မောင်မောင်စိုး - မြန်မာပြည်၏လက်ရှိ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး (၃)
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၁
နိုင်ငံရေး
မြန်မာပြည်၏ ရှည်ကြာလှသည့် နိုင်ငံရေးပဋိပက္ခများတွင် အင်အားစု ၃ စု သိသာစွာကွဲပြားနေသည်ကို တွေ့ရသည်။ အင်အားစုတစုက ဒီမိုကရက်တစ်အင်အားစုဖြစ်သည်။ အင်အားစုတစုက တပ်မတော်နှင့် သူအားထောက်ခံသည့် အင်အားစုဖြစ်သည်။ တတိယအင်အားစုက တိုင်းရင်းသားအင်အားစုများဖြစ်သည်။ အဆိုပါအင်အားစုများသည် ၁၉၄၈ ခုနှစ်မှစ၍ တဖြေးဖြေးကွဲပြားလာခဲ့ရာ ၁၉၆၂ တွင် ပို၍ကွဲပြားလာသည်။ ၁၉၈၈ နောက် ပိုင်းတွင် သိသိသာသာ ကွဲပြားလာခဲ့သည်။ ထိုအင်အားစု ၃ စုတွင် ဒီမိုကရက်တစ်အင်အားစုများမှာ နိုင်ငံရေးပါတီများအဖြစ်စုဖွဲ့ခဲ့ကြပြီး သူ့အားထောက်ခံသည် လူထုအင်အားဖြင့် စုစည်းသည်။ ထို့ပြင် အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် စုစည်းခဲ့ကြသည်။ နိုင်ငံရေးပါတီများဖျက်သိမ်းခံရခြင်းနှင့် အယူအဆကွဲပြားခြင်းများကြောင့်၎င်း၊ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်အကန့်အသတ်များကြောင့်၎င်း၊လွတ်လပ်စွာပြောဆိုရေးသားထုတ်ဖေါ်ခွင့် ကန့်သတ်ခံရမှုကြောင့်၎င်း စနစ်တကျ စုစည်းရန် အကန့်အသတ်ရှိခဲ့သည်။ တပ်မတော်အင်အားစုကတော့ တိုင်းပြည်ဘဏ္ဏာဖြင့် စုစည်းတည်ဆောက်ခွင့်ရထားသည့် လက်နက်ကိုင်အင်အားစုဖြစ်ရာ စုစည်းမှု၊စည်းရုံးဖွဲ့စည်းမှုအရ၊ ဘဏ္ဏာရေးအရ၊ လက်နက်ကိုင်ဆောင်မှုအရအခြားအင်အားစုများထက်သာလွန်ခဲ့သည်။ တိုင်းရင်းသားအင်အားစုများကတော့ တိုင်းရင်းရင်းသားနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ စာပေယဉ်ကျေးမှုအဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်း၊ လူမှုအကျိုးပြုအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများအဖြစ်ကွဲပြားနေကြသည်။ သို့သော် တိုင်းရင်းသားရေး၊ဖက်ဒရယ်ရေးအတွက် ရနိုင်သမျှ စုစည်းရန် အားထုတ်နေကြသည်။ ထိုအကြောင်းအချက်များအောက်တွင် စည်းရုံးဖွဲ့စည်းမှု၊ ဘဏ္ဏာတောင့်တင်းမှုနှင့် လက်နက်ကိုင်တပ်ဖြစ်မှု စသည့်အကြောင်းအချက်များကြောင့် တပ်မတော်သည် အသာစီးရခဲ့သည်။ တိုင်းပြည်၏ အာဏာနှင့်လုပ်ပိုင်ခွင့်အား အချိန်အတော်ကြာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ကြား ၁၀ နှစ်ကာလတွင်တော့ ထိုပွတ်တိုက်မှုသည် အတန်ငယ်ငြိမ်သက်သွားသည်။ အဓိက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့်ဟုဆိုရမည်။ အတိုက်အခံအင်အားစုများအား ပြန်လည်လွှတ်ပေးခြင်းခံရသည်။ လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်၊ ရုပ်သံလွှင့်ခွင့်ရလာသည်။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ရလာသည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီများသည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်၊ အစိုးရဖွဲ့ခွင့် ရလာသည်။ ဒီမိုကရေစီစံနှုံးများနှင့်တိုင်းထွာပါက မပြည့်ဝဟုဆိုနိုင်သော်လည်း အာဏာခွဲဝေမှုအဆင့်တော့ဖြစ်လာသည်။ တဖန် ၂၀၁၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးကြေညာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲစလာသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားနည်းချက်များရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် နိုင်ငံရေးအရ အဖြေရှာရန် စဉ်းစားချက်တခုတော့ ဖြစ်လာစေခဲ့သည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ခြင်းသည် နိုင်ငံတကာ၏ထောက်ခံမှုကို ရရှိစေခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု ရပ်တန့်သွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာအကူအညီများ ဝင်ရောက်လာသည်။ စီးပွါးရေးအပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းစပွင့်လာသည်။ ထိုအခြေခံများပေါ်မှ အရပ်ဖက် စစ်ဖက်ဆက်ဆံရေးဆိုသည့်အသံများ ကျယ်လောင်လာခဲ့သည်။ အမျိုးသားရင် ကြားစေ့ရေးဆိုသည့်အသံလွှမ်းခဲ့သည်။ မြန်မာပြည်လူ့အဖွဲ့အစည်းလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖြေရှင်းရန် ပြသနာများစွာရှိသေးသော်လည်း အတော်အတန် တည်ငြိမ်ခဲ့သည်။ အဓိကကတော့ မြန်မာပြည်လူ့အဖွဲ့အစည်းရှိအင်အားစု သုံးစုကြားတွင် စေ့စပ်ညှိနှိုင်းမှုကြောင့်ဖြစ်သည်။
ထို့ပြင် ၂၀၁၁ မှ ၂၀၂၀ ကြား ၁၀ နှစ်ကာလအတွင်း တွေ့ရှိရသည်မှာ ဒီမိုကရက်တစ်အင်အားစုများသည်၎င်း၊ တိုင်းရင်းသားအင်အားစုများသည် ၎င်း ပို၍စုစည်းမိလာခြင်းဖြစ်သည်။ ထိုအင်အားစုများ ပို၍အားကောင်းလာခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ထူးခြားချက်တခုမှာ ယနေ့ခေတ်ကာလ မျိုးဆက်သစ်လူငယ်များသည် ယခင်လူကြီးများနှင့် မတူကွဲပြားသည့် စဉ်းစားမှု၊ ခံယူမှု၊ စွမ်းရည်နှင့်သတ္တိများရှိကြခြင်းဖြစ်သည်။ ၎င်းမှာအကြောင်းမဲ့ဖြစ်လာခြင်းတော့မဟုတ်ပေ။ တမ္ဘာလုံးနှင့်ချိတ်ဆက်ထားသော အင်တာနက်ကွန်ယက်၊ လူမှုကွန်ယက်များ၊ နည်းပညာသစ်များအား အလျင်အမြန်ထိတွေ့ရခြင်း၊ နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှုမှန်တမ်းအခြေအနေတရပ်ဖြစ်လာခြင်းတို့က သူတို့၏ အသိ၊ အတွေး၊ အမြင်များကို ပွင့်လင်းစေခဲ့သည်။ ဆန်းသစ်စေခဲ့သည်။ ယခင်ခေတ်ကာလက လူများနှင့်မတူသည့်အခြေခံကို မျိုးဆက်သစ်လူငယ်များရရှိခဲ့သည်။ ထို့ဆက်သွယ်ရေးကွန်ယက်နှင့်နည်းပညာသစ်များအပြင် မြန်မာပြည်ကျေးလက်နှင့်တောင်တန်းဒေသမှ လူငယ်အများအပြား နိုင်ငံရပ်ခြားသို့ သန်းနှင့်ချီ၍ သွားရောက်အလုပ်လုပ်ကိုင်ခြင်းတို့က ယခင် ခေတ်ကာလရှည်ကြာစွာ မြန်မာပြည်တွင်တည်ရှိနေခဲ့သည့် ကျေးလက်၊ တောင်တန်းနှင့်မြို့ပြကြားရှိကွာဟချက်အားလည်း ကျဉ်းမြောင်းသွားစေခဲ့သည်။ သို့ဖြစ်ရာ ဒီမိုကရက်တစ်အယူအဆနှင့်အမျိုးသားရေးအသိအမြင်များသည်လည်း ယခင် ပညာတတ်နှင့်မြို့ပေါ်တွင်သာ ရေပမ်းစားသည့်အခြေအနေမှသည် ကျေးလက်နှင့်တောင်တန်းဒေသများသို့ပါ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ဒီမိုကရက်တစ်အင်အားစုသည် မြို့ပြတွင်သာမက ကျေးလက်တောင်တန်းပေါ်အထိ အားကောင်းလာခဲ့သကဲ့သို့ တောင်တန်းဒေသရှိတိုင်းရင်းသားလူမျိုးကြား အမျိုးသားရေးအသိသည် ပို၍အားကောင်းမောင်းသန်ဖြစ်လာတော့သည်။ ပို၍စုစည်းမိလာသည်။ စုစည်းမိသည်နှင့်အင်အားသည် ပို၍ကြီးထွားလာတော့သည်။
၂၀၂၁ ခုနှစ်ဆန်းမှစ၍ မြန်မာပြည်အင်အားစု ၃ စုကြား စေ့စပ်ညှိနှိုင်းထားသည့်အခြေအနေသည် ပြောင်းလဲသွားသည်။ မြန်မာပြည်လူ့အဖွဲ့အစည်းရှိ အင်အားစု သုံးစုကြားပြင်းပြင်းထန်ထန် တွန်းတိုက်မှုများအစပြုသည်။ အင်အားစုတစုနှင့်တစု တွန်းတိုက်၊ တွန်းထုတ်သည်နှင့် လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုပျက်ပြားသွားသည်။ ၂၀၁၁ မှ စတင်လာသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွါးရေးအပြောင်းအလဲနှင့် အရပ်ဖက်စစ်ဖက်ဆံရေးဆိုသည်အားလုံးသည် မညှာတမ်းသုံးသပ်ရလျင် သုံညမှတ်သို့ ရောက်သွားသည်။ မြန်မာပြည်လူ့အဖွဲ့အစည်းသည် နိုင်ငံရေးအကြပ်အတည်းတခုဆိုက်ရောက်သွားပြီး အကျိုးဆက်အဖြစ် စစ်ရေးပဋိပက္ခများ တိုးတက်များပြားလာသည်။ စီးပွားရေးအရ အကြပ်အတည်းလည်းကြုံလာခဲ့သည်။ ထို့ပြင် နိုင်ငံအကြပ်အတည်းကာလ ကြာမြင့်လာသည်နှင့်အမျှ ဖြေရှင်းရန်လည်း ပို၍ ခက်ခဲလာသည်။ တပ်မတော်သည် စည်းရုံးဖွဲ့စည်းမှုအရ အားသာသည်ဆိုသော်လည်း ဒီမိုကရက်တစ်အင်အားစုသည်၎င်း၊ တိုင်းရင်းသားအင်အားစုများသည်၎င်း တဖြေးဖြေးအားကောင်းလာနေသည်ဖြစ်ရာ အင်အားအရ ပွတ်တိုက်မှုပြင်းပြင်းထန်ထန်ဖြစ်လာသည်။ ထို့ပြင် အချိန်ကာလကြာ မြေပေါ် ဥပဒေတွင်း၌သာ လှုပ်ရှားနေသည့် ဒီမိုကရက်တစ်အင်အားစုများသည် လက်နက်ကိုင်ခုခံစစ်ဆိုသည့် ပုံသဏ္ဍာန်သို့ပြောင်းလဲသွားသည်။ သို့ဖြစ်ရာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စွဲကိုင်ထားသည့်ပုံသဏ္ဍာန်နှင့် တဖက်တည်းဖြစ်သွားရာ မြန်မာ့ပြည်လူ့အဖွဲ့အစည်းရှိ မတူသည့်နိုင်ငံရေးအမြင်ရှိသည့် အင်အားစုများကြား ပွတ်တိုက်မှုက ပို၍ပြင်းထန်လာတော့သည်။
မြန်မာပြည်လူ့အဖွဲ့အစည်းတည်ငြိမ်မှုရှိနိုင်သည့် အခြေအနေနှစ်ရပ်ရှိသည်။ အကြောင်းတရပ်မှာ အင်အားစုသုံးစုကြား စေ့စပ်ညှိနှိုင်းနိုင်သည့် အခြေအနေတွင်ဖြစ်သည်။ အခြားအကြောင်းတရပ်မှာ အင်အားစုတခုက အသာရစီးရသည့် အခြေအနေတွင်ဖြစ်သည်။ ထိုအခြေအနေတရပ်ရပ်မရှိပါက လူ့အဖွဲ့အစည်းသည် တည်ငြိမ်မှုမရှိနိုင်ပေ။ လက်ရှိအချိန်တွင် အနောက်နိုင်ငံများနှင့်တရုတ်တို့က အာစီယံအားရှေ့တန်းတင်၍ မြန်မာပြည်ပြသနာအားစေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရန်တိုက်တွန်းလျက်ရှိသည်။ နိုင်ငံတကာက မြန်မာပြည်တွင်း ပဋိပက္ခများပို၍ကြီးမားလာမည်ကို စိုးရိမ်နေကြသည်။ ပြည်တွင်းစစ်ပိုမိုကြီး မားကျယ်ပြန့်လာပြီး အရှေ့တောင်အာရှဒေသတွင်းသို့ ပျံ့နှံ့ထိခိုက်မည်ကို ပူပန်နေကြသည်။ မြန်မာပြည်၌ စီးပွါးရေးအရ ရင်းနှီးမြှုပ်နှံလိုသူများကလည်း စစ်ပွဲကျယ်ပြန့်လာပြီး ထိမ်းမနိုင်သိမ်းရ အခြေအနေမျိုးဖြစ်လာခါ တည်ငြိမ်မှုပျက်ပြားမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးဆိုသည်ကို သူတို့လိုလားနေကြသည်။ ထို့အတွက် ကြံဆနေကြသည်။ ညှိနှိုင်းနေကြသည်။ 'နစက' ကလည်း သူ့အနေအထားနှင့်သူ တိုင်းပြည်အခြေအနေကို လပိုင်းအတွင်း တည်ငြိမ်အောင်ထိမ်းသိမ်နိုင်ရန် ကြိုးစားနေပုံရသည်။
သို့သော် ပြည်တွင်းအခြေအနေက အင်အားစုများကြား ပွတ်တိုက်တွန်းထုတ်မှုက အမြင့်ဆုံးဖြစ်နေသည်။ အခြေအနေက အတင်းမာဆုံးဖြစ်နေသည်။ အာဃာတများ၊ နာကျည်းစရာများ၊ နာကျင်မှုများမြင့်တက်နေသည်။ နာစရာများကိုဖြေသိမ့်ရန် လွမ်းစရာမရှိဖြစ်နေသည်။ သို့ဖြစ်ရာအမြစ်ဖြတ်ချေမှုန်းရေးနှင့်အပြုတ်တိုက်ရေးဆီသို့ဦးတည်နေသည်။ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မှ စစ်ရေးနှင့်စီးပွါးရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့သော် နိုင်ငံရေးအကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်လမ်းပျောက်၍နေသည်။ ထွက်ပေါက်ပိတ်နေသည်။ ဤသည်ကား အရှိတရားဖြစ်နေသည်။ သို့သော်လည်း လက်ရှိအကြပ်အတည်းက စစ်ရေးတခုတည်းသက်သက်မဟုတ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေး၊ သံတမန်ရေးဖက်စုံကြုံတွေ့နေရသည်ဖြစ်ရာ လက်ရှိအခြေအနေအား လျင်မြန်စွာမဖြေရှင်းနိုင်ပါက တဟုန်ထိုးကြီးထွားလာတတ်ပြီး အခြေ အနေတခု၊ အချိန်အခါတခုရောက်လျင် လေတင်းလွန်းသည့် ပူပေါင်းကဲ့သို့ ပေါက်ကွဲသွားတတ်ပါသည်။ ဤအခြေအနေသို့သာ ဆိုက်ရောက်မည်ဆိုပါက ရှုပ်ထွေးခက်ခဲသော အခြေအနေတရပ်ကို ကျနော်တို့အားလုံး ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းရနိုင်ပါသည်။
ပြီးပါပြီ
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar