Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၆ ရက် မြောက်နေ့ မြင်ကွင်း ...

Photo - Myanmar-NOW, Myay Ni Gone, Yangon 


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၆ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

ဖေဖော်ဝါရီ ၂၆ မှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲပါတယ်။ သတင်းထောက်တွေအပြင် ဆန္ဒပြသူတွေ ပြည်သူလူထုတွေလည်း ဖမ်းဆီးခံရပါတယ်။ ဒီနေ့ ၂၇ ရက်နေ့မှာလည်း စစ်တပ်က လမ်းပေါ်မှာ လူထုကို ရန်စပြီး အကြမ်းဖက်တာ ဖမ်းဆီးတာတွေ ဆက် ကျူးလွန်နေပါတယ်။ နယ်မြို့တွေမှာလည်း စစ်တပ်က အကြမ်းဖက်တာ ရန်စတာတွေ စတင် ဖြစ်ပွားလာပြီ လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ စစ်ကောင်စီ၏ ရွေးကော်အဖွဲ့နဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီတို့ တွေ့ဆုံကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး နောက်ရွေးကောက်ပွဲအသစ်တရပ် ကျင်းပရတော့မယ်လို့ ထုတ်ပြောပါတယ်။ စစ်ကောင်စီ ရွေးကော်ကို မတက်တဲ့ ပါတီ ၃၈ ပါတီထဲမှာ ရွေးကောက်ပွဲနိုင် NLD အပြင် တိုင်းရင်းသားပါတီတွေ အခြားပါတီတွေလည်း ပါဝင်ပါတယ်။ သည်တော့ သူတို့ပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းပစ်မှာလားဆိုတာက မေးခွန်း ဖြစ်လာပါတယ်။

ဖေဖော်ဝါရီ ၂၅ ကစပြီးတော့ စစ်တပ်နဲ့ ရဲက အများပြည်သူနေထိုင်တဲ့ အိမ်ယာ ရပ်ကွက်တွေအထိ ကျုးကျော်ဝင်ရောက်ပြီး ဖမ်းဆီးတာ ရိုက်နှက်တာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာတွေ စတဲ့ အကြမ်းဖက်မှုတွေ အတင့်ရဲသည်ထက် ရဲပြီး ကျုးလွန်လာပါတယ်။ သည်အချိန်မှာ မုံရွာမြို့ကလည်း မိမိတို့ဖာသာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကြောင်း ကြေညာပါတယ်။ မန္တလေးနဲ့တကွ အခြားမြို့ရွာတွေမှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ စဖွဲ့လာကြပါတယ်။

သည် ပအဖ တွေက စစ်ကောင်စီ၏ ထွေအုပ်တွေကို တိုက်ရိုက်စိန်ခေါ်တာ ဖြစ်လို့ စစ်တပ်ကလည်း ထိပ်တိုက်ရင်ဆိုင်ပြီး နေ့ရော ညရောမှာပါ တိုက်ခိုက်မှုတွေ တိုးလုပ်လာတာလို့ ယူဆနိုင်ပါတယ်။ ပအဖ အဖွဲ့တွေ အဆင့်ဆင့်စုဖွဲ့နိုင်ရင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားလည်း ရပ်နားသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လိုမျိုး ညိညီညွတ်ညွတ် မကြောက်မရွံနဲ့ အာခံနိုင်မလဲဆိုတာက မေးခွန်းဖြစ်လာပါတယ်။ အချင်းချင်း ချိတ်ဆက်ပြီး ဆွေးနွေးအဖြေရှာကြရမယ့် အချိန်လည်း ဖြစ်နေပါတယ်။

စစ်ကောင်စိ၏ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေး ထူထောင်နိုင်ဖို့ စစ်တပ်၏ တန်ပြန် အကြမ်းဖက်တိုက်ခိုက်မှုတွေကို အာခံနိုင်ဖို့ တွန်းလှန်နိုင်ဖို့ အရေးကြီးလာပါတယ်။ သပိတ်တိုက်ပွဲ လူထုတိုက်ပွဲ အတွေ့အကြုံတွေ ချိတ်ဆက်မှုတွေ နားလည်မှုတွေ အမြန်ဆုံးထူထောင်ပြီး ကွန်ယက်တွေနဲ့ နေ့ရော ညပါ စစ်တပ်နဲ့ ရဲကို ဝိုင်းထား ပိတ်ဆို့ထားနိုင်ရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အောင်မြင်တာပဲ ဖြစ်ပါမယ်။

မဖြစ်နိုင်ဘူးဆိုတာ သေချာနေပြီလားလို့ သံသယမဖြစ်ပါနဲ့။ ဖေဖော်ဝါရီ ၂၆ ရက် ရန်ကုန်ညသန်းကောင်မတိုင်ခင်၊ အမေရိကန်အရှေ့ပိုင်း မွန်းမတည့်ခင်၊ ကုလသမဂ္ဂ နယူးယောက်ဌာန မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH နဲ့ လူထုဘက်က ရပ်တည်ကြောင်း ဆုံးဖြတ်ကြောင်း ညီလာခံမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးတော့ ဒီမိုကရေစီ အရေးတော်ပုံအောင်ရမည်လို့ လက်သုံးချောင်းထောင်ပြီး ကြွေးကြော်လိုက်ပါတယ်။ ကုလသမဂ္ဂအစည်းအဝေးမှာ သူ့ကို လက်ခုတ်တီး ဂုဏ်ပြုကြသလို တကမ္ဘာလုံးက မြန်မာတွေကော ပြည်တွင်းက မြန်မာတွေကပါ တခဲနက် ဝမ်းသာအားရ ထောက်ခံဂုဏ်ပြုကြတာ ကမ္ဘာကြီး တုန်သွားတယ်လို့ ဆိုရမလိုပါပဲ။ နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာမှာ မြန်မာသံအမတ်တဦးက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ CDM လှုပ်ရှားမှုထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အခုတော့ ဖေဖော်ဝါရီ ၂၇ ရောက်ပါပြီ။ မြို့တွေမှာ လူတွေက လမ်းပေါ်ထွက် ဆန္ဒပြနေသလို စစ်တပ်နဲ့ ရဲကလည်း လိုက်လံအကြမ်းဖက် တိုက်ခိုက်နေဆဲပါပဲ။ ဖေဖော်ဝါရီ ၂၈ မှာ အာရှနိုင်ငံတွေထဲက တပါတီအာဏာရှင်လက်အောက်က လူငယ်တွေဂျန်းဇီတွေ၏ Milk Tea Alliance အဖြစ် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုလုပ်ကြမယ်လို့ စိန်ခေါ်ထားပြီး ဖြစ်ပါတယ်။ မြန်မာပြည်၏ နွေဦးတော်လှန်ရေးဟာ အာရှက အာဏာရှင်နိုင်ငံတွေဆီကိုလည်း နွေဦးအဖြစ် ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။

မြန်မာတွေအတွက်ကတော့ သမိုင်းအစဉ်အလာကောင်းခဲ့တဲ့ မတ်လ ဖက်ဆစ်တော်လှန်ရေးအဖြစ် ဆက်ချီတက်ကြရဖို့ မောင်းတင်ထားပြီး ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်က ဖက်ဆစ်တော်လှန်ရေးဆိုတာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုအားလုံးက ရရာလက်နက်ကိုင်စွဲပြီး ဖက်ဆစ်စစ်သားတွေကို မြေပေါ်ကနေ အမြစ်ပြတ် ချေမှုန်းခဲ့ကြတဲ့ မတ်လတော်လှန်ရေးကြီးတရပ်ဆိုတာ မေ့ကြမှာ မဟုတ်ပါဘူး။