Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၀ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၂

◾️ စစ်ရှိန်မြင့်နေဉီးမယ့် ၂၀၂၂ ခုနှစ် 
၂၀၂၂ ခုနှစ်ကိုဝင်ရောက်လာတာ ခုဆိုရင် သီတင်းပတ်၃ပတ်တောင်ရှိလာနေပါပြီ။ တိုက်ပွဲတွေ၊ စစ်ဘေးရှောင်အရေအတွက်တိုးမြင့်လာနေတာတွေ၊ လက်နက်နဲ့ထိမှန်သေဆုံးရတဲ့ သတင်းတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းတွေ၊ ရိက္ခာလမ်းကြောင်းဖြတ်တောက်မှုတွေ၊ နယ်ခြားကို ဖြတ်ပြီး တဖက်နိုင်ငံကို ထွက်ပြေးရတဲ့ဒုက္ခသည်တွေ‌ အကြောင်းအရာတွေသာ သတင်းတွေထဲ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေကတော့ ကယားပြည်နယ်လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က မြို့တွေရွာတွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆိုစတဲ့ဒေသတွေ၊ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်နဲ့ ကလေးမြို့အနီးဝန်းကျင်တဝိုက်၊ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ရေဉီး၊ ခင်ဉီး၊ ဝက်လက် စတဲ့မြို့နယ်တွေ၊ ကရင်ပြည်နယ် မြဝတီ၊ လှိုင်းဘွဲမြို့နယ်တွေ မွန်ပြည်နယ်က သထုံမြို့နယ်၊ တနင်္သာရီတိုင်းမှာ ထားဝယ်တဝိုက် စတဲ့ဒေသတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ PDF တွေနဲ့တိုက်ပွဲတွေက တဖြည်းဖြည်းနဲ့ ပုံမှန်လိုဖြစ်လာနေတာ တွေ့ရပါတယ်။ မြို့ပြတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးလိုမြို့တွေမှာတော့ ပျောက်ကျား တိုက်ခိုက်မှု အလစ်အငိုက်တိုက်ခိုက်မှု ဗုံးခွဲတိုက်ခိုက်မှုတွေက ကြိုကြားကြိုကြားဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ဇေယျာသော်နဲ့ ဆက်စပ်တဲ့သူတွေ အများအပြားဖမ်းဆီးခံရပြီးနောက် လှုပ်ရှားမှုကျဲသွားတာလည်း သတိထားမိပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးလိုလူတွေကို လုပ်ကြံသတ်ဖြတ်တာတွေတော့ ဖြစ်ပွားနေဆဲဖြစ်ပေမယ့် ကင်းစခန်းတွေ စစ်ဆေးရေးနေရာတွေကို ပစ်ခတ်တိုက်ခိုက်တာ သိသိသာသာ နည်းပါးသွားတာ ဖြစ်ပါတယ်။ အလားတူ မန္တလေးမြို့မှာလည်း ရန်ကုန်လို တိုက်ခိုက်မှုတွေ သိသာစွာလျော့ကျသွားတာ သတိပြုမိပါတယ်။ 

မြို့ပြတိုက်ခိုက်မှုတွေလျော့ကျသွားပေမယ့် နယ်မြို့တွေ၊ ကျေးလက်ဒေသတွေမှာ တိုက်ခိုက်မှုအရှိန် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာတော့ ယခင်လတွေထက် တိုက်ပွဲဖြစ်ပွားမှု ပိုများပြားလာတာတွေ့ရပါတယ်။ လက်နက်အရေအတွက်ပိုမို ရရှိလာတာ၊ စစ်ကောင်စီရဲ့ ရက်စက်စွာနှိမ်နှင်းမှု၊ အရပ်သားတွေကိုပါ PDF တပ်ဖွဲ့ဝင်တွေ အဖြစ်သံသယနဲ့ သတ်ဖြတ်တာ၊ ကျေးရွာတွေကိုမီးရှို့တာ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို လူကြီးလူငယ်မခွဲခြားဘဲ၊ ကျားမမခွဲခြားပဲ စွပ်စွဲဖမ်းဆီးကာ သတ်ဖြတ်တဲ့အဖြစ်အပျက်တွေက ခုခံတိုက်ခိုက်ဖို့ လက်တုံ့ပြန်ဖို့ကို နှိုးဆော်သလိုဖြစ်စေခဲ့တယ်လို့ ကောက်ချက်ချရပါတယ်။ 

စစ်ကောင်စီအဖို့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုသေဆုံးမှုတွေ ရှိနေပြီး ပီဒီအက်နဲ့ အရပ်သားဒေသခံတွေဘက်ကလည်း သေဆုံးမှုတွေနနေ့စဉ်နဲ့အမျှ ရှိနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ၊ ခုခံတိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ကတော့ စစ်ဘေးရှောင်အရေအတွက် နေ့စဉ်နဲ့အမျှ၊ သီတင်းပတ်နဲ့အမျှ တိုးမြင့်လာနေတာဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ အခုလတွေမှာ တောက်လျောက်တိုးမြင့်လာနေတာ ဖြစ်ပြီး ယူအန်ရဲ့ ထုတ်ပြန်ချက်အရဆို သုံးသိန်းနှစ်သောင်းကျော်ရှိလာပြီဖြစ်ပါတယ်။ 

ယခုနှစ် ၂၀၂၂ နှစ်တနှစ်လုံး ယခင်နှစ်တွေလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဖြစ်နေကျထိတွေ့တိုက်ပွဲတွေထက် ဒေသအလိုက်ပေါ်လာတဲ့ ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား၊ ပီဒီအက်ဖ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းထားတဲ့ လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေက ဆက်လက်မြင့်တက်လာဖွယ်ရာသာ ခန့်မှန်းရပါတယ်။ စစ်ဘေးဒုက္ခသည်တွေ တိုးမြင့်လာမှာ၊ ရိက္ခာပြတ်တောက်မှုတွေ ဖြစ်ပွားလာမှာ၊ ကုန်ပစ္စည်းတွေ ပြတ်လတ်တာ ရှားပါးတာတွေ ဖြစ်ပွားလာမှာ အငတ် ဘေးအထိ မရောက်ရှိရင်တောင်မှ အဟာရချို့တဲ့မှုနဲ့ ဆေးဝါးကုသမှု မခံရတာကြောင့် အသက်မသေသင့်ပဲ အသက်ဆုံးရှုံးရမယ့် အခြေအနေတွေကြုံတွေ့လာရမယ့် အလားအလာအများကြီး မြင်တွေ့နေရလို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar