Breaking News

လှကျော်ဇော - လုပ်ဟန်ကောင်းတရပ်



လှကျော်ဇော - လုပ်ဟန်ကောင်းတရပ်

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၁

အိုမင်းရင့်ရော်တဲ့အထိ လေ့လာ
အိုမင်းရင့်ရော်တဲ့အထိ မိမိကိုယ်ကို မိမိပြုပြင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ချိုအင်လိုင်းရဲ့ လက်သုံးစကားပါ။

ဒါက လူပုဂ္ဂိုလ်တဦီးချင်းအတွက်သာ မဟုတ်ပါဘူး။ နိုင်ငံတွေ၊ လူမျိုးတွေ၊ အဖွဲ့အစည်းတွေ အတွက်ပါ ရည်ရွယ်ပုံရပါတယ်။ အထူးသဖြင့် ကြာရှည်ကြာများ ပြိုင်ဖက်မရှိ အာဏာရေရှည် ဆုပ်ကိုင်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအဖို့ကတော့ သူရဲ့ အာဏာတရားဝင်မှုရရှိရေးအတွက် မိမိတို့ရဲ့အုပ်ချုပ်မှုပုံစံကို ခေတ်နဲ့အညီရင်ဘောင်တန်းပြီး ပြည်သူလူထုတရပ်လုံး (သို့မဟုတ် အများတကာ့ အများစုကြီး) ရဲ့ထောက်ခံမှုရဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းရာမှာ လိုက်နာရမယ့် လုပ်ဟန်တရပ်အဖြစ် ရှိနေပါတယ်။

ဥက္ကဋ္ဌမော်ဟာ အလွန် လေ့လာရေးအားကောင်းသူပါ။ တခြားသူများကိုလည်း လေ့လာရေး လုပ်ဖို့ အမြဲတိုက်တွန်းနေတာပါ။ သူ ဦးဆောင်မှုရကတည်းက  ပါတီတရပ်လုံးကိုရော၊ အဆင့်အသီးသီးက ပါတီဝင်တွေကိုရော လေ့လာရေး လုပ်တဲ့ အကျင့်ဖြစ်လာအောင် ဘက်စုံကကြိုးစားပါတယ်။ သူကိုယ်တိုင်လည်း ပါတီတွင်းလေ့လာရေးစာတမ်းများကို ရေးပြီး ပါတီဝင်များကို လေ့လာစေပါတယ်။ သူရေးသားခဲ့တဲ့စာတမ်းများက မော်ဟာ ဘယ်လောက်လေ့လာထားတယ်၊ ဘယ်လောက် ဘက်စုံ သုတေသနလုပ်ထားတယ်၊ ဒါတွေကို ဘယ်လိုသိပွံနည်းကျ ခွဲခြမ်းစိတ်ဖြာ ပြထားတယ်၊ ဘယ်လို တီထွင်ဖန်တီးမှုရှိတယ် ဆိုတာတွေ တွေ့နိုင်ပါတယ်။

ဒါ့အပြင် ယင်အန်း(၁၉၃၀ခုနှစ်များ) က ဂျပန်ခုခံရေးတက္ကသိုလ်မှာ ပို့ချခဲ့တဲ့ မော်ရဲ့ပဋိပက္ခကျမ်း - လက်တွေ့ကျမ်း စတာတွေဟာလည်း မာက်စ်ဝါဒကို တရုတ်ပြည်ရဲ့ အခိုင်အမာလက်တွေ့နဲ့ ပေါင်းစပ်ပြီး တရုတ်ကွန်မြူနစ်များအတွက် အလွန်ကောင်းမွန်ခိုင်မာတဲ့ သဘောတရားအခြေခံများကို ရရှိစေခဲ့ပါတယ်။ ဒါတွေက
မာက်စ်ဝါဒကို တရုတ်မှုပြုလိုက်တဲ့ ကမ္ဘာကျော် မော်အတွေးအခေါ်များဆိုတာ ပေါ်ပေါက်စေလိုက်ပြီး ဒီအတွေးအခေါ်များအခြေခံကနေတဆင့် တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံရေးစစ်ပွဲကိုရော၊ နောက်ပိုင်းဆက်ဖြစ်ခဲ့တဲ့ (ကူမင်တန်နဲ့) ပြည်တွင်းစစ်ကိုရော အနိုင်ရစေခဲ့တာပါ။

ဒီလိုနည်းနဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ စမ်းသပ်မှုအမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး ၁၉၄၉မှာ တရုတ်ပြည့်သူ့သမ္မတနိုင်ငံကို တည်ထောင်လိုက်နိုင်ပါတယ်။

အဲဒီတုန်းက မော်က ဒီလိုပြောခဲ့တာပါ။
... တို့တတွေ ခရီးရှည်ချီတက်ပွဲကြီးတခုရဲ့ ပထမခြေလှမ်းကို စလှမ်းလိုက်ပီ ... တဲ့။

ဟုတ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးက ပိုခက်မှာပါ။

၁၉၅၀ခုနှစ်များမှာ မော်က ဆိုဗီယက်ကို လေ့လာပြီး ဆက်စပ်မှုကြီး (၁၀) ရပ် ဆိုတဲ့ စာတမ်းရေးသားခဲ့ပါတယ်။မော်ရဲ့ တခုတည်းသောနိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ဆိုဗီယက်ခရီးက အပြန်မှာ ဆိုဗီယက်ရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေ လှည့်လည်ကြည့်ရှုလေ့လာအပြီး ဆိုဗီယက်အားနည်းချက်များကနေ နိဂုံးချုပ်ရေးထားတဲ့ စာတမ်းပါ။ ဒီစာတမ်းအပေါ် အခြခံပြီး တရုတ်ပြည်ရဲ့ (၅) နှစ် စီမံကိန်းများကို ရေးဆွဲခဲ့ကြပါတယ်။

ဆိုလိုချင်တာကတော့ တရုတ်တို့ရဲ့ လေ့လာမှုစွမ်းရည်မြင့်မားခြင်းကို တွေ့မြင်နိုင်တာပါ။

ဒါကို ခေတ်အဆက်ဆက် တရုတ်ကွန်မြူနစ်များဟာ ထိန်းသိမ်းလုပ်ဆောင်ရုံမက ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်နေပုံရပါတယ်။ အထူးသဖြင့် ၂၀ဝ၂ က စလို့ တရုတ်ကွန်မြူ နစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့က အတည်တကျ စနစ်ကျစွာ ပြဌာန်းလိုက်တဲ့ တရုတ်ထိပ်တန်းခေါင်းဆောင်များရဲ့ အစုလိုက် လေ့လာရေး ဆွေးနွေးပွဲများ (Group Study Sessions) ကို ပုံမှန်ကျင်းပလာတာကို တွေ့လာရပါတယ်။

ကမ္ဘာလူဦးရေအများဆုံး နိုင်ငံကြီးကို အုပ်ချုပ်နေရတဲ့ နိုင်ငံရေးပါတီကြီးတရပ်အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီက အခုလို ပုံမှန် အစုလိုက်လေ့လာရေးဆွေးနွေးပွဲများက ဘာကိုပြဆို နေပါသလဲ။ ပါတီဟာ အပြန်အလှန်ဆွေးနွေးအဖြေရှာခြင်း၊ သတင်းနဲ့ နည်းပညာ အသိအမြင်များကို ဖလှယ်ခြင်းဖြင့် ပါတီရဲ့ပေါ်လစီများကို သိပွံနည်းကျစွာ၊ဒီမိုကရေစီရှိစွာ ရေးဆွဲကြပြီး ပါတီရဲ့အုပ်ချုပ်ရေးစနစ်ကို ခေတ်ကာလနဲ့အညီ တိုးတက်အောင်ကြံဆောင် လုပ်ဆောင်နေတယ် ဆိုတာပါပဲ။

ဥပမာအားဖြင့် - ဇူလိုင်လနောက်ဆုံးပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ လေ့လာရေးဆွေးနွေးပွဲအကြောင်း ကြည့်ရအောင်ပါ။

ဟောပြောသူက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကယ်ဒမီက သုတေသနပညာရှင် ချင်ရွန်တီပါ။အကြောင်းအရာက နိုင်ငံတော်ကာကွယ်ရေးနဲ့ လက်နက်ကိုင်အင်အားစုများ ခေတ်မီရေးကို အားဖြည့်ခိုင်မာတောင့်တင်းရေး ... တဲ့။ တက်ရောက်သူများကတာ့ သမ္မတရှီကျင့်ပင်ဦးစီးတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အားလုံးပါ။ ဟောပြောပွဲပြီးတာနဲ့ သဘာပတိဖြစ်သူ သမ္မတရှီ က ရှေ့ဆောင်ပြီး နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုး တက်မှုအကြား ဘယ်လိုဟန်ချက်ညီညီ လက်တွေ့လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆက်လက် ဆွေးနွေးကြ အမြင်တွေဖလှယ်ကြတာ လုပ်ကြပါတယ်။ ဒီလို သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာပညာရှင်များနဲ့ လေ့လာဆွေးနွေးတဲ့ နည်းများကြောင့် တိုင်းပြည်ရဲ့ထိပ်တန်းခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပ အခြအနေအရပ်ရပ်ကို အချိန်နဲ့တပြေးညီ သိရှိနိုင်ရုံမက နယ်ပယ်အသီးသီးက (state-of-the-art knowledge) အဆင့်မြင့် ဗဟုသုတများကို သင်ယူနိုင်တာကြောင့် အဲဒီခေါင်းဆောင်များရဲ့ နိုင်ငံရေးစွမ်းရည်တွေကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

ဒီလေ့လာရေးတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေက စုံပါတယ်။ ပေါ်လစီပြသာနာတွေဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ဆင်းရဲမှု ပပျောက်ရေး စတာများ။ သဘောတရားဆိုင်ရာ ပြသနာတွေဖြစ်တဲ့ ပါတီတည်ဆောက်ရေး၊ တရုတ်ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး စသဖြင့် အမျိုးအမည်စုံလှပါတယ်။

ဒီလေ့လာရေးတွေဟာ ပညာရှင်များရဲ့ ဟောပြောမှုများကို နားထောင်ရုံမျှ မကတော့ဘဲ အပြန်အလှန်ဆွေးနွေးဖလှယ်မှုတွေ၊ သုတေသနလုပ်ငန်းတွေ စတာတွေအထိ ချဲ့ထွင်လုပ်ဆောင်မှုတွေ ပါတီအဆင့်ဆင့် ကေဒါများပါဝင်လာမှုတွေ တိုးချဲ့လုပ်ဆောင်မှုတွေ စတာတွေ တသီကြီး ဆက်တိုက်ဖြစ်ပေါ်လာပြီး ဒါတွေကမှတဆင့် အုပ်ချုပ်မှုနည်းပညာတွေ ပိုမိုပြည့်စုံ ရင့်ကျက် လာစေပါတယ်။

ဒီလေ့လာရေးတွေဟာ ပါတီရဲ့ထိပ်ဆုံးခေါင်းဆောင်များအတွက် သက်ဆိုင်ရာဘာသာရပ်ပညာရှင်များရဲ့ ဆွေးနွေးမှုများကနေ အသိပညာ အသစ်အဆန်းတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေ၊ နိဂုံးချုပ်ချက်တွေ စတာတွေ ရရှှိနိုင်တဲ့ အခွင့်အလမ်းကောင်းတွေဖြစ်ပြီး ပေါ်လစီများရေးဆွဲရာမှာလည်း ခေတ်ကာလအပြာင်းအလဲတွေနဲ့အညီရေးဆွဲနိုင်ဖို့ အထောက်အကူတွေလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် ပါတီအောက်ခြေအဆင့်ဆင့် ခေါင်းဆောင်မှုအားလုံးအတွက်လည်း နမူနာကောင်းတွေ ဖြစ်စေပါတယ်။

ဒီလို လေ့လာရေးတွေ၊ မိမိကိုယ်မိမိပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းဖြင့် ပါတီဝင် သန်း (၉၀) ကျော်ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီကြီးဟာ အနှစ် (၇၀) ကျော်တိုင်အောင် (၁၉၄၉ မှ စလို့) တရုတ်ပြည်ကို အုပ်ချုပ်လာနိုင်ခဲ့ပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်ပုံစံကိုလည်း သိပွံနည်းကျ ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။

အခုကာလ တိုင်းပြည်အတွက် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အလွန်ခိုင်မာတဲ့ သဘောတရားအခြေခံနဲ့ ရေရှည်နိုင်ငံရေးအမြင် ရှိဖို့ လိုအပ်တယ်။ ဒီအတွက် ပါတီဟာ အဆက်မပြတ် ကျားကုတ်ကျားခဲ လေ့လာ ဆည်းပူး သွားကြရမယ် လို့ သူတို့ပါတီဝင်များကို တရံမလပ် လှုံ့ဆော် နေတာတွေ တွေ့ နေရပါတယ်။

အလွန်လေ့လာစရာကောင်းတဲ့ လုပ်ဟန်ကောင်းတရပ်ပါ။
လှကျော်ဇော
၇-၁-၂၀၂၁