၂၀၂၀ မှာ ဘာတွေ ထားရစ်ခဲ့မလဲ၊ ၂၀၂၁ ကို ဘာတွေ သယ်ဆောင်သွားမလဲ

၂၀၂၀ မှာ ဘာတွေ ထားရစ်ခဲ့မလဲ၊ ၂၀၂၁ ကို ဘာတွေ သယ်ဆောင်သွားမလဲ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၀၂၀၂၀ နှစ်ကုန်ခါနီးမှာ သတင်းဌာနတွေ ပညာရှင်တွေက ဟောကိန်းတွေ စစ်တမ်းတွေ ထုတ်ကြတယ်။ ၂၀၂၀ မှာ ဘာတွေ ထားရစ်ခဲ့မလဲ၊ ၂၀၂၁ ကို ဘာတွေ သယ်ဆောင်သွားမလဲ။ ဒါမျိုးတွေ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကို ကုဗစ်၁၉ ဗိုင်းရပ်စ်က ကြီးစိုးလိုက်ပါတယ်။ ကိုဗစ်ထိန်ချုပ်လိုက်တဲ့ကမ္ဘာကြီးမှာ စနစ်တွေ အလိုကျ၊ လူတွေ အလိုကျ မဖြစ်တာကို အထင်အရှားတွေ့လိုက်ရပါတယ်။
၂၀၂၀ မှာ ကိုဗစ်ကို ထားရစ်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး။ ကိုဗစ်ဗက်ဆင်းပေါ်လာပေမယ့် သူ့ကို တကမ္ဘာလုံး အလုံအလောက် ထိုးပေးနီင်ဖို့ဟာ စိန်ခေါ်မှု ဖြစ်ပါတယ်။ ၂၀၂၁ နှစ်ကုန်တဲ့အထိ ကိုဗစ်ကို လူတွေဟာ ကျန်းမာရေးအသိနဲ့ ဆက်လက် တွန်းလှန်ကြရဦးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအသိ သိပ္ပံပညာအသိ ဗဟုသုတတွေကို ဆက်လက်သယ်ဆောင် ဖြန့်ချိပြီး ကပ်ဘေးကို ကျော်လွန်နိုင်ဖို့ ဆက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ကိုဗစ်က ၂၀၂၀ တခုလုံးကို သိမ်းပိုက်လိုက်တော့ အချို့နိုင်ငံတွေက ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းလိုက်ရတယ်။ သည်တော့ ၂၀၂၁ မှာ ရွေးကောက်ပွဲတွေ အများအပြား ကျင်းပဖြစ်လိမ့်မယ်လို့ စာနယ်ဇင်းတွေက ရေးကြပါတယ်။ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတချို့က ကိုဗစ်၁၉ကြောင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းထားတာတွေ၊ အတိုက်အခံတွေ ဆန္ဒပြသူတွေကို နှိပ်ကွပ်ထားတာတွေကို ပြန်လည် ပြုပြင်တာတွေ လုပ်ကြရပါမယ်။
ကိုဗစ်က ၂၀၂၀ မှာ အလုပ်အကိုင်တွေ အခွင့်အလမ်းတွေကိုလည်း ပြောင်းလဲပစ်လိုက်ပါတယ်။ ပုံမှန်ဘ၀နေထိုင်မှုကနေ အိမ်တွင်းပုန်းနေထိုင်နည်း၊ (ဂူအောင်းခြင်း)၊ အိမ်ကနေ အလုပ်လုပ်ခြင်း၊ Zoom / Internet တို့ဖြင့် အဝေးသင်ပညာရေးကို လိုက်စားရခြင်း စသည်ဖြင့် တကိုယ်ရေနေထိုင်မှုစတိုင် ပြောင်းလဲသွားပါတယ်။ အခြေခံအလုပ်သမားတွေရဲ့ ဘ၀ကတော့ ယေဘူယျအားဖြင့် မပြောင်းလဲပါဘူး။ ကိုဗစ်ကာလမှာ အကာအကွယ်တွေ ဝတ်ဆင်ပြီး (မျက်နှာဖုံးတတ်၊ လက်ဆေး၊ ဝေးဝေးနေ) စက်ရုံ အလုပ်ရုံ စျေးဆိုင် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ဗိုင်းရပ်စ်ကို အံ့တုပြီး အလုပ်လုပ်ရပါတယ်။ အဲသည်အတွက် သူတို့တွေအတွက် ဆုကြေး အပိုငွေကြေး ရရှိကြတယ်လို့ မသိရပါဘူး။
သည်တော့ အလုပ်သမားလူတန်းစားတွေအတွက် ၂၀၂၀ က ခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ၂၀၂၁ ကို ဆက်လက်ဖြတ်သန်းကြရမှာပါ။ အဲသည်အထဲမှာ အလုပ်ချိန်များများ၊ အလုပ်များများလုပ်ကြရတဲ့ လုပ်သားတွေကတော့ food delivery driver, online shop delivery driver တွေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍက အလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့တွေက အလုပ်သမားလူတန်းစားအသစ်တရပ်သဖွယ် ဖြစ်လာပြီး အရင်က လူစီးအငှားယျာဉ်မောင်းသူများ၊ အလုပ်ပြုတ်သွားတဲ့ စက်ရုံအလုပ်ရုံလုပ်သားများက အဲသည် ချဲ့ထွင်လာတဲ့ နယ်သစ်ထဲက ရောက်လာပါတယ်။ အွန်လိုင်းအမှာတွေကို ဆိုင်တွေဆီကိုယ်စားသွားပြီး ဝယ်ပေးတဲ့ personal shopper ကိုယ်စားစျေးဝယ်မှု ဝန်ဆောင်သူတွေလည်း ပိုမိုပြီး ထွန်းကားလာကြပါတယ်။ သည်အလုပ်တွေက ၂၀၂၁ ထဲမှာလည်း ဆက်ပြီး တည်ရှိနေမယ်၊ ဆက်လက် သယ်ဆောင်လာမယ်လို့ ယူဆရပါတယ်။
အဲသည် အလုပ်သမားလူတန်းစားအသစ်တရပ် တိုးချဲ့လာတာရဲ့ နောက်ကွယ်မှာတော့ နည်းပညာကုမ္မဏီကြီးတွေ နည်းပညာတွေ ရှိနေပါတယ်။ သိသာတဲ့ ဥပမာကတော့ Amazon လို အွန်လိုင်းစတိုးဆိုင်စနစ်က ထုတ်ကုန်များ၊ သိုလှောင်ရေးစနစ်များ၊ အမှာစာလက်ခံပြီး ရောင်းချခြင်း၊ အိမ်အရောက်ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်း ဖြည့်တင်းခြင်း၊ ကြော်ငြာခြင်း၊ စာသုံးသူနှင့် ရောင်းချသူတို့ ၂ဦးကြား ဝန်ဆောင်မှုပေးဆောင်ခြင်း စတဲ့ အလုပ်ကို အွန်လိုင်းကော စက်မှု လက်မှု ခေတ်မီနည်းပညာတွေ အရင်အနှီးတွေ သုံးစွဲမြုတ်နှံလုပ်ကိုင်တဲ့ ကုမ္မဏီကြီးများ ရှေ့တန်းရောက်လာတာ ဖြစ်ပါတယ်။ အွန်လိုင်းအမှာစာတွေ လိုက်ပို့တဲ့ ကားမောင်းသူတွေ သုံးတဲ့ APP တွေ ထုတ်လုပ်ပြီး စားသုံးသူ၊ ထုတ်လုပ်သူ၊ ပို့ဆောင်သူတို့ကို ချိတ်ဆက်ပေးတဲ့ နည်းပညာလုပ်ငန်းတွေရဲ့ ကဏ္ဍကလည်း နိုင်ငံတိုင်းမှာ အရေးပါလာပါတယ်။ အဲသည်နည်းပညာလုပ်ငန်းတွေ စားသုံးသူတွေအတွက် အော်တိုမိတ် လုပ်ပေးတဲ့ ဆော့ဝဲတွေ အက်ပ်တွေ ထုတ်လုပ်တဲ့ Microsoft, Facebook, Google, Amazon တို့လို အလားတူ ကုမ္မဏီများက ၂၀၂၁ မှာ ဆက်ပြီး ပန်းပန်ကြဦးမှာပါပဲ။
ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ က အရေးပါတာကို ကိုဗစ်၁၉ ကပ်မှာ လူတိုင်း အရင်းအနှီးကြီးကြီးပေးပြီး သိလိုက်ရပါတယ်။ အစိုးရတွေက ကျန်းမာရေးကဏ္ဍကို ကိုယ်တိုင် ဖြေရှင်းပေးတဲ့ နီုင်ငံတွေက အထိနာတာ သက်သာပါတယ်။ ဥပမာ - တရုတ်နိုင်ငံ၏ ကိုဗစ်၁၉ ကိုင်တိုင်မှု၊ ပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်၊ ကမ္ဘာဘဏ်ကဲ့သို့ အထောက်အပံ့အောက်က ဆောင်ရွက်တဲ့ ဖွံဖြိုးဆဲနိုင်ငံများ (အချို့)၏ လိုက်နာဆောင်ရွက်မှုတွေဟာ လူတွေကို အသေအပျောက် သက်သာစေတယ်ဆိုတာကို တွေ့ရပါတယ်။ ဖွံဖြိုးပြီး နိုင်ငံတွေထဲမှာ နယူးဇီလန်၊ ဩစတြေးလျ၊ စင်ကာပူတို့၏ ကျန်းမာရေးကဏ္ဍကို အစိုးရကိုယ်တိုင် အားပေးဆောင်ရွက်ပေးမှု ကာကွယ်ပေးမှုတွေဟာ အလွန်အကျိူးများတယ်ဆိုတာကိုလည်း တွေ့ကြရပါတယ်။ မြန်မာပြည်ကို ဥပမာပြုရရင်လည်း အမေရိကန် ဥရောပ ယူကေတို့ထက် အစိုးရ၏ ဝင်ရောက် ဆောင်ရွက်မှုတွေဟာ အလွန်အားရစရာကောင်းတာ ဝန်ခံရမှာ ဖြစ်ပါတယ်။ သည်တော့ ၂၀၂၁ မှာ လူထုကျန်းမာရေးကို တာဝန်ယူပေးတဲ့ အစိုးရရှိတဲ့ နိုင်ငံတွေက ပိုပြီး အလုပ်လုပ်နိုင်မယ်၊ မြန်မြန် နလန်ထူမယ်၊ အချိန်တိုအတွင်း တိုးတက်မှုလမ်းပေါ် ပြန်တက်လာမယ်လို့ ဆိုရပါမယ်။
ပညာရေးကို ၂၀၂၀ မှာ နိုင်ငံတိုင်းက ရွှေ့ဆိုင်းလိုက်ရတယ်၊ အရှိန်လျော့လိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ အနည်းဆုံး မူကြိုနဲ့ မူလတန်းကျောင်းတွေကို အချိန်ပိုင်းနဲ့ ပြန်ဖွင့်နိုင်တာပဲ ရှိပါတယ်။ ကျန်တာ အားလုံး အွန်လိုင်းချည်းပါပဲ။ အင်တာနက်မရှိတဲ့ ဒေသတွေ နိုင်ငံတွေအတွက်ကတော့ အများကြီး နစ်နာပါတယ်။ ပြီးတော့ ပညာရေးကို အွန်လိုင်းပေါ် မတင်နိုင်တဲ့ အဖွဲ့အစည်း၊ ကျောင်းနဲ့ နိုင်ငံတွေအတွက်လည်း အရှုံးဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းဝင်တဲ့ ကျောင်းသားဦးရေဟာ အမေရိကားမှာ ၄၀% လောက် အနည်းဆုံး ကျဆင်းတယ်လို့ ဆိုပါတယ်။ ကျောင်းဆက်မတက်တဲ့ ကျောင်းသားဦးရေလည်း ဒီ၄၀% ထဲ ပါဝင်တယ်။ ပညာရေးကို အစိုးရကိုယ်တိုင်က ပြန်ပြီး ထူထောင်မှု အားပေးမှု ထောက်ပံ့မှု ပြန်မလုပ်ပေးရင် ပညာရေးကဏ္ဍမှာ ၂၀၂၁ အတွင်း ဆက်ပြီး နစ်နာမှုတွေ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
၂၀၂၁ မှာ အဓိကဦးစားပေးလုပ်ကြရမှာက ဥတုရာသီအပြောင်းအလဲ (climate chage) စိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ဖြစ်တယ်လို့ ခေါင်းဆောင်တွေက ခန့်မှန်းပါတယ်။ ၂၀၂၀ မှာ လူတွေ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု (pollution) အနည်းဆုံးဖြစ်သွားတာရယ်၊ ကာဘွန်ဒိုင်အောက်ဆိုက် အလွန်အမင်း မထုတ်လုပ်ဘဲ နေထိုင်ရှင်သန်နိုင်ကြတာကို သတိပြုမိတာရယ်ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပိုပြီး ဆောင်ရွက်သင့်တယ်လို့ ထင်မြင်ချက်ပေးထားကြပါတယ်။ ကားတွေ ရထားတွေမှာ ဓာတ်ဆီ ဒီဇယ်အစား ဘက္ထရီအားကို သုံးတဲ့ စက်မှုပစ္စည်းတွေ ပြောင်းလဲလာဖို့ကိုလည်း အားပေးလာကြလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
အဲသည်အတွက် လူသားအားလုံးအတွက် နည်းပညာအသစ် နေထိုင်မှုအသစ်တွေအတွက် အလုပ်အကိုင်အသစ်တွေ ပေါ်ထွန်းအောင် အစိုးရတွေ လုပ်ငန်းရှင်တွေ အလုပ်သမားတွေက အချင်းချင်း တိုက်တွန်း တောင်းဆို အားပေးဖို့ လိုအပ်ပါတယ်။ ဥပမာ - လုပ်ခတွေ တိုးပေးတာ၊ အလုပ်အသစ်အတွက် သင်ကြားပေးဖို့ ပြင်ဆင်တာ၊ လူမှုဖူလုံရေးအတွက် ရန်ပုံငွေတွေ ပြင်ဆင်ချမှတ်ပေးတာတွေ အစိုးရတွေကော၊ လူထုကပါ နားလည်စွာ ပူးပေါင်းဆောင်ရွက် ဖို့ လိုပါတယ်။ ပြသနာက အစိုးရက ပြည်သူကို အားပေးကူညီနိုင်ဖို့ တိုင်းပြည်ကို ပြုပြင်ပြင်ဆင်ဖို့ အခွန်တိုးကောက်တာကို လူတွေက ခံနိုင်ရည် ရှိမရှိဆိုတာက မေးခွန်း ဖြစ်ပါတယ်။
၂၀၂၀ မှာ အဓိက ထင်ရှားတဲ့ အရေးကတော့ လူတန်းစားကွာဟချက် ကြီးမားမှု ထင်ရှားလာခြင်း ဖြစ်ပါတယ်။ ချမ်းသာတဲ့ လူတန်းစားက ကပ်ဆိုက်တာကို မဖြုံရေးချ မဖြုံကြသလို ဆင်းရဲတဲ့လူတန်းစားကတော့ ကပ်ဆိုက်လို့ ဒုက္ခရောက်ကြရပါတယ်။ ကပ်ဆိုက်တာ အားလုံးထိခိုက်တယ်လို့ ယေဘူယျဆိုနိုင်သော်လည်း ပြည့်စုံကြွယ်၀ပြီးသားလူတွေအတွက်က အိမ်တွေ ခြံတွေ စတော့ရှယ်ယာတွေ အကျိုးအမြတ်တွေ တက်ပြီးရင်း တက် တိုးပြီးရင်း တိုး လာကြပါတယ်။ ဥပမာကတော့ နည်းပညာကို မြုတ်နှံထားတဲ့ ငွေရင်းတွေက အမြတ်တွေထွက်၊ စျေးတွေ တက်ကုန်လို့ သူတို့တွေအတွက် အကျိုးရှိပြီး၊ သာမန် အခြေခံလူတန်းစားတွေကတော့ အခြေပျက်ကုန်ကြတာမို့ inequality က ကြီးမားလာတာကို တွေ့ရပါတယ်။ ၂၀၂၁ မှာလည်း အဲသည် ဆင်းရဲချမ်းသာ ကွာဟချက်က ဆက်ပြီး လိုက်ပါလာတာမို့ ဒါကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
၂၀၂၀ မှာ မေးခွန်းက - သင် အလုပ်ပြုတ်ပြီးပြီလား၊ အဖြေက ပြုတ်ထားပြီးပြီ ဆိုရင် - ဟောကိန်းက အဲသည်အလုပ်မျိုး ပြန်မရနိင်တော့ဘူး တဲ့။ အခြားအလုပ်သစ် နယ်သစ် ရှာပေတော့၊ သို့မဟုတ် ပင်စင်သာ ယူထားပေတော့တဲ့။ နောကိ မေးခွန်းက - သင်အလုပ်မပြုတ်သေးဘူးလား။ အဖြေက မပြုတ်သေးဘူး ဆိုရင် - ဟောကိန်းက ၂၀၂၁ မှာ အလုပ်ပြုတ်ခဲ့ရင် ခံနိုင်ရည်ရှိအောင် အခုကတည်းက ပြင်ဆင်ထားပေတော့ တဲ့။ ၂၀၂၀ က အပြောင်းအလဲတွေ အများကြီးဖြစ်အောင် ရွှေ့ထားလိုက်ပါပြီ တဲ့။ ကိုဗစ်၁၉ကြောင့်လည်း အဓိက ဖြစ်ပါတယ်။ ကိုဗစ်လွန်သွားလည်း အရင်အတိုင်း ပြန်မဖြစ်တော့ပါဘူး တဲ့။ အဲသည်အကြောင်းကို ပညာရှင်တွေ အစိုးရတွေ သတင်းသမားတွေက ဆက်ရေးကြ ဆက်လေ့လာကြ၊ ဆက်ပြောဆို ဆွေးနွေးနေကြလိမ့်မယ်။ နားဆက် စွင့်နေကြဖ်ု့သာ လိုပါတော့တယ်။