နေသွင်ညိဏ်း - ဒီမိုကရေစီသို့ ခြေလှမ်းကိုးဆယ်
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၀
အီဂျစ်မှာ လူထုအုံကြွမှုနဲ့ အာဏာရှင် မူဘာရတ်ကို ဖြတ်ချနိုင်ခဲ့ပြီးတဲ့ နောက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြောင်း ရေးထားတဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။ ဆောင်းပါးရှင်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုလေဆိပ်ကနေ မြို့ထဲကို ကားမောင်းသွားရင်း မြင်သမျှ အဆောက်အအုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်အသိုင်းအဝိုင်းက ပိုင်တာချည်းမို့ အီဂျစ်မှာ ဒီမိုကရေစီ အမြစ်တွယ်ဖို့ မလွယ်သေးဘူးလို့ ကောက်ချက်ဆွဲပါတယ်။
အင်ဒိုနီးရှားမှာတော့ လေဆိပ်ကနေ ဂျာကာတာမြို့ထဲကို သွားတဲ့ တလမ်းလုံးမှာ စစ်တပ်ယူနီဖောင်းတွေကို လုံးဝမတွေ့ရလို့ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အတော်လေးကို အခြေကျနေပြီပဲလို့ အမှတ်ပေးမိပါတယ်။
ကုမ္မဏီပိုင်ရှင်မှ တက္ကစီသမားသို့
ဂျာကာတာ လေဆိပ်ကနေ မြို့ထဲကို ကားမောင်းပို့တဲ့ အသက် ၅၀ ဝန်းကျင် တက္ကစီးဒရိုင်ဘာက အရင်က ရေနံဖက်စပ် ကုမ္မဏီတခုကို ပိုင်ခဲ့ဖူးသူပါ။ စီးပွားရေးသမားဘဝကနေ တက္ကစီသမား ဖြစ်လာသူဆီက ပညာရပ်ဆန်တဲ့ စကားတခွန်း တစွန်းတစ ကြားရပါတယ်။
" စီးပွားရေးမှာ ကိုယ့် ပြိုင်ဘက်ကို မယှဉ်နိုင်တော့ တက္ကစီမောင်းရတာပေါ့" လို့ သူက ရယ်ရယ်မောမောပဲ ပြောပါတယ်။ ဒါကပဲ အင်ဒိုနီးရှားရဲ့ လက်ရှိစျေးကွက်စီးပွားရေးရဲ့ လက္ခဏာ ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ တက္ကစီသမားဘဝမှာ ခရီးသည်တွေကို ရောက်ချင်တဲ့နေရာကို ပို့ပေးလိုက်၊ ကျန်တဲ့ အချိန်မှာ အနားယူနိုင်၊ မိသားစုကိုလည်း အချိန်ပိုပေးနိုင်တာကြောင့် လက်ရှိဘဝက ပိုကျေနပ်စရာကောင်းတယ်လို့ သူက ခံယူပါတယ်။
"တက္ကစီမောင်းရတာ ခေါင်းမစားရဘူး" လို့ ပြောပါတယ်၊
သူ့ သားတယောက်က အထက်တန်း၊ သမီးတယောက်က တက္ကသိုလ်နောက်ဆုံးနှစ်၊ တက္ကစီမောင်းရင်း မိသားစု စားဝတ်နေရေးနဲ့ ကလေးတွေပညာရေးအတွက် ထောက်ပံ့နိုင်တယ်လို့လည်း သူက ပြောပြပါတယ်။
ဂျာကာတာလမ်းတွေ ကားကျပ်ပုံကလည်း မှတ်သားလောက်ပါတယ်။ ပုံမှန်နှုန်းနဲ့ မောင်းရင် နာရီဝက်သာသာကြာတဲ့ခရီးက နှစ်နာရီကြာပါတယ်၊ အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် လူတွေ ပိုချမ်းသာလာကြပြီး၊ ကားစီးနိုင်တဲ့လူ တစစ များလာတာကြောင့်လို့ တက္ကစီဆရာက ရှင်းပြပါတယ်။
အင်ဒိုနီးရှား အဝေးမြင်
အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအပြောင်းအလဲကို ကျနော် စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ၁၉၉၈ လူထုအုံကြွမှှုကြောင့် ဆူဟာတို ပြုတ်ကျသွားတဲ့နောက်မှာ အင်ဒိုနီးရှား ဒီမိုကရေစီအပြောင်းအလဲဟာ မြန်လည်းမြန်၊ လမ်းကြောင်းလည်း မှန်တဲ့အတွက် အားကျခဲ့တာလည်း ပါပါတယ်။
ဂျာကာတာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိက ဂျာတာတာကို ဘာလာ လုပ်သလဲလို့ မေးပါတယ်၊
ကျနော်က မီဒီယာသင်တန်းလာတက်တာပါလို့ ရိုးရိုးပဲဖြေလိုက်တော့ ဘာမှ ထပ်မမေးတော့ဘဲ ရည်ရည်မွန်မွန်ပဲ ပတ်စပို့စာအုပ်ကို ပြန်ကမ်းပေးလို့ အင်ဒိုနီးရှားက ထင်ထားတာထက်တောင် ရှေ့ရောက် နေပါလားလို့ အမှတ်ပေးလိုက်မိပြန်ပါတယ်။
လက်ရှိသမ္မတ ဆူစီလူဘန်ဘမ်းယူဒိုယိုနို ဟာ ဆူဟာတိုခေတ်က ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်လာသူပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က သမ္မတအဖြစ် ဒုတိယအကြိမ် အရွေးခံရပါတယ်။ သူရဲ့ သမ္မတသက်တမ်းအတွင်းမှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ အောင်မြင်ခဲ့ပါတယ်။
ဥပမာ ၂၀၀၅ ခုနှစ်မှာ ဆူမားတြားကျွန်းပေါ်က အနှစ် ၃၀ ကြာ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ စီးပွားရေးပိုင်းမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ တင်နေတဲ့ အကြွေး အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးကို သတ်မှတ်ချိန်ထက် ၄ နှစ်စောပြီး၊ ၂၀၀၆ ခုနှစ်မှာ ပြန်ဆပ်နိုင်လိုက်ပါတယ်။ တခြားအောင်မြင်မှုတွေ အများကြီးရှိပါသေးတယ်။
ဒါပေမဲ့ တခြားတဖက်မှာလည်း လောလောဆယ်အထိ အင်ဒိုနီးရှားက အချမ်းသာဆုံးလူစာရင်းမှာ ဆူဟာတိုရဲ့ ဂိုကာပါတီက ခေါင်းဆောင်တွေ ထိပ်ဆုံးကရှိနေတုန်း၊ သြဇာလွှမ်းနေတုန်းပါပဲ။ ဂျာကာတာမှာ ကျနော် ရောက်နေတဲ့ အချိ်န်မှာပဲ ခရစ်ယာန် ဘုရားကျောင်းတခုမှာ အသေခံဗုံးကွဲလို့ လူ ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။ ယူဒိုယိုနိုရဲ့ အစိုးရအပေါ် လူထုထောက်ခံမှုကလည်း ကျဆင်းနေပါတယ်။ အင်ဒိုနီးရှားက သတင်းစာတွေအရတော့ သမ္မတကိုယ်တိုင်က သူ့အစိုးရအဖွဲ့ကို အလုပ်မဖြစ်လို့ စိတ်ပျက်နေပုံပါပဲ။ သူ့အမိန့်တွေကို အကောင် အထည်ဖော်တဲ့နေရာမှာ အစိုးရအဖွဲ့က လေးဖင့်နေတာ၊ မနာခံတာတွေကြောင့်လို့ ဆိုပါတယ်။
အိုစမာဘင်လာဒင်တို့ တိုင်းပြည်ကလာခဲ့တယ်
ဂျာကာတာက မီဒီယာသင်တန်းကို အာဖဂနစ္စတန်က သတင်းသမားတယောက်လည်း လာတက်ပါတယ်။ မိတ်ဆိတ်ဖားလျား၊ ဝန်ရုံပွပွနဲ့ ရန်လိုနေတဲ့ လူတော့ မဟုတ်ပါ။ အသားဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့နဲ့ ဟာသ အလွန်ပြောတတ်တဲ့ အသက် ၂၁ နှစ်အရွယ်၊ သူ့ကိုယ်သူ 'မာလျာ' လို့ မိတ်ဆက်ပါတယ်၊ 'မာယာ' လို့ အလွယ် မှတ်ထားလိုက်ပါတယ်၊
ကော်ဖီနားချိန်၊ နေ့လည်စာစားချိန်၊ ညစာစားတဲ့အချိန်တွေမှာ ဟာသတွေ အဆက်မပြတ် ပြောတတ်သူပါ၊ ယဉ်ကျေးမှုချင်း ကွာတာ၊ သူ့ရဲ့ စကားလုံးတိုင်းကို သေချာနားမလည်တာကြောင့် သူ့ပုံပြင်သာ ဆုံးသွားပေမယ့် ဘယ်သူမှ မရယ်ပါ။ အဲဒီအခါမှ သူက "ပြီးပြီလေ၊ တယောက်မှ မရယ်ကြပါလား၊ ခင်ဗျားတို့ ရယ်အောင်လို့ ကျနော် ဘယ်လောက် အားစိုက်ရတယ်မှတ်လဲ" လို့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အားမလို အားမရဖြစ်တော့မှ လူတွေက တဟားဟား ပွဲကျတတ်ပါတယ်။
တချိန်မှာတော့ သူက ပုံပြင်တပုဒ်ကို အခုလို ပြောပြပါတယ်။
"အချိန်က အာဖဂန်နစ္စတန်ကို တာလီဘန်တွေ အုပ်ချုပ်နေတဲ့အချိန်။ လူတယောက်က စက်ဘီးစီးရင်း ခပ်အေးအေး သီချင်း ညည်းလားတုန်းမှာ တာလီဘန်လုံခြုံရေးတပ်သားတဦးက ဖမ်းလိုက်ပါတယ်။ စစ်မေးဖို့ တာလီဘန် အရာရှိတယောက်ဆီ ခေါ်သွားပါတယ်။
အရာရှိ။ သူသီချင်းညည်းလာတဲ့အချိန်မှာ စက်ဘီးခေါင်းလောင်းကိုရော တီးသေးလား၊
တပျသား။ မတီးပါဘူး ဆရာ။
အရာရှိ။ အေး.. ဒါဖြင့် သူ့ကို ပြန်လွှတ်ပေးလိုက်၊ သီချင်းဆိုတဲ့အမှုမမြောက်ဘူး"
တာလီဘန်ခေတ်မှာ သီချင်းညည်းရင်တောင် ရာဇဝတ်မှုမြောက်တဲ့အကြောင်းပါ။ သူ့ပုံပြင်ကို နားထောင်ပြီး တာလီဘန်ခေတ် အာဖဂနစ္စတန်ထက် ငါတို့ အခြေအနေကမှာ အများကြီး သာသေးတာပဲလို့ စိတ်ကူးမိပါတယ်။
သင်တန်းအတွက် သူယူလာတဲ့ သတင်းဆောင်းပါးက အာဖဂနစ္စတန်က အမျိုးသမီးတွေက သူတို့ နေဖို့ အိမ်အတွက်၊ အုတ်ဖုတ်တာအစ၊ လက်သမားလုပ်တာအဆုံး ယောကျာင်္သားတွေရဲ့ အကူအညီမယူဘဲ သူတို့ဘာသာ ဆောက်ကြတဲ့ အကြောင်း။
သူက အမေရိကန်အစိုးပေါ်လစီကို ဝေဖန်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အာဖဂနစ္စတန် အခြေအနေ အများကြီး တိုးတက်လာတယ်လို့ ယုံကြည်သူ။ အင်ဒိုနီးရှား အခြေအနေ မရောက်သည့်တိုင်အောင် ဘာပဲဖြစ်ဖြစ် အခုတော့ သူ့နိုင်ငံမှာ တဖက်မှာ အသေခံဗုံးခွဲသမားတွေတော့ ကြောက်ရပေမယ့်၊ တဖက်မှာတော့ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်တဲ့ အခြေအနေ။
ဂန္ဒီတို့ တိုင်းပြည်က ဇာတ်ဆရာ
သင်တန်းမှာ အသက်အကြီးဆုံးက အိန္ဒိက ဘောင်းထုပ် ခေါင်းဘောင်းတထောင်ထောင်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးနဲ့ ဗလဗျစ်နဲ့ 'ဂျက်စီ'။ အသက် ၅၀ ကျော်ပေမယ့် အကွက်ကောင်းစောင့်ပြီး အတည်ပေါက်နဲ့ ရယ်စရာပြောတတ်သူ။ ဆေးပညာနဲ့ ဘွဲ့ရထားပေမယ့် သတင်းထောက်လုပ်လိုက် ဗီဒီယို မှတ်တမ်းရိုက်လိုက်၊ ကြော်ငြာရိုက်လိုက်..။ ပိုက်ဆံရတာ အကုန်လုပ်တယ်လို့ ခပ်ရွှင်ရွှင် ပြောတတ်သူ။
ရေဒီယိုသတင်းဆောင်းပါးကို သဘင်ဆန်ဆန် သံနေ သံထားနဲ့ ဖွဲ့တတ်နွဲ့တတ်လွန်းလို့ သင်တန်း ဆရာက နှစ်ခါပြန်လုပ်ခိုင်းရသူ။ သူက ကျနော်တို့ထဲက အသက်အငယ်ဆုံးဖြစ်တဲ့ မာလျာကို "ငါသတင်းထောက် စလုပ်တုန်းက မင်းမွေးတောင်မမွေးသေးဘူး ကိုယ့်လူ" လို့ စကားနာ ထိုးတတ်သေးတယ်။
သင်တန်းအတွက် သူယူလာတဲ့ သတင်းဆောင်းပါးက အိန္ဒိယက လူငယ်ပညာတတ်တွေ အမေရိကားကို သွားဖို့ ရူးသွပ်ကြတဲ့အကြောင်း၊ မိဘတွေကလည်း သူတို့သားတွေ အမေရိကန်ဗီဇာရဖို့ လေယာဉ်ပျံရုပ်နဲ့ ဘုရားကျောင်းတခုမှာ ယတြာချေကြတဲ့အကြောင်း။
ဆူဟာတိုရဲ့ တိုင်းပြည်မှာ
ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနောက်ခံမတူတဲ့ သတင်းထောက်တွေ ဆူဟာတိုရဲ့ အင်ဒိုနီးရှားမှာ ဆုံတာကို အဓိပ္ပါယ်ရှိတယ်လို့ ကျနော်က ယူဆပါတယ်။ သင်တန်းခန်းမ နေရာကလည်း ဆူဟာတိုခေတ်က အတိုက်အခံတွေ ခိုအောင်းရာ နေရာလို့ သိရတော့ ပို့လို့တောင် သဘောကျမိပါတယ်။ ဂျာကာတာမှာ ၇ နှစ်လောက် အလုပ်လုပ်နေတဲ့ သြစတြေးလျသူ သင်တန်းနည်းပြက " အခုချိန်မှာတော့ အင်ဒိုနီးရှား မီဒီယာက အတော်လေး လွတ်လပ်ပါတယ်၊ တချိန်တည်းမှာ အသရေဖျက်မှှုနဲ့ တရားစွဲခံရတဲ့ ကိစ္စတွေလည်း များပါတယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ ကျနော်တို့ သင်တန်းသားတွေကို နေ့လည်စာတည်ခင်းတဲ့ သတင်းဌာန အဆောက်အဦးရှေ့၊ စာပွဲတွေ ခင်းထားတဲ့နေရာမှာ မနှစ်တုန်းကတော့ အစွန်းရောက်သမား တယောက်က လက်ပစ်ဗုံးတလုံး ပစ်သွင်းခဲ့ပါသေးတယ်။
ဂျာကာတာ မြို့ထဲမှာ ကားလိုက်စီးရင်း မြို့လည်တနေက ရင်ပြင်တခုအရောက်မှာ ဂျာကာတာမြို့ခံ သတင်းသမား ဘက်စတီက " ဒီမှာဘယ်သူဖြစ်ဖြစ် ကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လို့ရတယ်။ 'ဖရီးဘားမား' လို့ သွားအော်လို့ရတယ်" လို့ ပြောပါတယ်။
နောက် တနေရာအရောက်မှာတော့ "အဲဒီဒီနေရာပေါ့။ ၁၉၉၈ လူထုအုံကြွမှုတုန်းက ကျောင်းသား ခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလေ။" သူက လမ်းဆုံတနေရာကို ညွန်ပြပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ဆိုတော့ ဘာမှသိပ်မကြာသေး၊ ဒါပေမယ့် သူတို့က သမိုင်းထဲက အဖြစ်အပျက်တခုလို ပေါ့ပေါ့ပါးပါး ပြန်ပြောနိုင်တဲ့ အခြေအနေ။ မြန်မာပြည်မှာက လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်အပျက်တွေကိုတောင် သမိုင်းထဲ မထားခဲ့နိုင်သေး။ ထားခဲ့လို့ မဖြစ်သေး။ ဂျာကာတာမှာ ရှိနေတဲ့အချိန်မှာပဲ ၂၀၀၇ သံဃာအရေးအခင်း နှစ်ပတ်လည် ဆန္ဒပြသူတွေကို ရဲက ဖမ်းသွားတဲ့ အင်တာနက် သတင်းတွေ ဖတ်ရပါတယ်။
သူတို့ နေရာ၊ ငါတို့နေရာ
ဂျာကာတာက သတင်းသမား ဗစ်ထရီက "ငါတို့ နိုင်ငံပြသနာက နေရာတိုင်းမှာ အကျင့်ပျက်ချစားနေတဲ့ ပြသနာပဲ" လို့ပြောတော့၊ အိန္ဒိက ဂျက်စီကလည်း "အိန္ဒိယမှာလည်း အခုချိန်ထိ အပြောင်းအလဲတွေက လုပ်နေရတုန်းပါပဲ" လို့ ပြောပါတယ်။ အိန္ဒိယမှာ အဂတိလိုက်စားမှုတွေ များတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြဌာန်းဖို့ အစာငတ်ခံ ဆန္ဒပြတဲ့ အန်နာ ဟာဇာရီ ကို သူက ဥပမာပေးပါတယ်။
အာဖဂန်နစ္စတန်က မာလျာကတော့ ထုံးစံအတိုင်း " အာဖဂနစ္စတန်ကရော ဘာထူးလို့လဲ၊ အဂတိ လိုက်စားမှှု တိုက်ဖျက်ရေးအတွက် ဖွဲ့ထားတဲ့ ကော်မတီကိုယ်တိုင်က လာဘ်စားနေတာ" လို့ ချက်ကျကျ ပြောတော့ ရယ်ကြပြန်ပါတယ်။
အိန္ဒိယနဲ့ အင်ဒိုနီးရှားက မီဒီယာလွတ်လပ်ခွင့်အခြေအနေ၊ လူလတ်တန်းစားတွေ ကြီးထွားနေတယ်လို့ နား လည်ထားတဲ့ ကျနော်က " အင်ဒိုနီးရှားနဲ့ အိန္ဒိယအတွက်ကတော့ သိပ်ပူစရာမလိုပါဘူး၊" လို့ ဝင် ပြောတော့ " မြန်မာပြည်ကျတော့ရော ဘယ်တော့ပြောင်းမလဲ. " လို့ ဝိုင်းမေးကြပါတယ်။
"မြန်မာပြည်လား၊ နောက် နှစ်နှစ်လောက်ကြာရင် ငါတို့ ရန်ကုန်မှာ ဆုံချင်ဆုံရမှာပေါ့"
လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ စကားပြောနေတာကို သတိရရင်း ပြောမိပြီးမှ ဘရိတ်ပြန်အုပ်ဖို့ ကြိုးစားရပါတယ်။
"အပြောင်းအလဲဖြစ်ဖို့က အခြေအနေနှစ်ရပ် လိုတယ်ထင်တာပဲ၊ လူတွေ ကုန်းကောက်စရာမရှိ၊ စားစရာမရှိတဲ့ ငတ်ရင်ငတ်၊ အဲသလို မငတ်ရင် လူလတ်တန်းစားတွေ ကြီးထွားပေါ့၊ ကျနော်တို့ မြန်မာပြည်က အဲဒီ အခြေအနေနှစ်ခုလုံး မကိုက်တော့ အပြောင်းအလဲမဖြစ်သေးတာထင်တာပဲ"
အတွေးကိုယ်စီ
မပြန်ခင် တညမှာ ကျနော်က မာလျာနဲ့ ဂျက်စီကို အမှတ်တရ ဓာတ်ပုံရိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့ နှစ်ယောက်ကြားမှာ ဝင်ရပ်လိုက်ပြီး " တယောက်က အိုစမာဘင်လာဒင်တို့ တိုင်းပြည်က၊ နောက် တယောက်က မဟတ္တမ္မဂန္ဒီတို့ တိုင်းပြည်က ၊ အလယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုင်းပြည်က ပေါ့ကွာ"
ဒါပေမဲ့ သူတို့က ကျနော့်ကို တခြားအမည်နဲ့ ကင်ပွန်းတပ်ချင် တပ်နိုင်ပါတယ်။ မြို့ထဲမှာ ကားစီးတုန်းက အင်ဒိုနီးရှား သတင်းထောက် ဘက်စတီက လစ်ဗျားက ကဒါဖီနဲ့ မြန်မာပြည်က သန်းရွှေနဲ့ ယှဉ်ရင် ဘယ်သူက ပိုရက်စက်သလဲလို့ ကျနော့်ကို မေးခဲ့တယ်မဟုတ်လား။
မပြန်ခင် ညစာစားပွဲမှာ ဂျာကာတာက မိတ်ဆွေတွေက ဂျာကာတာလာကြတဲ့ မြန်မာမှန်သမျှ ရည်မွန်ကြတာချည်းပဲ လို့ ပြောတော့လည်း ကိုယ့်လူမျိုးအတွက် အမှန်ပဲ ဂုဏ်ယူရပါတယ်။ စကားအထအန ကောက်တတ်တဲ့ အိန္ဒိယက ဂျက်စီက "အိန္ဒိယနဲ့ အာဖဂန်စ္စတန်က လာတဲ့ လူတွေကျတော့ မကောင်းတဲ့ သဘောပေါ့" လို့ ဝင်ထောက်တော့ ရယ်ရ၊ ပျော်ရပါတယ်။
တနေရာမှာတော့ တချိန်လုံး အရွှန်းဖောက်လာတဲ့ အာဖဂန်စနစ္စတန်က မာလျာက "အေးဗျာ၊ အာဖဂန်နစ္စတန်ဆိုရင်၊ လူတွေက အိုစမာဘင်လာဒင်၊ တာလီဘန်၊ အသေခံဗုံးခွဲသမား ဆိုတာလောက်ပဲ သိထားကြတယ်၊ ငါတို့ မျိုးဆက်သစ်တွေ လက်ထက်မှာပဲ လူတွေရဲ့ အဲသလို အမြင်တွေကို ပြောင်းလဲသွားအောင် လုပ်ရမယ်" လို့ တွေးတွေးဆဆ ပြောပါတယ်။ သူ့စကားက အလေးအနက်မို့ ဘယ်သူမှ မရယ်ကြတော့ပါ။
နေသွင်ညိဏ်း
(၂၉၊ ၀၉၊ ၂၀၁၁)
= https://www.facebook.com/nethwin.nyein/posts/1206026816481071 မှ ယူပါသည်