လှိုင်းအိမ် - လွန်ကျော်ဆီက အရောင်တောက်နေမည့်ဆေးသားများ
လှိုင်းအိမ်
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၀
(၁)
တချို့သောအမှတ်ရမှုတွေကို သီချင်းတွေထဲမှာ မြှပ်ထားကြောင်း၊ ပတ်ဝန်းကျင်မြင်ကွင်းထဲမှာသိမ်း ထားကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိလာချိန် အလွမ်းဟာခပ်နွေးနွေးနဲ့ လွန်ကျော်ဆီ ရောက်သွားခဲ့။ တက္ကသိုလ် ကျောင်းသားဘဝရဲ့အမှတ်ရမှုအဆစ်အပိုင်းတွေထဲမှာ လွန်ကျော်က ထင်ထင်ရှားရှားကြီး ပါရှိနေဆဲ။ လွန်ကျော်မှာ ရက်ပေါင်း (၇၂) ရက်နေခဲ့ရပြီး (၇၂) ရက်စလုံးရဲ့ နေ့စဉ်ဖြတ်သန်းမှုကို ကဗျာထဲ တယုတယထည့်ထားခဲ့ဖူးတာ။ မျှော်လင့်ခြင်းကွင်းပြင် ကျယ်ကြီးကို တမေ့တမောငေးပြီး အချစ်ကို ငတ်မွတ် ဆာလောင်လို့။ ထန်းပင်တွေ တစီတတန်းကြီးအောက်က မြက်ခင်းပြင် ပေါ်ထိုင်ပြီး နေဝင်ချိန်ကိုထိုင်ကြည့်ခဲ့တဲ့ ညနေခင်း။ CD ခွေအထစ်တွေများပြီး ကာရာအိုကေ သီချင်းသံတွေကြားထဲက စိုင်းထီးဆိုင် သီချင်းတွေ။ တခုတည်းသော အမေခိုင် ဆိုင်ဆီက စခန်းချရာ အိမ်ရှေ့ကွက်ပျစ် ကလေး။ ဒါတွေ အားလုံးဟာ လွန်ကျော် တံဆိပ်ကပ်ထားတဲ့ အမှတ်တရဆေးသားတွေ။
(၂)
ကျွန်တော်ရေဆင်းကနေ လွန်ကျော်ဆီရောက်တော့ မှောင်ရီပျိုးချိန် အောက်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (ကျောက်ဆည်နယ်မြေ) ဟာ တိတ်တဆိတ်နဲ့ ငြိမ်ငြိမ်ကလေး။ နေရမယ့် အခန်းနံပါတ်(၁) ထောင့် စွန်းအခန်းထဲ ပစ္စည်းပစ္စယာနေရာချပြီးတော့ လွန်ကျော်ရင်ပြင်ပေါ်က မီးပုံဝိုင်းကလေးက နီနီရဲရဲနဲ့ စွေ့စွေ့ခုန်လို့။ ဂစ်တာသံနဲ့ သီချင်းသံလည်း ကြိုဆိုလို့။ ကျွန်တော်တို့ စိုက်ပျိုးစီးပွားအထူးပြု ကျောင်းသားကျောင်းသူတွေ စက်ဝိုင်းပုံထိုင်ရင်း ဖောင်ဖျက်တိုက်ရမယ့် ဘုရင့်နောင်တိုက်ပွဲဆီက ရဲမက်များလို လာမည့် မနက်ဖြန်တိုင်းအတွက် နောက်မဆုတ်ကြေး သတ္တိတွေ။ နောက်နေ့ မနက် လွန်ကျော်ကို မျက်စိတဆုံး ကြည့်မိမှ အရိုင်းဆန်ပြီး ရနံ့သင်းထုံတဲ့နေရာမှန်း အကဲခတ်မိခဲ့။
အရှေ့ဘက်မှာ ရှမ်းကုန်းမြေတောင်တန်းတွေက ပတ်ခါလည် ကာရံထားသလို အနောက်ဘက်ကိုကြည့်ရင် တမျှော်တခေါ် ကွင်းပြင်ကြီး။ အဲသည်လို တောင်တန်းနဲ့မြေပြန့်ကြားမှာ လွန်ကျော်ဟာ ဆောင်းငွေ့ကို ခပ်အုပ်အုပ်ကလေး ကွေးနေပြီး မနက်ခင်းဆို မြူတွေဆိုင်းလို့။ ကျွန်တော်တို့ မျက်နှာသစ်တော့ မြူတွေက ပိတ်ကားကြီးတချပ်လို ဖုံးအုပ်ထားဆဲ။ အဆိုတော်ခိုင်ထူးရဲ့ နှင်းဝေတဲ့ဆောင်းသီချင်းထဲကလို “ဆောင်းနှင်းဝေတဲ့ မနက်ခင်းဝယ်၊ လွမ်းဆွမ်မှုတွေပိုများတယ်၊ မေရယ် တကိုယ်ရည်တည်းကွယ်” ။ ဒီသီချင်းကြားလိုက်တိုင်း စောစောစီးစီး ငေးမှိုင်ပြီး လွမ်းဆွတ်ရပြီ။ တကယ်လည်း ကျွန်တော်တို့ဟာ အချစ်နဲ့ ပတ်သက်ရင် တကိုယ်ရည်တည်း ရှိနေခဲ့တာ။
(၃)
စာသင်ချိန်ရောက်တော့ မြူတွေပျယ်လွင့်ပြီး ကျန်ရစ်ခဲ့တဲ့ မြက်ခင်းစိုစိုထဲ ဖြတ်ကာ စာသင်ခန်းဆီ သွားကြတဲ့ ကျောပြင်ဖြူဖြူတွေ။ တက္ကသိုလ်ကျောင်းသား ဘဝရဲ့ နောက်ဆုံး အဖြူရောင်ကျောပြင်တွေဟာ နောက်ဆုံး lecture မှာတောင် ငိုက်နေဆဲပဲ။ Dinning room ထမင်းစားချိန် ဆိုတတ်တဲ့ ကာရာအိုကေသီချင်းသံဟာ ပထမရက်မှာ ထမင်းစားဝင်စေတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ထမင်းစားပြီးမှ သီချင်းဆိုပါရန်ဆိုတဲ့ ဘုံသဘောတူညီရာ စည်းကမ်း။ ကျွန်တော်နဲ့ကိုမိုင်း နေ့ရောညပါ အားအားရှိသွားဆိုတဲ့ကာရာအိုကေစက်ဟာ ဆိုင်းထီးဆိုင် သီချင်းတွေပဲ ငြီးနေခဲ့တာ။ ညနေပိုင်း မိန်းကလေးတွေဟာ CDခွေအဟောင်းထဲ ခေါင်းထိုးရှာရင်း ငြီးငွေ့မှုကို နေဝင်စေခဲ့တာ။
ရေဆင်းမှာ တခါမှ ဘောလုံးနဲ့ မထိတွေ့ခဲ့တဲ့ ကောင်တွေဟာ လွန်ကျော်မြက်ခင်းပြင်ထဲ ဗိုက်ရွှဲရွှဲနဲ့ပြေးလို့လွှားလို့။ ကိုဖိုးခွား၊ ကိုဟိန်းထက်အောင် နဲ့ ကောင်းကြီးတို့ဟာ ဘောလုံးအသင်းအသီးသီးရဲ့ ဥသျှောင်တွေ။ သူတို့သုံးယောက်အောက်မှာ လူခွဲပြီး ကန်သွင်းကြတဲ့ညနေခင်းတွေထဲ ချွေးဒီးဒီးတွေ၊ ဖိုထိုးနေတဲ့ ဆယ်ကျော် သက် ရင်ဘတ်တွေ။ ညသန်းခေါင်ကျော်ချိန် မွေးနေ့ကိတ်တစ်လုံးနဲ့ ခြေသံဖွဖွတွေဟာ တံခါးခေါက်ပြီး ဖွင့်လိုက်စဉ်မှာပဲ Happy Birthday သီချင်းတွေ ညံ့သွားခဲ့။ လွန်ကျော်ဟာ ဆရာကြီးဖြစ်ပြီး ဆရာကြီးဟာ လွန်ကျော်ဖြစ်ခဲ့။ ခေါင်းနှင့်ပန်းလို ခွဲမရခဲ့။
(၄)
ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို အဆာလုပ်ပြီးထည့်ထားတဲ့ Welcome ပွဲဟာ အရသာပေါင်းစုံနဲ့ မီးရောင်စုံကြားက အစားကောင်းတစ်ပွဲ။ ဘီအေဂျီဆင်း စီနီယာကြီးတွေ အကုန်လာကြတော့ ပွဲဟာ ကျစ်ကျစ်လစ်လစ်နဲ့ အနှစ်ပြည့်ဝလို့။ တခြားဌာနတွေထက် လှပါတယ် ဝတ်တတ်ပါတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေး များဟာ အရောင်အသွေးစုံလင်တဲ့ ပန်းခင်းကြီးလို။ ဆူညံဟိန်းထွက်တဲ့ ဆောင်းဘောက်သံကြားမှာပဲ ထွားထွာ းရဲ့ မမမိုး သီချင်းနဲ့ ပထမဆုရခဲ့တာ။
ပထမဆုံး ခရီးတိုကလေးက တောင်ပေါ်ကျောင်းဆီက ကထိန်ပွဲ၊ မြိုကြီးဆည်နဲ့ ကျောက်ဆည်နားက တန်ခိုးကြီးဘုရားတွေဆီ။ လိုက်ထရစ်ကားလေး ငါးစီးနဲ့ ကျောင်းဝန်းထဲက စထွက်တော့ ရက်ရက်စက်စက်ပိတ်ကာထားတဲ့ အညာအလှ ဖုန်လုံးကြီးတွေ။ နောက်ဆုံးကားမှာ လိုက်ပါလာတဲ့ ကျွန်တော့်တို့ မျက်နှာပေါ်မှာ ဖုန်တွေနဲ့ မှုန်လို့၊ ဆံပင်တွေက ဖုန်ရောင်တောက်လို့။ တောင်ပေါ်သူကိုချစ်မိပြီး ကြေကွဲလွမ်းဆွတ်ရမှာမကြောက် နိုင်တော့သလို ကျွန်တော်တို့လည်း ဖွင့်သမျှသီချင်း လိုက်ဆိုပြီး ပါးစပ်ထဲ လှိမ့်ဝင်လာတဲ့ ဖုန်တွေကို မမှု့တော့ဘူး။ မျောက်တွေ၊ ဒေါင်းတွေ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ပျော်ပျော်ကြီး လည်ပတ်ကာ ဓါတ်ပုံတွေရိုက်ပြီး ကထိန်တရားနာကြ၊ ဆွမ်းကပ်ကြ။ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ခါ ဆိုသလို ရက်မြက်မှာ ဝိုင်းဝန်းကုသိုလ်တွေယူကြလို့။ မြို့ကြီးဆည်ကို ရောက်တော့ ဆည်ဘောင်ပေါ်က မြင်ရတဲ့ ရှု့ခင်းတွေကို နောက်ခံရပ်ခိုင်းပြီး ဖုန်းကင်မရာထဲက ပြုံးပြုံးရယ်ရယ် မျက်နှာတွေ။ ခရီးအပြန်လမ်းဟာ နေ့ပိုင်းတုန်းက သူမဟုတ်တော့သလိုမျိုး တိတ်တဆိတ်နဲ့ မှောင်နေပြီး မီးရောင်တွေဆီ ခိုကပ်နေပြီ။ နောက်အခေါက် ခရီးတွေတိုင်းမှာ အတွေ့အကြုံက စကားပြောတတ်တော့ ပုဆိုးတွေခြုံကြ၊ တဘတ်တွေခြုံကြ၊ ဟွန်ဒီအနွေးထည်ကို ခေါင်းစွပ်၊ မျက်မှန်တပ်၊ Mask တပ်ပြီး ဖုန်တွေကို ကာတတ်ခဲ့ပြီ။
(၅)
ညနေခင်းကျောင်းဆင်းချိန်နဲ့ ကျောင်းပိတ်ရက်တွေမှာ တစ်ဆိုင်တည်း သော အမေခိုင့်ဆိုင်ဟာ ခိုလှုံရာ နေရာလေး။ ဆိုင်ရှေ့ကွက်ပျစ်ကလေးဟာ တမာပင်အောက်မှာ ငြိမ်ငြိမ်ကလေး ခင်းကျင်းပြီး လာသမျှ လူတိုင်းကို ကြိုဆိုနေတတ်တာ။ ကျွန်တော်တို့ သူငယ်ချင်းတွေ အမေခိုင်ဆိုင်လာပြီး ကိုယ်တိုင်ချက်ပြုတ် ကြော် လှော်ကြ၊ အချိုရည်ဗူး၊ ရိုးမားဗူးတွေ ကိုယ်တိုင်ယူပြီး ကွက်ပျစ်ကလေးပေါ် ဝိုင်းဖွဲ့ကြတာပဲ။ ညအခါမျိုးမှာတော့ အိမ်ရှေ့ထန်းလက်တဲ အောက်မှာပဲ ထမင်းကြော်ပန်းကန်တွေ၊ အကြော်အလှော် ဟင်းအရံတွေ၊ ရိုးမားဗူး နီဝါရောင်တွေဟာ နတ်ရုပ်ရှေ့ချထားတဲ့ ကန်တော့ပွဲတွေလို ရှိနေတတ်တာ။
ကျွန်တော်၊ ကိုထက်နဲ့ ကိုပြည့်စုံတို့ဟာ အမေခိုင်အိမ်ကို ဒုတိယအဆောင် ရလိုက်သလိုပဲ နေ့နေ့ ည ည နေဖြစ်ခဲ့။ မနက်ခင်းစောစောမှာ အိမ်ရှေ့ကွက်ပျစ် ကလေးပေါ်က လက်ဖက်ရည်နဲ့ နေ့သစ်ကို စခဲ့ပေမဲ့ ညနက်နက်မှ လျာလေး အာလေးသံတွေနဲ့ တနေ့တာကုန်ဆုံးစေခဲ့တာ။ ဦးကျော်ရဲ့ ဖြတ်သန်းခဲ့သမျှ ကိုယ်တေါများကို ညစဉ်နေ့စဉ် နားထောင်ခဲ့ရပြီး အလွတ်ရအောင် နှုတ်တိုက်ရွက်ပေးတဲ့ ဂါထာလို အလွတ်ရနေခဲ့တာ။ ကိုညို ၊ ကိုချို၊ ကိုအာကြီး တို့နဲ့ ခွက်ချင်းတိုက်ခဲ့။ ညနက်မှ မူးလို့အဆောင်ပြန်ပေမဲ့ ဆရာကြီးအိမ်ရှေ့ရောက်ရင် အားလုံးဟာ ငြိမ်လျှက်သား၊ ဆေးလိပ်မီးဖွတ်ပြီးသား၊ ကွမ်းတံတွေးမထွေးဘဲ နေပြီးသား၊ ကိုယ်နှုတ်အမူရာရိုသေလျှက်။ တခါက ရိုးမားအောင်သူ၊ ပန်တြာရိပ်ရိပ်တို့နဲ့ ဂရမ်းတစ်ထောင့်သောက်အပြီး Blutooh ဘောက်လေးဖြုတ်ယူကာ အခန်း ရှေ့ ပုဆိုးခါးတောင်းကျိုက်၊ သင်္ကြန်သီချင်းတွေနဲ့ မြန်မာအက ကခဲ့။ ဆောင်းအကုန် နွေးဦးအစမှာ တမာရွက်တွေ ကြွေနေသလိုမျိုး ကျွန်တော်လည်း ကြေကွဲနေခဲ့တာ။
(၆)
ပြည်ထောင်စုနေ့မှာ လွန်ကျော်မြက်ခင်းပြင်ထဲ အပြုင်အဆိုင် အားအင်တွေ၊ ချွေးသီးချွေးပေါက်တွေ၊ အားပေးသံတွေ၊ အော်သံတွေ၊ ဆုကြေညာသံတွေနဲ့ ဝေဝေဆာဆာရှိနေတယ်။ အားကစားပွဲအပြီး လွန်ကျော်ညနေခင်းစည်ကားမှုဟာ မြက်ခင်းပြင်ဆီကနေ အခန်းအသီးသီးတွေထဲ ရွှေ့ပြောင်းလာခဲ့။ ကိုကြီးပါကျဲနဲ့ ကိုကုလားအခန်းဟာ ကောင်းကြီး၊ သန့်ကြီး၊ အာကြီး၊ စံကြီးတို့လို ပေါ်ကာချစ်သူတွေရဲ့ ဗိမာန်။
အသည်းကွဲရင်အနီရောင်ဝမ်းဆက်ဝတ်တဲ့ မကစ်ဟာ ပုံမှန်အတိုင်း နမော်နမဲ့ ရှိလှပြီး အနီးကပ်ပေါင်း ဖြစ်ခဲ့။ ဆံပင်တိုတိုနဲ့ မှုံဟာ ဂျေဂျေဘောင်းဘီနဲ့ လက်ရှည်အကွက်ကို မချွတ်တမ်းထည်လဲ ဝတ်ပြီး ထန်းပင်ရှည်ရှည်တွေဟာ သူ့စာကျက်ဖော်ဖြစ်ခဲ့။ စု တစ်ယောက်ဟာ ပျောက်နေတဲ့နံရိုးတစ်ချောင်းကို အဲဒီအချိန်ထိ စောင့်နေခဲ့သေးတာ။ ခိုင်တယောက်တော့ သူ့အိပ်မက်တွေထဲ ကူးလူးဆက်ဆံနေခဲ့။ စည်ကြီးမှာ ဆေးကျောင်း သူရဲ့ ကုသပြုစုမှုအောက် ဖုန်းတစ်လုံးနဲ့ အချစ်တစ်ခုကို တည်ဆောက်နေခဲ့။ သူတို့တွေဟာ Young Farmer Program သင်တန်းတစ်ခုကနေ စခင်ခဲ့ပြီး အထူးဘာသာရပ်ဌာနရောက်တော့ အတူတူဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေ။ လွန်ကျော်ရင်ပြင်ပေါ်က Farewell diner ဟာ တောဘုရားပွဲဆီက ဇာတ်ခုံလေးလို ဘောက်သံတဒိန်းဒိန်းနဲ့ ရင်ခုန်သံနှိုးထလို့။ သီချင်းတွေကိုယ်စီ၊ အကတွေကိုယ်စီ၊ ခံစားချက်တွေကိုယ်စီနဲ့ လွယ်ပိုးထားရတော့ Farewell ညဟာ ပေါက်ကွဲအံကျလာတဲ့ ရင်ဘတ်ကြီး။ အဲသည်ရင်ဘတ်ကြီးထဲ ဆွေးမြေ့မြေ့လေး ဖြစ်လေ ပေါက်ကွဲသံစဉ်တွေနဲ့ အရှိန်ရလာလေပဲ။ စာမေးပွဲဖြေအပြီး ရေသဘင် ပွဲတော်မှာ လွန်ကျော်ဟာ မုန့်လုံးစားရင်း ငရုပ်သီး ကိုက်မိခဲ့သေးတာ။ ညနေခင်းလှလှထဲ သင်္ကြန်သီချင်းတွေ ဝေဝေဆာဆာနဲ့ ကျွန်တော်တို့တတွေ လွန်ကျော်ကို နှုတ်ဆက်ရေလောင်းခဲ့ကြတာ။
(၇)
နှစ်လခွဲကာလအတွင်း ချမ်းတုံ့နေတဲ့ ကလေးငယ်အပါ် အနွေးထည် လွှမ်းခြုံ ခံလိုက် ရသလို နွေးထွေးမှုရလို့ ကျေးဇူးတင်ပါတယ်ပေါ့။ ကျွန်တော်တို့တတွေ ရေဆင်း မှာရှိခဲ့တာထက် လွန်ကျော်မှာ သိသိသာ သာပိုရင်းနှီးခဲ့ပြီး ကြိုးနှင့် စည်းထားတဲ့ ပန်းစည်းလေးလို မွှေပျံ့သင်းလှိုင်ပြီး စုစုစည်းစည်းနှင့် ပွင့်ဝေနေခဲ့ကြတာ။ တက္ကသိုလ်ကျောင်းသားဘဝရဲ့ နောက်ဆုံးအချိန်လေးဆိုပြီး ရသမျှ နေ့ရက်တိုင်းကို အဆီအနှစ်ပြည့်ပြည့်ဝဝရအောင် တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြလို့။ လွန်ကျော်နဲ့ နေသားကျချိန်၊ အထာသိချိန်ရောက်မှ မီးတောက်နေချိန် ရေခေါင်းခံလိုက်ရသလို အလွမ်းတွေ ကျွတ်ဆက်ကြေကွဲခဲ့ရ။ ကျွန်တော်တို့ အိမ်ပြန်တော့ လယ်တန်ရှည်ထန်းပင်ကြီးတွေက မျှော်ကြည့်နေမလား၊ ကြီးကောင်ကြီးမားနဲ့ လက်ပံပပင်ကြီးတွေက နီရဲရဲပွင့်ကြွေနေမလား၊ တွေးရင်း ဖုန်လုံးကြီးတွေက နောက်ကပြေးလိုက်လျက်။
လှိုင်းအိမ်
ဒီဇင်ဘာ ၁၀၊ ၂၀၂၀