Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၁၊ ၂၀၂၁

ရန်ကုန်မြို့ မြင်ကွင်း - ရန်ကုန်မြို့က မတ်လ ၁၄ ရက်နေ့ ရက်စက်တဲ့ ဖြိုခွဲမှုနဲ့ အဲဒီရက် နောက်ဆက်တွဲ ပိုပြီး ရက်စက် ကြမ်းတမ်းစွာ ဖြိုခွဲ၊ ဖမ်းဆီးမှုတွေ အများပြည်သူပိုင်ဆိုင်မှုတွေကို တမင်တကာ မြေလှန်ဖျက်ဆီးပြတာတွေ၊ ပစ်ခတ်ဒဏ်ရာရတဲ့သူတွေကို ဆွဲတင်သွားပြီးနောက်တရက်မှာ အလောင်းပဲ ပြန်ပို့တာမျိုးတွေကြောင့် လူထုအကြား ရွံ့ရှာမှု၊ စက်ဆုပ်မှု နဲ့အတူ စိုးရိမ်ကြောက်ရွံ့မှု တွေလည်း မြင့်တက်လာတဲ့ သဘောရှိပါတယ်။ ရန်ကုန်ရဲ့ လမ်းမတွေမှာ သွားလာတဲ့ ကားတွေ လူတွေ သိသိသာသာ နည်းပါးသွားပြီး သက်ဆိုင်ရာ မြို့နယ် အလိုက် လမ်းအလိုက် လမ်းသွယ်တွေထဲမှာပဲ ဆန္ဒပြမှု အာခံမှုတွေ ကြားရ မြင်နေရပါတယ်။ လမ်းမကြီးတွေပေါ်မှာ စျေးကား၊ စားသောက်ကုန်ပို့တဲ့ကား၊ ရေသန့်ပို့တဲ့ကားလို စီးပွားရေး အရ သွားလာတဲ့ ကားတွေလောက်ပဲ သွားလာတာ မြင်တွေ့ရပြီး အိမ်စီးကားတွေ တော်တော်နည်းပါးသွားတာတွေ့ရပါတယ်။ ဝိုင်ဘီအက်စ် ဘတ်စကားလိုင်း အနည်းငယ်သာ ပြေးဆွဲတာတွေ့ရပါတယ်။ မြို့ရဲ့ လူနေရပ်ကွက်အချို့မှာ ပြီးခဲ့တဲ့ ရက်က ပိတ်ဆို့ထားခဲ့တဲ့ သဲအိတ်တွေ အုတ်ခဲတွေ ၊ ကွန်ကရစ် အပိုင်းအစတွေကို ရှင်းလင်းပြီး ခုမနက်တော့ စည်ပင်ဝန်ထမ်းတွေက တံမျက်စည်းနဲ့လှည်းကျင်းနေတာ လှည်းအပြီး ရေကားနဲ့ ရေဖြန်းပြီး ဖုန်မထအောင် လုပ်နေတာလည်း ရေကျော်လမ်းဘက်မှာ တွေ့မြင်ခဲ့ရပါတယ်။

ရန်ကုန်နဲ့ မြို့ကြီးတွေကို ပုံမှန် အခြေအနေ ပြန်ရောက်နေတယ်ဆိုတာမျိုး ပြသဖို့ စစ်ကောင်စီက ကြိုးစားစဥ်မှာပဲ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေသာမကပဲ စီးပွားရေးအကြောင်းနဲ့ အပြင်ထွက်သူတွေပါ အသက်ဆုံးရှုံးနိုင် ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ရန်ကုန်မြို့က ပုံမှန် လည်ပတ်ဖို့ မလွယ်တဲ့ အနေအထားကို ဦးတည်နေတာတွေ့ရပါတယ်။ လှိုင်သာယာမြို့နယ်မှာ နေသူတွေ သိန်းနဲ့ချီပြီး ရန်ကုန်ကို စွန့်ခွာကြတဲ့ အဖြစ်က အစုလိုက် အပြုံလိုက် စွန့်ခွာမှုဖြစ်ပြီး အနည်းဆုံး သီတင်းပတ် ၄၊၅ ပတ်ကနေ ဒီထက်မကလည်း ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက် ရက်စက်စွာ နှိမ်နှင်းမှုက မြို့ကို အသက်ဝင်လာစေဖို့ထက် စွန့်ခွာဖို့ ဖြစ်လာစေတယ်လို့ ဆိုရမှာပါ။

ရန်ကုန်မှာ လမ်းသွယ်တွေအတွင်းမှာ ပြည်သူတွေက ဆန္ဒပြကြတယ်။ ညဘက်တွေမှာ သံပုံးတီးကြတော့ အချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်ပစ်ဖောက်ပြီး တုန့်ပြန်တယ်။ လူထုဟာ စစ်တပ်ကို ကျည်ကွယ်မျက်ကွယ်ကနေ စောင့်ကြည့်မှတ်သားနေတာကတော့ သေချာပါတယ်။ နယ်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ မန္တလေး အောင်ပင်လယ်ပစ်ခတ်မှုမှာ ပြည်သူ ၂ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ် ဆိုပါတယ်။ စစ်တပ်က အင်အားသုံးပြီး ဝန်ထမ်းအိမ်ယာတွေကနေ CDM ဝန်ထမ်းတွေကို မောင်းချတယ်။ ဘေးကပြည်သူတွေက ကားတွေ လူတွေနဲ့ ရောက်လာပြီး ကူညီရွှေ့ပြောင်းပေးကြတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကလည်း အောင်ပန်းပစ်ခတ်မှုဟာ အလွန်အကျည်းတန်တဲ့ သွေးမြေကျမှု ဖြစ်ပါတယ်။ ရန်ကုန်က We Love Yangon လူမှုအသင်းရုံးခန်းကို စစ်တပ်က အကြမ်းဖက်ဖောက်ထွင်းဝင်ရောက်လို့ အမျိုးသမီးတဦး ထိတ်လန့်ပြီး ၅ထပ်ပေါ်ကနေ ပြုတ်ကျ သေဆုံးပါတယ်။

မြို့ရွာဒေသခံတွေအတွက်ကတော့ သူတို့အိုးအိမ်ကို စွန့်ခွာဖို့ဟာ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့နေထိုင်အခြေစိုက်ရာ အိုးအိမ်တွေကို စွန့်မှာ မဟုတ်ဘူး။ သပိတ်တိုက်ပွဲနဲ့ ဝန်ထမ်းCDM ကို ဆင်နွဲနေသ၍ သူတို့လည်း လက်တွဲပြီး ရပ်တည်ပေးနေမှာ ဖြစ်ပါတယ်။ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်ခွဲခြားထားလို့သာ လူထုက အကွဲကွဲအပြားပြား ပြန်လည် ခုခံနေရတာဖြစ်ပေမယ့် စစ်တပ်ဘက်မှာ ရှိတဲ့ စစ်အင်အားဟာ အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သည်ထက်ပိုပြီး စစ်အင်အားတိုးစရာ မရှိတော့ဘူး။ မြို့ရွာဒေသခံ လူဦးရေအတွက်ကတော့ အခု ခုခံစစ်မှာ မပါဝင်သေားတဲ့ အရွယ်ကောင်း ကျားမတွေ အထောက်အကူပစစည်းတွေ လျော့သွားမှာမဟုတ်ဘဲ တိုးလာဖို့ပဲ ရှိပါတယ်။

မတ် ၂၁ မှာတော့ အားရှိစရာတခုကတော့ မင်းကိုနိုင်က လူထုကို အားပေးတဲ့စာတစောင်ထွက်လာတာ ဖြစ်တယ်။ သူက ပြည်သူလူထုဆီ ခိုလှုံလာတဲ့ စစ်သားတွေ ရဲသားတွေ အများအပြားရှိတယ်။ ပြည်ထောင်စုတပ် တိုင်းရင်းသားတပ်တွေကလည်း လူထုကို ကာကွယ်ပေးမယ်၊ အဲသည် ရက်တွေ နီးလာပြီလို့ ဆိုလိုပါတယ်။ ရခိုင်အရပ်ဖက် အဖွဲ့အစည်း ၁၀၀ နီးပါးလောက်ကလည်း စစ်ကောင်စိကို ဆန့်ကျင်ကြောင်း၊ ဖယ်ဒရယ်ပြည်ထောင်စုအစစ်အမှန်ကိုသာ လိုလားကြောင်း စာထုတ်ပြန်ပါတယ်။ KNU ကလည်း သူတို့နယ်မြေတွေထဲမှာ မအလစစ်တပ်တွေ ရိက္ခာ အင်အား ဖြည့်တင်းဖို့ သွားလာတာကို သီးခံမည် မဟုတ်ဟု ကြေညာပါတယ်။ ကချင်တိုင်းရင်းသားတွေ၏ KPICT အဖွဲ့က ကချင်ဘာသာနဲ့ထုတ်ပြန်ချက်မှာတော့ - ကချင်ပြည်သူတွေကို အခြေခံတယ်၊ ကချင်တွေရဲ့ မူလအခွင့်အရေးအာဏာကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ပြောထားတဲ့အကြောင်း ဘာသာပြန်ကတဆင့် သိရပါတယ်။ ပြည်တွင်း ပြည်ပက ကချင်တိုင်းရင်းသားတွေအားလုံးကို ရည်စူးပြီး ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

မန္တလေးက သပိတ်ခေါင်းဆောင် တေဇာဆန်းကလည်း ဆက်ပြီး တိုက်ပွဲဝင်ဖို့ ပြောကြားရင်းနဲ့ နိုင်ငံရေးသဘောတရားရေးကို ဖြည့်ကြဖို့ အခုလို မှာပါတယ်။ (အရေးတော်ပုံကြီးအတွင်းမှာပဲ လိုအပ်တဲ့ ပြည်သူလူထုကို တတ်စွမ်းသမျှ နိုင်ငံရေးသဘောတရား လက်နက် တပ်ဆင်ဖြည့်ဆည်းပေးပါ။ ဒီတော်လှန်ရေးကြီးရဲ့ အဓိပ္ပာယ်၊ အဘယ့်ကြောင့် အာဏာရှင်ကို တွန်းလှန်အံတုနေကြရတယ်ဆိုတာကို လေးလေးနက်နက် သိရှိနားလည်ပါစေ။ ကျနော်တို့ မျှော်ရည်တဲ့ ဘုံပန်းတိုင်က ဘာလဲ၊ ဘာ့ကြောင့်လိုအပ်တာလဲ စတာတွေ ရှင်းရှင်းလင်းလင်း နားလည်ပါစေ။)

အများက CRPH နဲ့ မဟာမိတ်တွေ နက်ဝပ်တွေ တိုင်းရင်းသားတွေ စုပေါင်းဆောင်ရွက်မှုတွေကို ပိုပိုပြီး မျော်ကြပါတယ်။ အဲသည်အချိန်မှာ သပိတ်ကော်မီတီတွေထဲက GSCC က နိုင်ငံရေးလမ်းစဉ်ဆိုတဲ့ အကြံပေးချက် ထုတ်ပြန်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များအပါအဝင် အင်အားစုများနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရထူထောင်ကြဖို့၊ ခြေဥအသစ်၊ ပြည်ထောင်စုအသစ်၊ ပြည်ထောင်စုတပ် ပြင်ဆင်ကြဖို့ တိုက်တွန်းတာပါ။ GSCN ကလည်း ပြည်ထောင်စုသံန္နဌာန် အခြေခံအချက် ၃ ချက် အကြံပြုပါတယ်။ နိုင်ငံသားအခွင့်အရေးနှင့်တာဝန်ကို သတ်မှတ်ခြင်း၊ အာမခံခြင်း၊ ပြည်ထောင်စုဝင်များအဖြစ် ကတိကဝတ်ပြုခြင်း၊ အနာဂတ်ပြည်ထောင်စုထူထောင်ရန် ဘုံသဘောတူညီချက်များ ချမှတ်ခြင်း ဆိုတဲ့ freedom charter ကို ဖော်ဆောင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဝိုင်းစဉ်းစား အကြံပေးကြတာတွေနဲ့ လက်တွေ့ဖော်ဆောင်လာမယ့် ခြေလှမ်းတွေကို စောင့်မျော်ကြရမှာ ဖြစ်ပါတယ်။

(Photo from facebook post, people protest in Yangon's internal streets avoiding main roads)

#MoeMaKaMedia 
#WhatsHappeningInMyanmar