဆီ
ပစ္စတိုနှစ်လက် ငါပို့လိုက်တာပါ။
သူတို့
နွေဦးတော်လှန်ရေး စစ်ခွေးတွေရန်ကနေ
အသက်ဘေးလုပြီးပြေးလာခဲ့ကြရတယ်။
ငါ (တို့) လိုပဲ သူတို့လည်း
အမေရိကမှာ ပြည်ပြေး
ဘဝကို ဒီမိုကရေစီနဲ့လဲရတာပါ။
ဟိုးက မိုင် ၉,၀၀၀ မှာ
မြန်မာပြည်နွေဦးမှာ
ဘဝကို သေနတ်နဲ့လဲလိုက်ရတဲ့
ငါ့ပြည်သူတွေ။
ဘဝကို နရသိန်အခန်းကျဉ်းနဲ့လဲလိုက်ရတဲ့
ငါ့ပြည်သူတွေ။
ဘဝကို အုတ်ဂူနဲ့လဲလိုက်ရတဲ့
ငါ့ပြည်သူတွေ။
များလွန်းတယ်ကွာ
ငါတို့ပေးဆပ်လိုက်ရတာတွေ
များလွန်းလှချည်ရဲ့။
ငါငေးနေမိတာကြာတော့
စာတိုက်စာရေးမကမေးတယ်
"တစ်စုံတစ်ရာများ အမှားရှိသလားရှင်" တဲ့။
ငါ ခရက်ဒစ်ကဒ်ကလေး
စက်ထဲထည့်ပြီး စာအုပ်ပို့ခပေးလိုက်တယ်။
စုစုပေါင်း (၁၇) ဒေါ်လာနဲ့ စင့် (၂၀) ကျရဲ့။
ငါ့စာအုပ်က မိုးမခမီဒီယာကထုတ်တာ
နွေဦးတော်လှန်ရေးရန်ပုံငွေ
တစ်အုပ်ဒေါ်လာ (၄၀)။
တောင်ကိုရီးယားကိုပို့တာ
ပို့ခ (၂၈) ဒေါ်လာနဲ့ (၂၅) စင့်။
ဖင်လန်ကိုပို့တာ
ပို့ခ (၂၈) ဒေါ်လာနဲ့ (၂၅) စင့်။
တကယ်တော့
စာပို့ခ ငါပေးတာမဟုတ်ပါဘူး
ခရက်ဒစ်ကဒ်ကလေးကပေးတာပါ။
ငါ့မှာပိုက်ဆံမရှိပါဘူး
ခရက်ဒစ်ကဒ်ကလေးမှာပဲရှိတာပါ။
အမေရိကန်လူနေမှုစနစ်မှာ
လူက သုညပဲ။
တစ်ရံတစ်ခါ
ပိုက်ဆံမမြင်ရတဲ့နေ့တွေလည်းရှိ
တစ်ခါတစ်ရံ
ပိုက်ဆံမကိုင်ရတဲ့ညတွေလည်းရှိ။
ဘဏ်စာရင်းလေးတစ်ခုနဲ့
အကြွေးဝယ်ကဒ်ကလေးတစ်ခုက
လူ့ဘဝအဓိပ္ပာယ်လား။
မစိုးရိမ်ပါနဲ့မိတ်ဆွေတို့
အောင်ဝေးမှာ အကြွေးမရှိပါဘူး။
အကြွေးဆိုလို့ ငါ့မှာရှိတာ
နယူးယောက်က ဘရွတ်ကလင်းတံတားကြီးပေါ်
လမ်းမလျှောက်ဖြစ်သေးတာ
မစ္စစ္စပီမြစ်ကြီးကို ကိုယ်တိုင်သွားမဖူးနိုင်သေးတာ
လာ့စ်ဗီးဂတ်စ်မြို့က ဆရာမောင်သာရအုတ်ဂူမှာ
လွမ်းသူပန်းခွေမချရသေးတာ
ဒီအကြွေးတွေတော့ ကျေအောင်ငါဆပ်ရမကွဲ့။
ဒီနိုင်ငံမှာ
အလုပ်ဟူသမျှ ဂုဏ်ရှိစွပဲ
ငါက အခု အလုပ်မရှိတော့
ဂုဏ်မရှိသူပေါ့။
ငါ (၁၂) နှစ်လုပ်ခဲ့တဲ့အလုပ်တွေက
ငါ့ကိုပြန်ကျွေးကြပေါ့
လူက အငြိမ်းစား။
ဒါပေမဲ့ ကဗျာဆရာအဖြစ်ကတော့
အငြိမ်းစားယူလို့မရ။
စာတိုက်ကြီးကကိစ္စပြီးတော့
ဒေါင်းတောင်းက ကာတာဆိုတဲ့ကားဂိတ်ကြီးဆီ
ငါ လမ်းလျှောက်လာတယ်။
ဝေလင်းအောင် ဘာ့ကြောင့်အဖမ်းခံရတာလဲ
ငါ့စိတ်ထဲ ငါမေးရင်းနဲ့
ဝါရှင်တန်စကွဲယားလမ်းကိုဖြတ်ကူး။
လွတ်မြောက်နယ်မြေထဲ ခွေးဝင်ဆွဲခံရတာ
ငါ ဘယ်လိုမှမခံစားနိုင်ဘူး
ကာလာမာဇူးလမ်းကိုထပ်ကူး
ရင်နာလို့မဆုံးဘူး။
ကားဂိတ်ကြီးထဲရောက်တော့
ခုံတန်းတစ်ခုမှာ ငါပစ်ဝင်ထိုင်လိုက်တယ်။
လူတိုင်းက
နှာခေါင်းစည်းတွေနဲ့ချည်းဆိုတော့
ဘာမှ အရသာမရှိပါဘူး။
ငါ့ကိုလည်း တခြားသူတွေက
အရသာရှိမှာမဟုတ်ပေဘူး။
တကယ်က
ငါ့အရသာက ကဗျာပါ။
ဒီလူတွေမသိကြလို့သာပါ
ငါ့ရဲ့
"ဟိုတယ်နရသိန်" ဆိုတဲ့
နွေဦးတော်လှန်ရေးကဗျာ ၁၀၀ ဒုတိယအုပ်
ဆန်ဖရန်စစ္စကိုကထုတ်ဝေသူဆီ
ပို့လိုက်ပြီဆိုတာ
သူတို့မသိကြသေးလို့ပါ။
အဲဒီအမေရိကန်တွေ
အိုဘားမားက အိုစမာဘင်လာဒင်ကိုရှင်းလိုက်သလို
ဘိုင်ဒင်က မအလကိုရှင်းပစ်လိုက်ရင်ကောင်းမှာပဲ
၆၇ နှစ်အရွယ်မြန်မာအဘိုးအိုဟာ
၆ နှစ် ၇ လသား ကလေးတစ်ယောက်လိုတွေးနေတုန်း။
ငါစီးရမဲ့ နံပါတ် (၅) ဘတ်စ်ကားက
စက်နှိုးနေပြီ။
ကားပေါ်တက်လာတဲ့ငါ့ကို
ငါတို့ဆီကအဆိုတော်ချစ်ကောင်းနဲ့တူတဲ့
ဒရိုင်ဘာကြီးက မျက်လုံးနဲ့ပြုံးပြတယ်။
သူ့မျက်လုံးထဲမှာ
သူ့ဘဝတစ်ခုလုံးဟာ
လုံခြံအေးချမ်းနေသလိုပဲ။
ငါ့မျက်လုံးတွေကို ငါပြန်ကြည့်ရင်
သူ့လို လုံခြံအေးချမ်းနေပါ့မလား။
အမေရိကမှာလည်း
ငါတို့ဟာ မလုံခြံပါဘူးကွယ်
မအလစစ်ခွေးတွေက လက်တံရှည်တယ်။
အမေရိကမှာလည်း
ငါးထောင် (၅,၀၀၀) စားတွေရှိပါရဲ့။
နယူးယောက်မြို့က
ငါတို့သံအမတ်ကြီးကိုလုပ်ကြံဖို့
အခုအဖမ်းခံထားရတဲ့မြန်မာလူမျိုးတရားခံဟာ
မအလပွဲစားထံက
၅,၀၀၀ (ဒေါ်လာ) ရပါသတဲ့။
ငါ လုံခြုံအောင်နေမယ်
လုံနေတဲ့လိပ်ပြာကို ပိုပြီးလုံခြုံအောင်နေမယ်။
ငါစီးလာတဲ့ကားက
စီဒါလမ်းကနေ မီလာလမ်းဘက်ကိုကွေ့လိုက်ပြီ။
မှတ်တိုင်မှာ ငါ့ကိုချပေးပြီး
ဘတ်စကားကြီးဆက်ထွက်သွားပေါ့။
မီလာလမ်းက
ဥတ္တရသင်္ချိုင်းလေးဘေးကနေ
ငါလျှောက်လာတယ်။
ရှေ့က ပင်ဆယ်ဗေးနီးယားလမ်းမှာ
ချေ့စ်ဆိုတဲ့ဘဏ်ရှိတယ်။
အဲဒီကို
မိသားစုဘဏ်စာရင်းထဲ
ငါ့မိန်းမပိုက်ဆံထည့်ဖို့ငါသွားမယ်။
သင်္ချိုင်းကလေးက
တိတ်ဆိတ်အေးချမ်းစိမ်းမြလို့။
လူဟာသေသွားရင်
ဘယ်တော့မှသစ္စာမဖောက်တော့ဘူးတဲ့။
မသေခင်သာ သစ္စာဖောက်ကြတာပါ
ဥပမာ- စိုးကြီး။
အခုခေတ်မှာတော့
စိုးကြီး၊ စိုးလေးတွေ များလှချည်ရဲ့။
လေပြေစိုးမိုးတို့
ဝေယံဖြိုးမိုးတို့
လှိုင်းညီတို့
ဝေမိုးနိုင်တို့
အကျဉ်းထောင်တွေထဲကရဲဘော်တို့ရေ
မင်းတို့အပေါ်
ငါဘယ်တော့မှသစ္စာမဖောက်ပါဘူး။
၆၂ ကစရင်
ကျောင်းသားသမိုင်းရေစီးကြောင်းဟာ
မောင်းပြန်မကိုင်ခင်ကတည်းက
ဒေါင်းအလံတလူလူနဲ့ပါ။
ငါလည်းကွာ
အသက်ကိုသေမင်းဆီမှာအပေါင်ထားပြီး
နေဝင်းကိုတိုက်ခဲ့တဲ့ ၇၄-၇၅-၇၆ မျိုးဆက်ပါ။
ချေ့စ်ဘဏ်ကပြန်လာတော့
ပင်ဆယ်ဗေးနီးယားလမ်းပေါ်ကပဲ
မိုင်ယာရှော့ပင်းမောလ်က ဆေးဆိုင်မှာ
မိန်းမအတွက် ဆေးသွားထုတ်ပေးရဦးမယ်။
ဒီနိုင်ငံမှာ လေဟာလွတ်လပ်နေသလို
လူဟာလွတ်လပ်နေတယ်။
လူစိတ်ရှိတဲ့လူတွေများလို့
ဒီတိုင်းပြည်ဟာ ပျော်ရွှင်တက်ကြွနေတယ်။
မနေ့တစ်နေ့က
လေဆင်နှာမောင်းမွှေလို့
ကင်တပ်ကီပြည်နယ်သားတွေဒုက္ခရောက်တော့
လူစိတ်ရှိတဲ့အမေရိကန်စစ်သားတွေ
သွားကူညီနေကြတာ
ရုပ်သံသတင်းမှာတွေ့လိုက်ကြမယ်။
သြော် ငါတို့မြန်မာပြည်မှာ
လူစိတ်မရှိတဲ့စစ်သားတွေများနေလို့
တိုင်းပြည်ပျက်စီးနေတာပါလား။
တချို့စစ်သားအနည်းအပါးကတော့
လူစိတ်ရှိကြမယ်
ငါဝန်ခံပါတယ်။
စစ်တပ်ကြီးတစ်ခုလုံး
စစ်သားတွေလူစိတ်ရှိလာအောင်
ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။
ရှော့ပင်းမောလ်ထဲ မဝင်သေးပဲ
အပြင်မှာရပ်ပြီး အကြာကြီးငါစဉ်းစား။
တစ်နာရီ (၁၅) မိုင်လေက
ငါ့အတွေးပင်လယ်ပေါ်မှာ တသုန်သုန်ပေါ့။
ကင်တပ်ကီမှာတိုက်တဲ့လေဆင်နှာမောင်းက
တစ်နာရီ (၁၅၅) မိုင်နှုန်းတဲ့။
ငါသိပြီ
လူစိတ်ဆိုတာဘာလဲ
ငါကောင်းကောင်းသိလိုက်ပြီ။
လူစိတ်ဆိုတာ
၁၅ မိုင်ထဲကလူက
၁၅၅ မိုင်ထဲကလူတွေအပေါ်
ကိုယ်ချင်းစာနာမှုတရားပဲ။
မြန်မာပြည်ကစစ်တပ်ကြီး
လူစိတ်ရှိလာအောင်
နည်းလမ်းနှစ်လမ်း
ငါ အကြမ်းစဉ်းစားမိတယ်။
ပထမတစ်လမ်းက
လူစိတ်မရှိတဲ့စစ်သားမှန်သမျှအကုန်သတ်
ဒါမှ လူစိတ်ရှိတဲ့စစ်သားကျန်ခဲ့
စစ်တပ်ဟာ လူစိတ်ရှိတဲ့စစ်တပ်ဖြစ်လာမယ်။
ဒုတိယတစ်လမ်းက
စစ်သားတွေကို
ကိုယ်ချင်းစာနာမှုအကြောင်းသင်ကြား။
ဘယ်လမ်းကကောင်းမလဲ
ငါစဉ်းစားရင်းနဲ့
ရှော့ပင်းမောလ်ထဲဝင်လိုက်တယ်
ဝေလင်းအောင်အဖမ်းခံရတဲ့နေ့ကပေါ့။ ။
အောင်ဝေး
(ဒီဇင်ဘာ ၁၆၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar