မောင်သာမည - သတင်းသမား၏ ဝတ္ထု
မောင်သာမည - သတင်းသမား၏ ဝတ္ထု
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၀
တစ်ခါက စာပေပွဲတော်တစ်ခုတွင် New Journalism သို့မဟုတ် Literary Journalism အကြောင်း တင်ပြဆွေးနွေးဖူးသည်။ သတင်းကို ရသမြောက်အောင် ရေးသားခြင်းအကြောင်း။ သတင်းတစ်ပုဒ်ကို ဝတ္ထုဖြစ်အောင်ဖန်တီးရသော စာရေးသူ၏ အားထုတ်မှုကို Truman Capote ၏ In Cold Blood စာအုပ်နှင့် ဥပမာပေးပြီး တင်ပြခဲ့ပါသည်။
In Cold Blood သည် လူသတ်မှုတစ်မှုအကြောင်းကို ရေးသားထားသည့် ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုကို ရေးရန်အတွက် စာရေးသူ ကာပို့တီသည် ၅ နှစ်ကြာအောင် သုတေသနလုပ်ခဲ့သည်။ သုတေသနတွေ့ရှိချက်များကို မှတ်စုထုတ်ထားသည်ပင် စာမျက်နှာ ရှစ်ထောင်ကျော်သဖြင့် စာရေးသူ၏ ကြိုးစားအားထုတ်မှုမှာ အံ့ဩရသည်။ “ အဓိကအားစိုက်ရတာက သုတေသနလုပ်ရတဲ့အပိုင်းပါ။ အဲဒီအပိုင်းပြီးသွားရင် ဝတ္ထုက ပြီးသလောက်ပဲ” ဟု သူက ပြောပါသည်။
ဇနီးဖြစ်သူ ယမင်းမြတ်အေး က ရှစ်လေးလုံးအကြောင်း ဝတ္ထုရေးချင်သည်ဟု ပြောသည့်အခါ ထရူးမင်းကာပို့တီ ၏ အဆိုပါမှတ်ချက်ကို ကျွန်တော်က ပြောပြလိုက်သည်။ သုတေသနလုပ်နိုင်မှ ဖြစ်မယ်၊ သုတေသနမလုပ်နိုင်ရင်တော့ Literary Journalism နဲ့ ဝေးဝေးပဲနေပါ ဟု အကြံပေးလိုက်ပြီး ၂၀၁၅ခုနှစ် စာပေနိုဘယ်ဆုရှင် စဗက်လာနာ ( Svetlana) ၏ စာအုပ်များအကြောင်းကိုလည်း ပြောဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံသူ စဗက်လာနာက သတင်းသမားတစ်ယောက်ဖြစ်ပါသည်။ သူ့စာအုပ်များမှာ တကယ့်ဖြစ်ရပ်များကို သုတေသနလုပ်ပြီး ရေးသားထားခြင်းဖြစ်သည်။ စာတစ်အုပ်ဖြစ်ဖို့အတွက် လူငါးရာကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရသည်ဟု ဆိုပါသည်။ သူ့စာအုပ်တွင်ပါဝင်သော အချက်အလက်များမှာ အလွန်စိတ်ဝင်စားစရာကောင်းသလို ယင်းအချက်အလက်များဖြင့် ရေးဖွဲ့ထားသည့်ဇာတ်ကြောင်းများကလည်း ရသမြောက်လှသည်။
Literary Journalism တွင် အချက်အလက်တင်ပြမှုနှင့် ရသဖန်တီးမှုတို့သည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီချိတ်ဆက်ထောက်ကူနေရန် လိုသည်။ အချက်အလက်တွေများလွန်းလျှင် ဟုံသွားမည်။ ရသတွေများလွန်းလျှင် အီသွားမည်။ အချိုးကျကျ ရေးနိုင်ရန်မှာ Literary Journalism ကို သုံးပြီး ဝတ္ထုရေးသူအတွက် အရေးကြီးသည်။
“ သုတေသနလုပ်နိုင်ပါတယ်။ အရင်စာအုပ်တုန်းကလည်း လုပ်ခဲ့တာပဲလေ”
ဇနီးသည်က ပြန်ပြောသည်။ သူ၏ပထမစာအုပ် “ အိပ်မက်ချိုချို ဘဝခါးခါး” မှာ လူကုန်ကူးမှုအကြောင်း ဖြစ်သည်။ သူက သတင်းသမားဖြစ်သည့်အတွက် သတင်းလိုက်ရခြင်း၊ သုတေသနလုပ်ရခြင်းကို အသားကျနေပြီ။ သို့သော် ရှစ်လေးလုံးအရေးတော်ပုံက အလွန်ကြီးကျယ်ခမ်းနားသောသမိုင်းဖြစ်ရပ်ကြီး။ အကိုင်အတွယ်မှား၍ မဖြစ်။
မည်သို့ဖြစ်စေ လေးနှစ်ခန့်ကြာသောအခါ သတင်းသမား၏ ဒုတိယမြောက်ဝတ္ထုသည် စာအုပ်အဖြစ်သို့ရောက်လာပါသည်။ စာမျက်နှာ ၄၀၀ နီးပါး။
ကိုဗစ်၁၉ကပ်ရောဂါကြီးဖြစ်နေစဉ် အစိုးရက နေအိမ်အပြင်မထွက်ရေးအမိန့်ကို ထုတ်လိုက်သည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ပုံနှိပ်တိုက်က စာအုပ်များကို လာပို့ပေးသည်။
သူက “ အမှန်တရား၏ ဒဏ်ခတ်မှုက အခုထက်ထိ မကုန်သေးဘူးနော်” ဟုပြောသောကြောင့် ရယ်ရသေးသည်။
“ အမှန်တရား၏ဒဏ်ခတ်မှု၌ ပျော်မွေ့တတ်သော” စာအုပ်သည် အချက်အလက်ကို ရသဖန်တီးမှုဖြင့် ရက်ခြယ်ထားသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ အချက်အလက်ကဲပြီး ရသနည်းနေသလား၊ သို့မဟုတ် ရသကဲပြီး အချက်အလက်နည်းနေသလား၊ ထို့ပြင် သတင်းအချက်အလက်ထက်ပိုသော ရသတန်ဘိုး( Aesthetic Value) ပါဝင်ခြင်း ရှိ၊ မရှိဆိုသည်ကို စာဖတ်သူများကသာ ဆုံးဖြတ်ရပေလိမ့်မည်။
(မောင်သာမည၏ ပါစင်နယ်ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါသည်)