စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၂) ကုလသမဂ္ဂနှင့် ကူမင်တန် ကလိမ်ဉာဏ်
အခန်း (၁၂) ကုလသမဂ္ဂနှင့် ကူမင်တန် ကလိမ်ဉာဏ်
စက်တင်ဘာ ၂၁၊ ၂၀၂၁
၁၉၅၃ မေ ၂၂ ရက်မှာ သံအမတ်ကြီး စတန်းတန် က “မြန်မာနိုင်ငံမှ နိုင်ငံခြားတပ်များ ပြောင်းရွှေ့ထွက်ခွာရေး အတွက် ပူးတွဲစစ်ရေးကော်မတီ” အဖွဲ့ဝင်တွေကို ဘန်ကောက်သံရုံးကနေ ကြိုဆိုပါတယ်။ ပူးတွဲစစ်ရေးကော်မတီ (ဂျေအမ်စီ) လို့ လူသိများတဲ့ ဒီကော်မတီဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၇၀၇ (၇) က “လက်ရှိ တိုးတက်ဖြစ်ထွန်းနေသည့် ညှိနှိုင်းဆွေးနွေးများကို သင့်လျော်သည့် အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်ရန်” လို့ ရည်ညွှန်းထားတဲ့ ကော်မတီ ဖြစ်ပါတယ်။ သံအမတ်ကြီး စတန်းတန် က ကြည်းတပ် စစ်သံမှူး ဗိုလ်မှူးကြီး ရေမွန် ဒီ ပါးမား 1 ကို ဂျေအမ်စီ ဥက္ကဋ္ဌ အဖြစ် အဆိုပြုပါတယ်။ သူ့ကိုရွေးတာ မှန်ကန်ကြောင်း ပါးမားက သက်သေပြနိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို လက်တလုံးခြားလုပ်ဖို့ လီမီနဲ့ သူ့လက်ထောက်တွေနဲ့ပေါင်းပြီး ထိုင်ပေက အဖျက်သဘောနဲ့ လုပ်ဆောင်တွေ၊ ယုံအောင်လှည့်စားတာတွေ ရှိပေမယ့် သူက ကျွမ်းကျင်ပိုင်နိုင်စွာ ကျော်လွှားဆောင်ရွက်နိုင်ခဲ့တယ်။
မြန်မာနဲ့ ထိုင်းအစိုးရတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး တကယ်အလုပ်လုပ်နိုင်တဲ့ အရာရှိတွေကို ကော်မတီအတွက် အဆိုပြုတင်သွင်းလာတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဟာ အကြီးတန်း စစ်ဦးစီးအရာရှိ တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်ကြီး ဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနု ဆီက အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကောင်စီမှာ အလွန်ထင်ရှားသူ တဦး ဖြစ်လာတယ်။2 ထိုင်းအစိုးရကတော့ ကြည်းတပ်က ဒုတိယဗိုလ်မှူးကြီး ချတ်ချိုင်း ချွန်ဟာဝမ် ကို အမည်စာရင်းပေးတယ်။ သူ့ဖခင်က ဖင် ချွန်ဟာဝမ် ဟာ ထိုင်းဘုရင့်ကြည်းတပ် တပ်မှူးကြီး တဦးဖြစ်ပြီး ဖိဘွန်း ဆွန်ခရမ်း ကို ၁၉၄၈ မှာ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့တဲ့ အာဏာသိမ်းအုပ်စုရဲ့ အဖွဲ့ဝင် တယောက်ဖြစ်တယ်။ ၁၉၈၈ ခုနှစ်မှာ ချတ်ချိုင်းက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အာဏာသိမ်း ဖြုတ်ချခံခဲ့ရတယ်။3
ထိုင်ပေဘက်က ကော်မတီမှာ ပါဖို့ ထုံပေပေ လူတယောက် လွှတ်လိုက်ပါတယ်။ စစချင်း ဆောက်နဲ့ထွင်းဆိုသလို သူတို့ ကိုယ်စားလှယ် ကော်မတီပါဝင်ဖို့အတွက် မြန်မာနိုင်ငံဘက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲထားရမယ်လို့ တောင်းဆိုပါတော့တယ်။ အမေရိကန်က ဖိအားပေးလို့ ပြန်တိတ်သွားပြီး တရုတ်အမျိုးသားလေတပ်က ဗိုလ်မှူးကြီး ယီးဖူတေ ကို ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ပြန်လွှတ်လိုက်ပါတယ်။ အမေရိကန်မှာ ပညာသင်ကြားခဲ့ဖူးပြီး လူအများ လေးစားတာခံရတဲ့ လူတယောက်ဖြစ်တယ်။ လက်နက်ကိုင်တပ်ပေါင်းစု စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျိုရဲ့ အတွင်းဝန်၊ လီမီရဲ့တပ်အရေးကို ဆောင်ရွက်ရတဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက လှုပ်ရှားမှု အရာရှိလည်း ဖြစ်ပါတယ်။ သူ့အကို ယီးဖူအန်း က ဝါရှင်တန်မှာ လေတပ် စစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်နှစ်အတန်ကြာမှာ လာအိုနိုင်ငံမှာ ရှိတဲ့ ထိုင်ပေရဲ့ လျှို့ဝှက်တပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့အခါ အဓိကနေရာက ပါလာမယ့်သူဖြစ်တယ်။4 သူ့ကို ကော်မတီရဲ့ အလွတ်သလော ဆက်ဆံရေးအရာရှိ အဖြစ် တာဝန်ယူဖို့ အမေရိကန်က အကြံပြုတာကို လီမီက ပယ်ချလိုက်တယ်။
တရုတ်ဖြူတွေ ပြောင်းရွှေ့ထွက်ခွာရေးဟာ တလအတွင်း ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ပါးမား ဟာ “၁၉၅၃ ဧပရယ် ၂၂ ရက်နေ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ကို အကောင်အထည်ဖော်ရန် ယာယီ သဘောတူညီချက် မူကြမ်း” ဆိုတာကို ကော်မတီဝင်တွေဆီ မေ ၂၅ ရက်မှာ ဖြန့်ဝေပေးခဲ့တယ်။ ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်မှာ “နိုင်ငံခြားတပ်ဖွဲ့” အင်အား ၁၂,၀၀၀ နဲ့ မှီခိုသူ ၁,၂၀၀ ကို ရွှေ့ထုတ်သွားဖို့ စီစဉ်ထားတယ်။ တရုတ်ဖြူတပ်တော်အတွက် အဓိက ကန့်သတ်ချက်စည်းကမ်းကတော့ သူတို့ထိန်းချုပ်ထားတဲ့ ဆန်စပါး စိုက်ပျိုးတဲ့ အဓိကဒေသ ခြောက်ခုကို မြန်မာစစ်တပ်ဆီ တိုက်ရိုက်လွှဲအပ်ပေးရမှာ ဖြစ်ပါတယ်။ တခြားစည်းကမ်းတွေကတော့ အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲရမှာဖြစ်ပြီး မိုင်းဆတ်နဲ့ မိုင် ၃၀ ပတ်လည်ကို ဘေးကင်းမဲ့နယ်မြေ အဖြစ်လည်းကောင်း တာချီလိတ်−မယ်ဆိုင်ဘက် သွားတဲ့လမ်းကို ဘေးကင်းမဲ့လမ်းကြောင်းအဖြစ် လည်းကောင်း သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ကော်မတီ ဝန်ထမ်းတွေ အနေနဲ့ ပြောင်းရွှေ့ထွက်ခွာမယ့် တပ်တွေကို တာချီလိတ်မှာ လက်နက်ဖြုတ်သိမ်းရမှာ ဖြစ်ပြီး မြန်မာအစိုးရကို ပုန်ကန်နေတဲ့ သူပုန်တွေလက်ထဲ လက်နက်တွေ ရောက်မသွားအောင် ဂရုတစိုက်နဲ့ ထိုင်ဝမ်းအရောက် ပို့ပေးဖို့ကို ကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်မှာ တပ်တွေ ဆုတ်ခွာတာ လျင်မြန်ချောမွေ့စေဖို့ ဂျေအမ်စီက အဖွဲ့တခုက မိုင်းဆတ်ကို သွားသင့်တယ်လို့ အဆိုပြုထားတယ်။ ပါးမား၊ အောင်ကြီး နဲ့ ချတ်ချိုင်း တို့က မေ ၂၆ ရက်နေ့မှာ မူကြမ်းကို သဘောတူလိုက်ပေမယ့် ယီးဖူတေ ကတော ထိုင်ပေက လူကြီးတွေနဲ့ တိုင်ပင်ဦးမယ်ဆိုပြီး အချိန်ထပ်တောင်းပါတယ်။ ဒီလိုလုပ်တာဟာ တမင်အချိန်ဆွဲတာလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့က မြင်ပါတယ်။
ယာယီသဘောတူညီချက်မူကြမ်းနဲ့ ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်ကို ထိုင်ပေက အချိန်ယူစဉ်းစားပြီးနောက် အကန့်အသတ်နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆိုတာကို ယီးဖူတေ က ငြင်းပယ်လိုက်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံးမှာ အပစ်အခတ်ရပ်စဲမှု တောင်းဆိုလိုက်ပါတယ်။ အဲဒီအချိန်တုန်းက တရုတ်ဖြူတပ်တွေဟာ ကရင်၊ မွန် နဲ့ တခြားသူပုန်အဖွဲ့တွေနဲ့5 အတူ ရောထွေးယှက်တင် ဖြစ်နေတဲ့ အချိန် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲမှသာ တခြားသူပုန်တွေ တွဲဖက်ထားတဲ့ တရုတ်ဖြူတပ်တွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရဆီ သူ့ဘက်က တောင်းဆိုထားကို ကာကွယ်တဲ့အနေနဲ့ ယီးဖူတေက ဖုတ်ပူမီးတိုက် ထိုင်ပေကို ပြန်သွားတယ်။ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး အာသာ ဒဗလျူ ရတ်ဖို့ဒ်ရဲ့ အလည်အပတ် ခရီးစဉ်အတွက် ကူညီရမယ့် အလုပ် ရှိတယ်ဆိုပြီး အကြောင်းပြသွားတယ်။6 တကယ်တမ်းကတော့ အဆိုပြုထားတဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို နှောင့်နှေးအောင် ပရိယာယ်ဆင်မယ့် ထိုင်ပေရဲ့ ကောင်းကင်ဘုံစစ်ဆင်ရေး စီမံချက်ရေးဆွဲရာမှာ ကူညီဖို့အတွက် ယီးဖူတေ ပြန်သွားတာ ဖြစ်တယ်။
ခေါင်းမာတဲ့ လီမီ
ပါးမား၊ အောင်ကြီး နဲ့ ချတ်ချိုင်း တို့ကတော့ ဘန်ကောက်ကို လာပြီး တပ်ပြောင်းရွှေ့ထွက်ခွာရေး အတွက် အလုပ်လုပ်နေကြပြီ ဖြစ်ပေမယ့် ၁၉၅၃ မေ ၂၉ ရက်မှာ လီမီ က ထိုင်ပေမြို့ပြင် ယန်မင်ရှန်းက တထပ်တိုက်ကလေးမှာ အစည်းအဝေး တခု လုပ်တယ်။7 တက်ရောက်သူတွေကတော့ အမေရိကန် သံမှူးကြီး ဟောင်းဝပ် ပီ ဂျုံး၊ အမေရိကန် ကြည်းတပ် စစ်သံမှူး ဗိုလ်မှူးကြီး ဂျွန် အိတ်ချ် လတ်တင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ (ယဲ့ကုန်းချောင်း) အပြင် တခြား တရုတ်သမ္မတနိုင်ငံ အကြီးတန်း အရာရှိတွေ ပါတယ်။ လီမီ ဟာ စိတ်ရောကိုယ်ပါ ကျန်းမာနေပုံပေါက်နေပေမယ့် မကြာသေးခင်က လေသင်တုန်းဖြတ်ထားပြီး သွေးတိုးရောဂါ ရှိတဲ့အတွက်ကြောင့် မိုင်းဆတ်ကို ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ တကယ်တော့ နိုင်ငံတကာက ဝေဖန်မှာစိုးလို့ ချန်ကေရှိတ် က လီမီ ကို ထိုင်ဝမ်းမှာပဲ နေဖို့ အမိန့်ပေးထားတာပါ။ တရုတ်တွေက ပူးတွဲစစ်ရေးကော်မတီရဲ့ လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ပထမတော့ လီမီ က အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလိုက်ပြီး ပူးတွဲစစ်ရေးကော်မတီက အရာရှိတွေ မိုင်းဆတ် သွားဖို့ကိုလည်း သဘောတူလိုက်တယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သီးသန့်တွေ့ပြီးတဲ့နောက်မှာတော့ စိတ်ပြောင်းသွားပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်စလုံးက ကိုယ့်နေရာမှာ ကိုယ်ငြိမ်နေရေး ကိုတောင်းဆိုတယ်။ မြန်မာဘက်က အဆိုပြုထားတဲ့ မိုင်းဆတ်နားက ဘေးကင်းမဲ့နယ်မြေ ကျဉ်းကျဉ်းလေး ဆိုတာကို လက်ခံလိုက်မယ် ဆိုရင် သူ့တပ်တွေ မကြာခင်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီ မြန်မာတပ်တွေ ဝင်လာပြီး မိုင်းဆတ်ကို ဝိုင်းကြလိမ့်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တကယ်လို့သာ သူ့တပ်တွေက ပြောင်းရွှေ့ထွက်ခွာမယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဗိုလ်မှူးကြီး လတ်တင် က မြင်တယ်။ ၁၉၅၀ ခုနှစ် အစော်ပိုင်း က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ တရုတ်အမျိုးသားတပ်မတော် က အမြဲတမ်း စစ်သား ၁,၅၀၀ ကတော့ ပြောင်းရွှေ့ထွက်ခွာလာမှာဖြစ်ပေမယ့် ကျန်တဲ့သူတွေကတော့ ယူနန်က သူတို့ရဲ့ “ဇာတိ” ဖြစ်တာကြောင့် ထွက်လာကြမှာ မဟုတ်ဘူးလို့ လီမီ က ရှင်းပြတယ်။ အတော်လေး ဆွေးနွေးသွားပြီးတဲ့အခါ သူ့တပ်တွေ အများစု အခြေစိုက်ထားတဲ့ သံလွင်အရှေ့ခြမ်း တခုလုံးမှာ အပစ်အခတ်ရပ်စဲပေးမယ်ဆိုရင် ပူးတွဲစစ်ရေးကော်မတီက မိုင်းဆတ်ကို လာဖို့ကို လီမီ က သဘောတူမယ် ဆိုပါတယ်။ ပူးတွဲစစ်ရေးကော်မတီမှာ ပါဖို့ အရင်တခါက ငြင်းဖူးပေမယ့် အခုတော့ သူ့ကို ကိုယ်စားလှယ် တယောက် အနေနဲ့ ထည့်ပေးဖို့ ပြောတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာရေး လုပ်လုပ် မလုပ်လုပ် သူကတော့ ယူနန်ကို ဆက်တိုက်ဖို့ စစ်ဆင်ရေးတွေ စီမံထားတယ် ဆိုတာကို ယန်မင်ရှန်း အစည်းအဝေးမှာ လီမီ က ရှင်းရှင်းလင်းလင်း ပြောတယ်။ ဒါ့အပြင် အမေရိကန် ထောက်ပံ့ရေးကိုလည်း ပြန်စတင်ဖို့ သူကပြောတယ်။ တကယ်လို့ လက်နက်ပစ္စည်းတွေ လုံလောက်တယ်ဆိုရင် သူ့တပ်တွေဟာ နောက်လာမယ့် မိုးရာသီမှာ ယူနန် အနောက်ပိုင်းက ချေးလီ (ကျိုင်းရုံး) နဲ့ ဖုဟိုင် (မုန်းဟိုင်း) တို့ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူသာ ယူနန်ထဲကို ရောက်မယ်ဆိုရင် အမေရိကန်က စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ် ဆိုတဲ့ ဖရန့် မယ်ရိုရဲ့ အရင်တုန်းက ကတိတွေကို အမေရိကန်တွေ သိအောင် ထပ်ပြောပြတယ်။ ၁၉၅၁ နွေရာသီတုန်းကသာ အမေရိကန် အစိုးရက သူ့ကို ကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်မယ် ဆိုရင် သူ့တပ်တွေဟာ မြန်မာနိုင်ငံထဲမှာ ရှိနေမယ့် အစား ယူနန်မှာ အခြေစိုက်ထားနိုင်လောက်ပြီလို့ လီမီက မကျေမနပ်နဲ့ ညည်းညူတယ်။
သူ့မဟာမိတ် ကရင်တွေနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီး စတန်းတန် က ကေအဲန်ဒီအို စစ်ဦးစီးချုပ်နဲ့ ဘန်ကောက်မှာ တွေ့ပေးဖို့ သံမှူးကြီး ဂျုံး ကို လီမီက တောင်းဆိုတယ်။ မြန်မာဘက်က အပြင်းအထန် ဆက်တိုက် ဖိအားပေးနေတာကြောင့် တကယ်လို့ အနောက်တိုင်းအုပ်စုရဲ့ အကူအညီသာ မရဘူးဆိုရင် ကေအဲန်ဒီအို တပ်သား ၃၀,၀၀၀ လောက်ဟာ ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတော့မှာလို့ သူက ဆိုပါတယ်။ အစည်းအဝေးမှာ ဘာသဘောတူညီချက်မှာ မရခဲ့ပါဘူး၊ ဒါပေမယ့် ဂျုံးရဲ့ အစီရင်ခံစာကြောင့် ရုံးလုပ်ငန်းစဉ်မှာ အတော်လေး ပွက်လောရိုက်သွားတယ်။ တကယ်လို့သာ အမေရိကန်တွေက ကရင်တွေနဲ့ တွေ့မယ် ဆိုရင် “အမေရိကန်ပြည်ထောင်စုက ကေအဲန်ဒီအို ကို လက်နက်တွေ လျှို့ဝက် ထောက်ပံ့နေတယ် ဆိုတဲ့ ကောလာဟလကို မှန်ကန်ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားလိမ့်မယ်” လို့ ရန်ကုန်ကနေ သံအမတ်ကြီး ဆက်ဘယ် က အကြံပေးတယ်။ မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ ကေအဲန်ဒီအို အင်အားဟာ ၃၀,၀၀၀ မရှိဘဲ ၄,၀၀၀ သာ ရှိကြောင်း၊ လီမီကသာ ဝင်မမွှေရင် အဲဒီအထဲက အတော်များများဟာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံပြီးလောက်ပြီလို့လည်း သူက မှတ်ချက်ပေးပါတယ်။
ကောင်းကင်ဘုံ စစ်ဆင်ရေး
ဇွန် ၆ ရက် နေ့လယ်ပိုင်း၊ ယီးဖူတေ က နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ကို သူ့အိမ်မှာ သီးသန့် သွားတွေ့ပြီး ကောင်းကင်ဘုံ (ထျန်းအန်း) စစ်ဆင်ရေး စီမံချက်တွေကို ပြန်သုံးသပ်ကြတယ်။ ဆွေးနွေးချက်တွေကို လျှို့ဝှက်ထားနိုင်အောင် နိုင်ငံခြားရေးဝန်ကြီးက သူ့ကိုယ်တိုင်ပဲ လက်ရေးနဲ့ မှတ်စုလိုက်ရေးထားတယ်။ ချန်ကေရှိတ်က လီမီရဲ့ တိုက်ရည်ခိုက်ရည် အညံ့ဆုံး စစ်ဝန်ထမ်းတွေကို အမြဲတမ်းစစ်သားတွေ အဖြစ် ဟန်ဆောင်ပြီး ဆုတ်ခွာလာမို့ ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြတယ်။ ဒီလို ကလိမ်ဉာဏ်ဆင်တာက တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ စစ်ရေးစွမ်းရည်ကို မယုတ်လျော့စေပဲ ကုလသမဂ္ဂရဲ့ အလိုကိုလည်း လိုက်လျောရာ ရောက်ပါလိမ့်မယ်။ တရုတ်ဖြူ အမြဲတမ်းစစ်သားတွေ အပါအဝင် ကျန်နေမယ့် တပ်ဖွဲ့ဝင် ထောင်ဂဏန်းဟာ ကေအဲန်ဒီအို ယူနီဖောင်းတွေ ဝတ်ထားရလိမ့်မယ်။ အပစ်အခတ် ရပ်စဲရေး ပတ်သက်လို့ သူတို့နှစ်ယောက်စလုံး လီမီ လိုချင်တဲ့အတိုင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိုပဲ ဆက်လက်တောင်းဆိုဖို့ သဘောတူတယ်။ ဒါမှသာ တရုတ်ဖြူ ယူနန်တပ်တော်က ကေအဲန်ဒီအို တပ်တွေဆီ သွားပူးပေါင်းပြီး နေနိုင်လိမ့်မယ်။ ကောင်းကင်ဘုံ စစ်ဆင်ရေးဟာ ပူးတွဲစစ်ရေးကော်မတီရဲ့ မူလ အဆိုပြုချက်ဖြစ်တဲ့ အကန့်အကတ်နဲ့ အပစ်အခတ်ရပ်စဲရေး အတွက် ပြန်ပေးဖို့ တစုံတခု လိုအပ်နေပါတယ်။ သူ့တပ်တွေ အများစုက ထိုင်ပေနဲ့ လွတ်လွတ်ကင်းကင်း ဖြစ်နေလို့ ဘယ်လို စစ်ဆင်ရေးမျိုး မဆို လီမီက သဘောတူမှာ ဖြစ်တယ်လို့ ယီးဖူတေ က ရှင်းပြတယ်။ လီမီကို မြန်မာနိုင်ငံ ပြန်ပို့ပြီး ကောင်းကင်ဘုံ စစ်ဆင်ရေးကို ဆောင်ရွက်ခိုင်းမယ်လို့ ဂျော့ယဲ့ အကြံပေးပေမယ့် သူ့ကို ပြန်ခိုင်းဖို့အတွက် စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျိုရဲ့ ခွင့်ပြုချက်လိုလိမ့်မယ်လို့ ယီးဖူတေ က သတိပေးတဲ့အခါမှာတော့ အဲဒီအကြံကို ဘေးဖယ်လိုက်ကြပြန်တယ်။
စတန်းတန် က ကရင်ခေါင်းဆောင်တွေနဲ့ ဘန်ကောက်မှာတွေ့ဖို့ မေ ၂၉ ရက်က လီမီ အဆိုပြုခဲ့ဟာကို ဂျော့ယဲ့ နဲ့ ယီးဖူတေ တို့က မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုသာ ပေးတွေ့လိုက်မယ်ဆိုရင် ကရင်တွေ အတွက် တရုတ်ဖြူတွေနဲ့ လက်တွဲမယ့်အစား တခြားရွေးစရာလမ်းရသွားလိမ့်မယ်လို့ သူတို့က တွက်ဆမိတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က တပ်ဖွဲ့ဝင်တွေကို ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေက ထောက်ပံ့တဲ့ ငွေကြေးနဲ့ စစ်ရဲတပ်ဖွဲ့အဖြစ် အသွင်ပြောင်းထားဖို့ ဖောင်ဆီယာနွန်က အဆိုပြုတာကို စဉ်းစားဖို့ကို ယီးဖူတေ သဘောတူတယ်။ နောက်ဆုံးမှာတော့ ပြောင်းရွှေ့ထွက်ခွာရေးနဲ့ ထိုင်ဝမ်းမှာ ပြန်လည်နေရာချထားရေးအတွက် ဟွမ်ကျယ်ရဲ့ တပ်တွေကို အင်ဒိုချိုင်းနားကနေ ပြန်ပို့ပေးခဲ့တုန်းလို အမေရိကန်က အကုန်အကျခံပေးဖို့ စတန်းတန် ကို စည်းရုံးကြည့်ဖို့ ဂျော့ယဲ့ က ယီးဖူတေ ကိုပြောတယ်။
နောက်သုံးရက် အကြာ၊ ၁၉၅၃ ဇွန် ၉ ရက်မှာ ကောင်းကင်ဘုံ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနမှာ ပိုမိုကျယ်ပြန့်တဲ့ အစည်းအဝေး တခု ထပ်လုပ်တယ်။ ကျိုးကျိကျို သဘောပတိ လုပ်ပြီး ဂျော့ယဲ့၊ ယီးဖူတေ၊ လီမီရဲ့ ထိုင်ဝမ်းရုံးက အကြီးတန်း ဦးစီးအရာရှိ နဲ့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက တခြား အရာရှိ အတော်များများ တက်ရောက်ကြတယ်။ အခုအခါ တပ်ပြောင်းရွှေ့ထွက်ခွာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို အကျောက်အကန် ကန့်ကွက်နေတဲ့ လီမီ ကတော့ မတက်ပါဘူး။ ဘန်ကောက်က ပူးတွဲစစ်ရေးကော်မတီကို ပြန်သွားတဲ့အခါ ယီးဖူတေ က ဘယ်လို အပစ်အခတ်ရပ်စဲရေးမျိုးပဲ ဖြစ်ဖြစ် ပြောင်းရွှေ့ထွက်ခွာရေးအတွက် အနည်းဆုံး လိုအပ်တဲ့ သတ်မှတ်နယ်မြေတွေ ပါဝင်ရမယ် ဆိုတာကို တောင်းဆိုရမယ်− တာချီလိတ်မြို့နဲ့ ပတ်ဝန်းကျင် ၂၅ မိုင်အတွင်းနဲ့ ဒီနယ်စပ်မြို့ကို လာလို့မယ့် လမ်းကြောင်းလေးကြောင်းမှာ အပစ်အခတ် ရပ်စဲရမယ် လို့ အစည်းအဝေး တက်ရောက်သူတွေက သဘောတူကြပါတယ်။ မိုင်းဆတ်နဲ့ တခြား တရုတ်ဖြူ စခန်းကြီးတွေ အနီးပတ်ဝန်းကျင်မှာ အပစ်အခတ်ရပ်စဲရေးဇုန် မသတ်မှတ်ဖို့လိုတယ်။ ဒါမှသာ တရုတ်ဖြူတပ်တွ ကရင်တပ်တွေနဲ့ သွားရောက်ပူးပေါင်းနေထိုင်ကြမှာကို ပူးတွဲစစ်ရေးကော်မတီက စေ့စေ့စပ်စပ် မစစ်ဆေးနိုင်မှာဖြစ်တယ်။ ပူးတွဲစစ်ရေးကော်မတီက မိုင်းဆတ်ကို မလာနိုင်အောင်၊ လာရင်လည်း အနည်းဆုံးတော့ မြန်မာတွေ ပါမလာအောင် ကြိုးပမ်းဟန့်တားရမယ်၊ မြန်မာတွေ ပါလာရင် သူတို့ လုံခြုံရေးကို အာမမခံနိုင်ဘူးလို့ ပြောရမယ် အစရှိသဖြင့် ယီးဖူတေ ကို ညွှန်ကြားပါတယ်။ ပြောင်းရွှေ့ထွက်ခွာလာသူတွေနဲ့ အတူ မီးကျိုးမောင်းပျက်နဲ့ ခေတ်မမီတော့တဲ့ လက်နက်တွေကိုသာ အပ်ဖို့ ညွှန်ကြားပါတယ်။ ဒါ့အပြင် ၁၉၅၁ ယူနန်စစ်ဆင်ရေးအတွက် နောက်ကျမှ ရောက်လာပြီး ထိုင်းရဲတွေ ထိန်းသိမ်းထားတဲ့ လက်နက်တွေကိုလည်း အပ်လိုက်ဖို့ ပြောပါတယ်။ ဂျော့ယဲ့ က အဆိုပြုတဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးနဲ့ ပြန်လညနေရာချထားရေးအတွက် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ဖို့ ကိစ္စကို ဒီအစည်းအဝေးက လက်ခံလိုက်တယ်။
တရုတ်ဖြူတပ်သား၊ မှီခိုသူတွေ အပါအဝင် ၃,၀၀၀ ထက် ပိုပြီး ပြောင်းရွှေ့ထွက်ခွာခြင်း မပြုဖို့ ဒီအစည်းအဝေးကနေ သတ်မှတ်လိုက်တယ်။ ဒီထဲက သုံးပုံတပုံဟာ ပုံပါကျင် ယူနန် ကွန်မြူနစ် ဆန့်ကျင်ရေး တက္ကသိုလ်က သင်တန်းသားတွေ ဖြစ်ရပါမယ်။ ကျန်တဲ့သူတွေကတော့ ဂုဏ်ထူးဆောင်ဆု ပေးရမယ့် စစ်သားတွေ၊ ဖျားနာဒဏ်ရာရနေတဲ့ စစ်သားတွေနဲ့ မှီခိုသူတွေ ဖြစ်ရပါတယ်။ မြန်မာတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ၊ ဒုက္ခသည်တွေနဲ့ ပင်လယ်ရပ်ခြား တရုတ်လူမျိုးတွေကို လွှတ်ပေးဖို့ တွန်းအားပေးရန်လည်း ဇွန် ၉ ရက် အစည်းအဝေးက သဘောတူလိုက်ပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က မြန်မာ အကျဉ်းသား ၁၈ ယောက်သာ ထိန်းသိမ်းထားပေမယ့် မြန်မာဘက်က တရုတ်ဖြူ စစ်သား ၃၀၀ ကျော်၊ တရုတ်ဖြူတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ ပင်လယ်ရပ်ခြား တရုတ်လူမျိုး ၂၀၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။ နောက်ဆုံးမှာတော့ မိုင်းဆတ်က တရုတ်ဖြူ ယူနန်တပ်တော်က အကြီးတန်း ဦးစီးအရာရှိတွေကို ကောင်းကင်ဘုံ စစ်ဆင်ရေး အကြောင်း ရှင်းပြဖို့ ကိုယ်စားလှယ် တယောက် စေလွှတ်သင့်ကြောင်း အစည်းအဝေး တက်ရောက်သူတွေဟာ အကြံပြုကြပါတယ်။ ပူးတွဲစစ်ရေးကော်မတီရဲ့ ယာယီသဘောတူညီချက် မူကြမ်းနဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ အစီအစဉ်တွေကို ဘယ်လို လက်တလုံးခြား လုပ်မလဲဆို စီမံပြီး နောက်တနေ့မှာ ဂျော့ယဲ့ က ဒီစာရွက်စာတမ်း နှစ်ခုစလုံးကို လက်ခံပေးဖို့ သူ့အစိုးရကို အကြံပေးပြီးပြီလို့ သံမှူးကြီး ဂျုံး ကို ပြောလိုက်ပါတော့တယ်။
တရုတ်ဖြူတွေ ကလိမ်ဉာဏ်ဆင်နေတာကို ဝါရှင်တန်က သတိထားမိပါတယ်။ “ပြည်မကြီးစစ်ဆင်ရေးဌာန လိုမျိုး လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်နိုင်တဲ့“ တရုတ်သမ္မတနိုင်ငံက ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ် တချို့က က လီမီရဲ့တပ်တွေ ဆုတ်ခွာရေးကို အပြင်းအထန် ကန့်ကွက်နေကြကြောင်း ပူးတွဲစစ်ရေးကော်မတီ အစည်းအဝေး စပြီး သုံးရက်အကြာမှာပဲ နိုင်ငံခြားရေးဌာနက ရန်းကင် ကို အကြောင်းကြားပါတယ်။ “ပူးပေါင်းဆောင်ရွက်ဖို့ ပေးထားတဲ့ ကတိအတိုင်း တရုတ်အစိုးရက ဘယ်လောက်လိုက်လုပ်နိုင်မှာလဲ” ဆိုတာကို သံသယရှိနေကြပါတယ်။ လီမီရဲ့တပ် ဆက်ပြီးနေနိုင်အောင် မျှော်ကိုးပြီး တရုတ်ဖြူ အရာရှိတွေက ရှမ်းခေါင်းဆောင်တွေကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာဖို့ တိုက်တွန်းနေတယ်လို့ နိုင်ငံခြားရေးဌာနက ရန်းကင်ကို ပြောပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဖုရှင်း လေကြောင်းလိုင်း ကိုယ်စားလှယ်တွေဟာ လီမီရဲ့တပ်တွေကို ထောက်ပံ့ပေးနိုင်အောင် ခရီးရှည်ပျံသန်းနိုင်တဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ်တွေ လာရှာနေပါတယ်။ တရုတ်အမျိုးသားလေတပ်ကလည်း သူ့မှာရှိတဲ့ အင်ဂျင်လေးလုံးတပ် ကင်းလှည့်ဗုံးကြဲလေယာဉ်တွေထဲက တစီးကို ဒီရည်ရွယ်ချက်အတွက် သုံးဖို့ စီမံနေပါတယ်။ ကောင်းကင်ဘုံ စစ်ဆင်ရေးကို အတည်ပြုလိုက်တဲ့ ကျိုးကျိကျို ဦးစီးတဲ့ ဌာနပေါင်းစုံ အစည်းအဝေး အပြီး နောက်တရက် ဇွန် ၁၀ ရက်နေ့မှာ တရုတ်သမ္မတနိုင်ငံ အစိုးရထဲ မတူတဲ့အမြင်တွေ ရှိနေတယ်ဆိုတာကို ဝါရှင်တန်က သိနေကြေင်း၊ တပ်တွေပြောင်းရွှေ့ထွက်ခွာရေး မူဝါဒကို ထိုင်ပေက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို အမေရိကန်က စိုးရိမ်ကြောင်း ရန်းကင် က ဂျော့ယဲ့ကို ပြောပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေကို လေကြောင်းကပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ပြန်လည်ပို့ဆောင်ဖို့ ကြိုးစားမယ်ဆိုရင် ကုလသမဂ္ဂကို အာခံတာပဲဖြစ်တယ်လို့ ရန်းကင် က သတိပေးပါတယ်။ ကိုရီးယားမှာလည်း ငြိမ်းချမ်းသွားပြီဖြစ်လို့ ကုလသမဂ္ဂထဲက ထိုင်ပေရဲ့ နေရာကို ပေကျင်းကို ပေးဖို့ ကွန်မြူနစ် မဟုတ်တဲ့ အစိုးရ အတော်များများကတောင် လိုလိုချင်ချင်ဖြစ်နေကြကြောင်း သတိပေးပါတယ်။ အမေရိကန်တွေ ဘယ်လိုစိုးရိမ်နေသလဲဆိုတာကို ချန်ကေရှိတ် ဆီ အစီရင်ခံပါ့မယ်လို့ ဂျော့ယဲ့ က ကတိပေးတယ်။ ကောင်းကင်ဘုံစစ်ဆင်ရေးအတွက် ပြင်ဆင်မှုတွေလည်း ဆက်လက် အကောင်အထည်ဖော် နေပါတော့တယ်။
ပူးတွဲစစ်ရေးကော်မတီ ဆွေးနွေးပွဲ ထိုင်ခုံတန်းများ
ထိုင်ပေက အစည်းအဝေးတွေ ပြီးသွားတဲ့နောက် ယီးဖူတေ က ပူးတွဲစစ်ရေးကော်မတီ အစည်းအဝေးကို မြန်မာ၊ ထိုင်းနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အတူ ပြန်လည် တက်ရောက်ခဲ့ပါတယ်။ ထိုင်ပေမှာ သဘောတူခဲ့တဲ့အတိုင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တောင်းဆိုနေတာကို ယီးဖူတေ က အလျှော့ပေးလိုက်ပါတယ်။ သူအဆိုပြုတဲ့ တာချီလိတ်နဲ့ ပတ်လည် ၂၅ မိုင်ကို အပစ်အခတ်ရပ်စဲရေးဇုံ၊ တာချီလိတ်ကိုလာမယ့် ဘေးမဲ့လမ်းကြောင်း လေးကြောင်းကို ကော်မတီက အတည်ပြုလိုက်တဲ့အပြင် မြောက်ဘက်က အပစ်အခတ်ရပ်စဲရေးဇုံ နှစ်ခုကိုလည်း ထပ်ဖြည့်ပေးလိုက်တယ်။ အဲဒါတွေကတော့ ကချည်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတဝိုက်နဲ့ ရှမ်းပြည်နယ် လားရှိုးမြို့ အနီးတဝိုက်တို့ ဖြစ်ပါတယ်။ အဲဒီနောက် မြေပြင်မှာ ကော်မတီဝင် မြန်မာတွေရဲ့ လုံခြုံရေးကို အာမခံဖို့ မဖြစ်နိုင်လို့ ပူးတွဲစစ်ရေး ကော်မတီက မိုင်းဆတ်ကို မသွားဖို့ သူက နားချပါတယ်။ တခြားရွေးချယ်စရာလမ်းအနေနဲ့ အမေရိကန်တွေ က မိုင်းဆတ်က “တောထဲက ဗိုလ်ချုပ်တွေ” လို့ ခေါ်ရမယ့်လူတွေက ဘန်ကောက်ကို ကိုယ်စားလှယ်တွေ စေလွှတ်လာမယ့် ကိစ္စကို ကော်မတီက သဘောတူလိုက်ရပါတယ်။
လီမီရဲ့ အကြီးတန်း လက်ထောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး လီဇေဖန်း မိုင်းဆတ်ကနေ ဘန်ကောက်ကို ရောက်လာတဲ့ နောက်ပိုင်းမှာတော့ ပူးတွဲစစ်ရေးကော်မတီမှာ ဆွေးနွေးညှိနှိုင်းရတာ အတော်လေး ခက်ခဲလာပါတော့တယ်။ လီဇေဖန်း ဟာ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို အပြင်းအထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ စတန်းတန် တာဝန်မပြီးဆုံးခင် နှစ်ရက်အလိုမှာ သူနဲ့ ယီးဖူတေ က စတန်းတန်ကို အိမ်မှာ သွားတွေ့ပါတယ်။ တွေ့ကြတာနဲ့ သူဟာ ယီးဖူတေရဲ့ အာဏာအောက်မှာ မရှိတဲ့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၇၀၇ (၇) ကလည်း တရားမဝင်ဘူးလို့ လီဇေဖန်း က အထက်စီးက ထပြောပါတယ်။ မူရင်း တရုတ်အမျိုးသားတပ်မတော်က အမြဲတမ်းစစ်သား ၁,၆၀၀ သာကျန်ရှိပြီး အနည်းငယ်လောက်ကပဲ ပြောင်းရွှေ့ထွက်ခွာဖို့ လက်ခံလိမ့်မယ်လို့ သူက ဆိုပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်ဟာ မဟာမိတ်တွေက တဆင့် ကြီးထွားလာတာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် တကယ်လို့ တရုတ်ဖြူ အမြဲတမ်း တပ်ဖွဲ့တွေ ပြောင်းရွှေ့ထွက်ခွာသွားပြီးရင် မြန်မာတွေက လက်တုံ့မပြန်နိုင်အောင် မဟာမိတ် ကရင်နဲ့ မွန်တွေကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း လီဇေဖန်း က ရှင်းပြပါတယ်။ လီဇေဖန်း ပြောပြသမျှကို စတန်းတန် က နိုင်ငံခြားရေးဝန်ကြီး ဒါးလက်စ်ကို တင်ပြလိုက်ပါတယ်။ ဘန်ကောက်မြို့ ဂျူလိုင်လ ၃ ရက်နေ့ အစည်းအဝေးမှာတော့ ယာယီသံမှူးကြီး အာရွန် အက်စ် ဘရောင်း က လီဇေဖန်းရဲ့ တောင်းဆိုချက်ကို အမေရိကန် အစိုးရက ဘယ်လိုတုံ့ပြန်သလိုဆိုကို ပြန်ပြောပြရပါတယ်။ စတန်းတန် ဘန်ကောက်က မပြန်ခင်မှာ အကြံပေးသွားတဲ့အတိုင်း အမေရိကန် အစိုးရက လီဇေဖန်းရဲ့ နိုင်ငံရေး သဘောထားနဲ့ စည်းကမ်းချက်တွေဟာ “လုံးဝလက်ခံနိုင်စရာ မရှိဘဲ၊ စဉ်းစားပေးဖို့လည်း မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ၇၀၇ (၇) ကလည်း သဘောထားကွဲလွဲမှု မရှိဘဲ ဆုံးဖြတ်ထားတာ ဖြစ်လို့ ထိုင်ပေက ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာကို ကြားလိုက်ရတဲ့အခါ လီဇေဖန်း က “ကြက်သေသေပြီး မယုံနိုင်” ပုံပေါက်သွားပါတယ်။ အစကတော့ လီဇေဖန်း က ခွန်းတုံ့ပြန်ချက် ထပ်ပို့မယ်လို့ ဘရောင်း ကို ပြောပေမယ့် နောက်တော့ စိတ်ပြောင်းသွားတယ်။ လီဇေဖန်း က ဘရောင်းနဲ့ မတွေ့ခင်လေးမှာပဲ သတင်းစာဆရာတွေနဲ့ တွေ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၀၇ (၇) က “တရားမဝင်ဘူး” လို့ ပြောခဲ့သေးတယ်။ အဲဒီအင်တာဗျူးက နောက်တနေ့ မနက် ဘန်ကောက်က သတင်းစာတွေမှာ ပါလာလို့ အမေရိကန်နဲ့ တရုတ်ဖြူ အရာရှိတွေ စပ်ဖျဉ်းဖျဉ်းဖြစ်ကုန်ရတယ်။
ဂျူလိုင်လ ၆ ရက်နေ့မှာ လီမီရဲ့ ထိုင်ပေရုံးက လက်ထောက် ဒုတိယဗိုလ်ချုပ်ကြီး လီဝင်ပင် က ဘန်ကောက်ကို တရုတ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင် အနေနဲ့ ရောက်လာတော့တယ်။8 သူ့ကို အစိုးရက ရွေးလိုက်တာ မဟုတ်ဘဲ သူ့ဆရာဖြစ်တဲ့ လီမီက ရွေးချယ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ လီဝင်ပင် ရဲ့ အပြင်ပန်းတာဝန်ကတော့ “တောထဲကဗိုလ်ချုပ်တွေ” ပူးပေါင်းဆောင်ရွက်လာအောင် ညှိနှိုင်းပေးဖို့ ဆိုပေမယ့် အမှန်ကတော့ သူတို့ရဲ့ နှောင့်နှေးအောင် လုပ်မယ့် နည်းဗျူဟာတွေကို အလျင်အမြန် အကောင်အထည် လာဖော်တာ ဖြစ်တယ်။
ယာယီသံမှူးကြီး ဘရောင်း နဲ့ လီဝင်ပင် တို့နှစ်ယောက်သား နောက်ဆုံးတော့ ဂျူလိုင် ၂၈ ရက်နေ့မှာ တွေ့ဖြစ်ကြတယ်။ လီမီရဲ့တပ်တွေနဲ့ ပတ်သက်တဲ့ ရလဒ်ကို “အနှေးနဲ့ အမြန်” မြင်ရလိမ့်မယ်လို့ လီဝင်ပင် က နှစ်သိမ့်ပါတယ်။ ထိုင်ပေရဲ့ မဟာဗျူဟာဟာ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို စက်တင်ဘာ ၁၅ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင်အထိ အချိန်ဆွဲထားဖို့ ရည်ရွယ်နေကြောင်း အမေရိကန်နဲ့ မြန်မာအရာရှိတွေကတော့ သတိထားနေမိပါတယ်။ တပ်တွေဆုတ်ခွာဖို့ ဘယ်လောက်နောက်ကျနေပါစေ အစကနေ ပြန်ပြီး ငြင်းခုံနေရတဲ့ အတွက်ကြောင့် တိုးတက်မှုကို ထိခိုက်စေတယ်လို့ တရုတ်ဖြူကိုယ်စားလှယ်တွေက စောဒက တက်ကြပါဦးမယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံပြီးသွားရင် ထိုင်ပေ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို တဖြည်းဖြည်းနဲ့ လုံးဝရပ်တန့်သွားအောင် လုပ်ပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အတွက် ကောင်းကျိုး မရှိနိုင်ပါ။ ဒီအတောအတွင်းမှာလည်း ဖုရှင်း လေကြောင်းလိုင်းက ပီဘီဝိုင်လေယာဉ်တွေဟာ မိုင်းဆတ်က တရုတ်ဖြူတပ်တွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့နေတာကလည်း ကောင်းကင်ဘုံစစ်ဆင်ရေး အတွက်သာ ဖြစ်ပြီးတော့ တပ်ပြောင်းရွှေ့ထွက်ခွာရေး အတွက် မဟုတ်ပါဘူး။ လီဝင်ပင် အမေရိကန်တွေနဲ့ ညှိနှိုင်းနေတုန်း လီဇေဖန်း က ထိုင်ဝမ်းကို သွားပြီး နောက်ပိုင်းအစီအစဉ်တွေ အတွက် လီမီနဲ့ တိုင်ပင်ကြပါတယ်။
ထိုင်ပေမှာ ဝန်ကြီးချုပ် ချန်ချိန် 9က သဘာပတိ အဖြစ်ထိုင်ပြီး လီမီ၊ လီဇေဖန်းနဲ့ တခြား အရာရှိတွေ တွေနဲ့ ဩဂတ် ၇ ရက်မှာ အစည်းအဝေးလုပ်တယ်။ ကောင်းကင်ဘုံ စစ်ဆင်ရေးမှာ မိုင်းဆတ်ကို စွန့်လွှတ်လိုက်ရပေမယ့် တပ်အင်အား ၁,၇၀၀ ထက် ပိုပြီး မထွက်ခွာဖို့ ဆုံးဖြတ်ကြတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က လက်အောက်ငယ်သား တပ်မှူးတွေ ပူးပေါင်းဆောင်ရွက်အောင် နားချကြဖို့အတွက် လီဇေဖန်းနဲ့ ထိုင်ပေမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတယောက်က မိုင်းဆတ်ကို သွားတယ်။ သူကိုယ်တိုင်က ခွင့်ပြုချက်မပေးရင် ဘယ်တပ်ကိုမှ ပြောင်းရွှေ့ထွက်ခွာခွင့် မပြုဖို့ လီမီက လျိုယွမ်လင် ကို သီးသန့် ညွှန်ကြားလိုက်တယ်။
ပူးတွဲစစ်ရေးကော်မတီက မြန်မာတွေ ထွက်ပြီ
ဘန်ကောက်မှာ ယီးဖူတေ က အချိန်ဆွဲပြီး မရှုပ်ရှုပ်အောင် လုပ်နေတာကြောင့် တခြား ပူးတွဲစစ်ရေး ကော်မတီဝင်တွေရဲ့ သည်းခံချင်စိတ်လည်း ကုန်ခန်းနေပါပြီ။ တရုတ်ဖြူ ယူနန်တပ်တော်က ထိန်းချုပ်ထားတဲ့ ဆန်စပါးစိုက်နိုင်တဲ့ မြေပြန့်လွင်ပြင် ခြောက်ခုရဲ့ နာမည်ကို တပ်ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ စီမံချက်ကနေ ဖယ်ထုတ်လိုက်ဖို့ ယီးဖူတေ က အဆိုပြုပါတယ်။ ဒါပေမယ့် ပူးတွဲစစ်ရေးကော်မတီ ဥက္ကဋ္ဌ ပါးမား က အဲဒီဒေသနာမည်ခြောက်ခုဟာ စီမံချက်ထဲမှာပဲ ဆက်ရှိနေရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်နှစ်ရက်မှာ ယီးဖူတေ က အခြေစိုက် စခန်းကြီးတွေရှိတဲ့ နေရာနာမည်တွေကို ချန်လှပ်ပြီး ပြင်ဆင်ထားတဲ့ စီမံချက်ကို ဖြန့်ဝေလိုက်ပြီး ပါးမားကို အာခံလိုက်ပါတယ်။ ကော်မတီဝင်တွေက ပြောင်းရွှေ့ထွက်ခွာမယ့် တပ်တည်နေရာ အခင်းအကျင်းနဲ့ ပတ်သက်ပြီး အစိမ်းသက်သက်ဖြစ်နေကြလို့ မသိနိုင်ဘူးလို့ ထင်ပုံရပါတယ်။။ ပူးတွဲစစ်ရေးကော်မတီက မိုင်းဆတ်ကိုသွားပြီး တပ်တည်နေရာတွေကို လေ့လာကြည့်ရှုဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ အစောပိုင်းက အဆိုပြုချက်ဆို တရုတ်ဖြူ ကိုယ်စားလှယ်တွေက ပိတ်ပင်တားဆီးကြောင်း၊ ယီးဖူတေ ပြောတဲ့ “နိုင်ငံခြားတပ်ဖွဲ့တွေ” ဆီက သတင်းအချက်အလက်တွေ တိုက်ရိုက်မရနိုင်ဘူးဆိုတာကလည်း မေးခွန်းထုတ်ချင်စရာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ တရုတ်ဖြူ ကိုယ်စားလှယ်တွေရဲ့ ကဖျက်ယဖျက်လုပ်နေတာကို စိတ်ကုန်လာတာကြောင့် ပါမားက သူပြင်ဆင်လာတဲ့ သဘောထား စာတမ်းကို ဖတ်ပြပါတယ်။ အဲဒီထဲမှာ ယီးဖူးတေက အချိန်ဖင့်အောင် လုပ်နေတာဟာ “တရုတ်ရဲ့ ရည်ရွယ်ချက်နဲ့ အပေါ် အများကြီး သံသယတွေ ဖြစ်စေတဲ့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို တရုတ်ဘက်က တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ဝတ်ကျေတန်းကျေ ဟန်ပြလုပ်ဆောင်နေပြီး နောက်ကွယ်က မြန်မာနိုင်ငံအတွင်းက နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြောင်း ပေါ်လွင်နေတယ်” လို့ ပါရှိပါတယ်။ ပါးမားက မြန်မာအစိုးရထံ အပ်နှံရမှာဖြစ်တဲ့ အခြေစိုက်စခန်းတွေရဲ့ နာမည်တွေကို စီမံချက်ထဲမှာ ဆက်လက် ထည့်သွင်းရမှာ ဖြစ်ပြီး၊ “နိုင်ငံခြားတပ်ဖွဲ့တွေဟာ သူတို့အခြေစိုက်နေခွင့် မရှိတဲ့နေရာ၊ သူတို့ကို ဘယ်သူမှ လက်မခံတဲ့ နေရာဖြစ်တဲ့ မြန်မာနိုင်ငံက ပြောင်းရွှေ့ထွက်ခွာ” ရမယ်လို့ ပြောပါတယ်။ ပါးမားလိုပဲ ဘန်ကောက်က အမေရိကန် သံတမန်တွေဟာ တရုတ်ဖြူတွေရဲ့ အပြုအမူကို မလိုလားကြောင်း ပွင့်ပွင့်လင်းလင်း ပြသကြပါတယ်။
၁၉၅၃ စက်တင်ဘာ ၁၀ ရက်၊ ကုလသမဂ္ဂ အဋ္ဌမအကြိမ် အထွေထွေညီလာခံ မစတင်ခင်မှာ ဆုံးဖြတ်ချက် အမှတ် ၇၀၇ (၇) အရ “နိုင်ငံခြားတပ်တွေ” ပြောင်းရွှေ့ထွက်ခွာရေးနဲ့ ပတ်သက်တဲ့ တိုးတက်မှု အစီရင်ခံစာကို မြန်မာအစိုးရက တင်သွင်းပါတယ်။ အစီရင်ခံစရာဆိုလို့ မဆိုစလောက် တိုးတက်မှုသာ ရှိပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာ ဦးနု က သူကိုယ်တိုင် သမ္မတ အိုင်စင်ဟောင်ဝါ ဆီ စာရေးပြီး တရုတ်ဖြူနဲ့ ပတ်သက်ပြီး သူ့ဆီ အကူအညီတောင်းပါတယ်။ ဒါပေမယ့် ချန်ကေရှိတ် ဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ် တရုပ် မဟုတ်ကြောင်း၊ အိုင်စင်ဟောင်ဝါရဲ့ နိုင်ငံရေးပါတီထဲမှာတင် ချန်ကေရှိတ် က ထောက်ခံပေးနေတဲ့ အာဏာကြီးမားသူတွေ ရှိနေကြောင်း၊ ပြည်တွင်းနိုင်ငံရေးကိုလည်း ထည့်သွင်းစဉ်းစားနေရတာကြောင့် ဒုံပေကတ်သတ်နိုင်တဲ့ မဟာမိတ် တယောက်နဲ့ ဆက်ဆံရာမှာ သမ္မတမှာ ရွေးချယ်စရာ နည်းလမ်းသိပ်မရှိဘူး ဆိုတာတွေကိုတော့ ဦးနု က နားလည်သဘောပေါက်ခြင်း မရှိပါဘူး။ ကိုရီးယားစစ်ပွဲကြောင့် အမေရိကန်တွေရဲ့ အတွေးမှာ ကွန်မြူနစ်တွေကို “အလျှော့ပေးတာတွေ” ဟာ နိုင်ငံရေးအရ လက်ခံနိုင်စရာ မရှိဘူးလို့ ထင်မြင်နေပါတယ်။ ဒါ့အပြင် အတိတ်က လီမီနဲ့ ပတ်သက်ခဲ့ဖူးတာတွေ ပေါ်ပေါက်လာရင် တရုတ်ဖြူတွေနဲ့ ပတ်သက်လို့ လူထုက ဝေဖန်လာရင် အမေရိကန်အစိုးရ အနေနဲ့ အခက်ကြုံလာနိုင်ပါတယ်။
ဘန်ကောက်မှာတော့ ပူးတွဲစစ်ရေးကော်မတီကို စိတ်အချဉ်ပေါက်လာပြီ ဖြစ်တဲ့ မြန်မာကိုယ်စားလှယ်တွေက ထိုင်ပေ ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်မှု နည်းပါးတာကို ဝေဖန်လိုက်ပြီး “နိုင်ငံခြားတပ်ဖွဲ့တွေ” ဖြစ်ကြတဲ့ အရေအတွက် အနည်းငယ်ပဲရှိတဲ့ တရုတ်အမျိုးသားတပ်မတော် အမြဲတမ်းတပ်ဖွဲ့တွေအပြင် အရေအတွက် များပြားတဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင် အားလုံး ပြောင်းရွှေ့ထွက်ခွာဖို့ တောင်းဆိုလိုက်ပါတော့တယ်။ တရုတ်ဖြူ ယူနန်တပ်တော်ဟာ အင်အား ၁၂,၀၀၀ လောက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ လီမီရဲ့ အရာရှိတွေဟာ သူတို့တပ်ဖွဲ့တွေကို တတ်နိုင်သလောက် အများစု ချန်ထားခဲ့ဖို့ ရည်ရွယ်နေကြောင်း မြန်မာတွေက သိပါတယ်။ တရုတ်ဖြူတွေရဲ့ နည်းဗျူဟာကို တန်ပြန်နိုင်ဖို့ အတွက် ၂၁ ရက်အတွင်း (အမြဲတမ်းနဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့) အင်အား ၅,၀၀၀ ထက်အနည်း ပြောင်းရွှေ့ထွက်ခွာပါမယ်ဆိုတဲ့ သဘောတူညီချက်ကို စက်တင်ဘာ ၂၃ ရက် မတိုင်ခင် လက်မှတ်ထိုးပေးဖို့ မြန်မာကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။ မလိုက်လျောရင် မြန်မာတွေ ကော်မတီက ထွက်မယ်လို့ ဆိုပါတယ်။ ပါးမားနဲ့ ထိုင်းတွေက ၂၁ ရက်အတွင်း လူငါးထောင်ကို ရွှေ့ထုတ်ဖို့ အချိန်မလောက်နိုင်ကြောင်းပြောလို့ မြန်မာတွေဘက်က ၃၅ ရက်အထိ တိုးပေမယ်၊ ဒါပေမယ့် ကျန်တဲ့ တရုတ်ဖြူ ယူနန်တပ်တော်က တပ်ဖွဲ့ဝင်အားလုံး သုံးလအတွင်း အကုန်ထွက်သွားရမယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ ယီးဖူတေ က ဒီအဆိုပြုချက်နဲ့ ပတ်သက်လို့ သူဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောတာနဲ့ မြန်မာကိုယ်စားလှယ်တွေလည်း ပူးတွဲစစ်ရေးကော်မတီက နုတ်ထွက်လိုက်ကြတယ်။ ဒီမှာ လာဆွေးနွေးနေရတာဟာ “အရူးမလင်တော်” ရတဲ့အတိုင်းပဲ လို့ မြန်မာတွေက ဆိုပါတယ်။
ဆောင့်ကြီးအောင့်ကြီး လိုက်လျောလိုက်ရတဲ့ ချန်ကေရှိတ်
မြန်မာတွေ နုတ်ထွက်သွားလို့ အမေရိကန်ကလည်း ချန်ကေရှိတ်အပေါ် ပိုပြီးဖိအားပေးပါတော့တယ်။ တကယ်လို့ တပ်ပြောင်းရွှေ့ထွက်ခွာရေးအတွက် အကူအညီပေးရမယ်ဆို ဝါရှင်တန်က စက်တင်ဘာ ၁၇ ရက်မှာ တောင်းဆိုလိုက်တဲ့ “အနည်းဆုံး လိုအပ်ချက်တွေ” ကို ရန်းကင် က ထိုင်ပေကို ပို့ပေးပါတယ်။ အဲဒီအထဲမှာ− မြန်မာနိုင်ငံ တပ်တွေအားလုံး ပြောင်းရွှေ့ထွက်ခွာဖို့ ယာယီသဘောတူညီမူကြမ်းကို လက်မှတ်ရေးထိုးပါမယ်လို့ ထိုင်ပေက တရားဝင် ကြေညာရမယ်၊ အခြေစိုက်စခန်းကြီး ခြောက်ခုစလုံးက ပြောင်းရွှေ့ထွက်ခွာရမယ်၊ အောက်တိုဘာ ၃၁ ရက်မှာ မြန်မာနိုင်ငံကနေ စစ်သား ၂,၀၀၀ ထွက်ခွာရမယ်၊ ထွက်ခွာဖို့ ငြင်းဆန်တဲ့ အမြဲတမ်းစစ်သားတွေကို တပ်ပြေးအဖြစ် ကြေညာရမယ်၊ ကျန်ရှိတဲ့ တပ်တွေကို ဆက်လက် မထောက်ပံ့ဖို့ ကတိပေးရမယ် လို့ ပါရှိပါတယ်။ ဒီအတောအတွင်း ရန်ကုန်မှာ ရှိတဲ့ ဆက်ဘယ် ကလည်း မြန်မာဘက်က စတင်တိုက်ခိုက်ခြင်း မလုပ်ဖို့ နားချဖို့ လုပ်ရပါတယ်။
နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အဋ္ဌမအကြိမ် အထွေထွေညီလာခံ ကို သွားတက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၂၆ ရက်မှာ “တရုတ်သမ္မတနိုင်ငံ အစိုးရက ကျူးကျော်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က တိုင်တန်းချက်” ကို ဖြေရှင်းရာမှာ ဘယ်လောက် တိုးတက်မှုရှိပြီလဲ ဆိုတာကို အစီရင်ခံပါတယ်။ မြန်မာတွေက အမေရိကန်တွေကို ကတိပေးထားတဲ့အတိုင်း ဖြေရှင်းနိုင်မယ့် နည်းလမ်းရအောင် ပူးတွဲစစ်ရေးကော်မတီကို ညှိနှိုင်းနိုင်ဖို့ အချိန်ပေးထားပါတယ်။ အောက်တိုဘာလကုန်ရင်တော့ သူတို့တိုင်တန်းချက်ကို ငြင်းခံဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။ ဝါရှင်တန်က ဖိအားပေးနေတာကတကြောင်း၊ ကုလသမဂ္ဂမှာလည်း ဆက်လက်ဆောင်ရွက်နေတာက တကြောင်း မြန်မာအစိုးရက သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်အပြီး နောက်သုံးရက်မှာ ချန်ကေရှိတ် က ယီးဖူတေ ကို ယာယီသဘောတူညီချက် မူကြမ်းမှာ လက်မှတ်တိုလေး ထိုးပေးဖို့ ညွှန်ကြားလိုက်တယ်။ ဒီမူကြမ်းအရဆိုရင် တပ်အင်အား ၁,၅၀၀ ကနေ ၂,၀၀၀ အထိနဲ့ မှီခိုသူ ရာဂဏန်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားရမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ အခြေစိုက်စခန်းကြီး ခြောက်ခုကနေလည်း ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်တော်ကိုလည်း ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ တပ်တွေဟာ သူတို့သဘောနဲ့ သူတို့ဘာသာ ရပ်တည်ကြရမှာ ဖြစ်တယ်လို့ ထိုင်ပေက လူသိရှင်ကြား ကြေညာရမှာ ဖြစ်ပါတယ်။ တကယ်တမ်းကြတော့ ထိုင်ပေက ဝေ့လည်ကြောင်ပတ်လုပ်နေတာသာ ဖြစ်ပါတယ်။ အဲဒီမူကြမ်းကို အတည်ပြု လက်မှတ်ထိုးပေးဖို့ ရည်ရွယ်ချက် မရှိသလို အဲဒီမူကြမ်းမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း လိုက်နာဆောင်ရွက်လိုစိတ် မရှိပါ။
စက်တင်ဘာ ၂၈ ရက်မှာ အိုင်စင်ဟောင်ဝါက ဦးနု စက်တင်ဘာ ၁၂ ရက်က ရေးလိုက်တဲ့စာကို ပြန်ပါတယ်။ အမေရိကန်က တရုတ်ဖြူတပ် ပြဿနာကို အမြန်ဆုံးဖြေရှင်းပြီးစေချင်တယ်လို့ သူက ချန်ကေရှိတ်ကို ထပ်လောင်းပြောဆိုထားကြောင်း အဲဒီစာမှာ ပါရှိပါတယ်။ ချန်ကေရှိတ် ဆီကိုလည်း စာတစောင် သီးသန့် ထပ်ရေးပါတယ်။ အိုင်စင်ဟောင်ဝါက တရုတ်သမ္မတနိုင်ငံရဲ့ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်ရှိတာကို နားလည်ကြောင်း၊ ဒါပေမယ့် ချန်ကေရှိတ်ရဲ့ အရှိန်အဝါ ဩဇာကို အသုံးပြုပြီး “အမြဲတမ်း မဟုတ်တဲ့တပ်တွေ ပါနိုင်သလောက် ပါအောင် ပြောင်းရွှေ့ထွက်ခွာရေး ကို ချက်ခြင်းဆောင်ရွက်ရန်နဲ့ ကျန်ရှိခဲ့သူတွေဟာ ခင်ဗျားတို့ရဲ့ ထောက်ပံ့မှုနဲ့ စာနာမှုကို ရရှိမှာ မဟုတ်တော့ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောဆိုပေးပါရန်” လို့ ပါရှိပါတယ်။ နောက်တရက်မှာပဲ အိုင်စင်ဟောင်ဝါက ဝါရှင်တန်ကို ရောက်နေတဲ့ ကျန်ကျင်းကော် ကိုလည်း တပ်တွေရွှေ့ထုတ်ရေးအတွက် အမေရိကန်က မဖြစ်အနေ တောင်းဆိုကြောင်း ထပ်လောင်း ပြောလိုက်ပါသေးတယ်။ အောက်တိုဘာ ၈ ရက် ချန်ကေရှိတ် က အိုင်စင်ဟောင်ဝါ ကို စာပြန်တော့ သူ့အစိုးရက “အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင်” ၂,၀၀၀ နဲ့ မှီခိုသူတွေ အကြောင်းသာ သိထားကြောင်း ရေးလိုက်ပါတယ်။ သူက အမြဲတမ်းတပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုပါဘူး။ ဒါပေမယ့် ပြောင်းရွှေ့ထွက်ခွာဖို့ ငြင်းဆန်ပြီး ဆက်နေနေကြမယ့် တပ်တွေနဲ့ အဆက်အသွယ် ဖြတ်ပါ့မယ်လို့ ကတိပေးပါတယ်။
၁၉၅၃ အောက်တိုဘာ ၁၂ ရက်၊ ပူးတွဲစစ်ရေးကော်မတီဝင် တရုတ်ဖြူ၊ အမေရိကန်နဲ့ ထိုင်း ကိုယ်စားလှယ်တွေက ယာယီသဘောတူညီချက် မူကြမ်းပါ တပ်ပြောင်းရွှေ့ထွက်ခွာရေး နောက်ဆက်တွဲ စီမံချက်ကို အပြီးသတ် လက်မှတ်ရေးထိုးလိုက်ကြပြီး အတည်ပြုပေးဖို့ မိမိတို့ သက်ဆိုင်ရာ အစိုးရတွေဆီကို ပို့ပေးလိုက်ကြပါတယ်။ နောက်တနေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ က မိမိသဘောနဲ့ ထွက်ခွာသူများ ထွက်ခွာပြီးတဲ့နောက် “မိမိသဘောနဲ့ မိမိ မြန်မာနိုင်ငံအတွင်း နေရစ်ခဲ့ဖို့ ရွေးချယ်သူများကို တရုတ်အစိုးရက ဘယ်လိုနည်းနဲ့မှ ဆက်ဆံသွားဖို့ မလိုလားကြောင်း၊ မည်သည့် ပစ္စည်းထောက်ပံ့မှုကိုမှလည်း လုပ်ဆောင်သွားမှာ မဟုတ်ဘူး” လို့ လူသိရှင်ကြား ကြေညာပါတယ်။ အဲဒီကြေညာချက်မှာ အခြေစိုက်စခန်းကြီး ခြောက်ခု အကြောင်း ထည့်မပြောသွားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ပြောင်းရွှေ့ထွက်ခွာရေးဟာ ပြောင်းရွှေ့ထွက်ခွာချင်လိုသူတွေ အတွက်သာ ဖြစ်တယ်လို့ ထိုင်ပေက လက်ခံထားပါတယ်။
တပ်ပြောင်းရွှေ့ထွက်ခွာရေးကို မနှောက်ယှက်ပါဘူးလို့ မြန်မာတွေက ကတိပေးပြီးတော့ နိုဝင်ဘာ ၁၅ ရက်အထိ အပစ်အခတ်ရပ်စဲထားပေးမယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ထွက်ခွာလိုသူတွေ ထပ်ရှိသေးတယ်ဆိုရင် သတ်မှတ်နောက်ဆုံးရက်ကို ထပ်မံတိုးပေးဖို့လည်း သဘောတူလိုက်ပါတယ်။ အခြေစိုက်စခန်းကြီး ခြောက်ခုကို မသိမ်းပိုက်ခင် ရှင်းလင်းပြီးကြောင်းနဲ့ ပတ်သက်လို့ ပူးတွဲစစ်ရေးကော်မတီရဲ့ အသိပေးမှုကို စောင့်ဆိုင်းပေးဖို့လည်း မြန်မာတွေက သဘောတူပါတယ်။ တကယ်လို့ တရုတ်ဖြူတွေက နိုဝင်ဘာ ၂၅ ရက်အထိ အဲဒီစခန်းတွေက ထွက်မသွားဘူး ဆိုရင်တော့ မြန်မာစစ်တပ်က အင်အားသုံးပြီး ဖယ်ရှားမယ်လို့ ဆိုပါတယ်။ တရုတ်ဖြူတွေက အပ်နှံတဲ့လက်နက်တွေ မြန်မာနိုင်ငံ ပြည်တွင်းက သူပုန်အဖွဲ့တွေဆီ ရောက်မသွားအောင် ပူးတွဲစစ်ရေးကော်မတီက နယ်စပ်မှာပဲ ဖျက်စီးပစ်ဖို့ မြန်မာဘက်က တောင်းဆိုပါတယ်။
မြန်မာဘက်က ကမ်းလှမ်းတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ထိုင်ပေက လက်ခံလိုက်ပြီ ဖြစ်ကြောင်း၊ တပ်ပြောင်းရွှေ့ထွက်ခွာနေချိန် အတွင်းမှာ မြန်မာဘက်က ရန်လိုမှုကို ဆက်လက် ရပ်ဆိုင်းထားပေးရန် တောင်းဆိုကြောင်းကို ရန်ကုန်မှာ ရှိတဲ့ သံအမတ်ကြီး ဆက်ဘယ် က မြန်မာအစိုးရကို အောက်တိုဘာ ၂၂ ရက်မှာ ပြောပြလိုက်ပါတယ်။ နောက်ပိုင်း လေးရက်ပဲ အကြာမှာ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက် ၆၀ တိုးပေးဖို့ ထိုင်ပေက တောင်းဆိုလိုက်လို့ အမေရိကန်တွေ တုန်လှုပ် ချောက်ခြားသွားရပါတယ်။ အဲဒီလိုသာ ဆိုရင် အပစ်အခတ်ရပ်စဲရေးကာလ ဟာ စုစုပေါင်း သုံးလတောင် ဖြစ်သွားမှာပါ။ အမှန်ကတော့ တရက်ကို လူနှစ်ရာနှုန်းနဲ့ ခေါ်ထုတ်ရင်တောင်မှာ နှစ်ပတ်လောက်နဲ့ စစ်သားနဲ့ မှီခိုသူ နှစ်ထောင်လောက်ကို အသာလေး ထုတ်သွားနိုင်ပါတယ်။ ဒီလောက်အကြာကြီး အပစ်ရပ်ထားချင်တာက တရုတ်ဖြူတွေ မသမာမှုလုပ်ချင်လို့ ဆိုတာကို မြန်မာတွေတောင် သိပါတယ်။ အားနည်းချက်တွေ ရှိနေတဲ့အပြင် တရုတ်ဖြူတွေက အချိန်ဆွဲချင်ပေမယ့်လည်း မြန်မာတွေက တပ်ပြောင်းရွှေ့ထွက်ခွာခြင်းကို ပူးတွဲစစ်ရေးကော်မတီ က ကမကထ ဦးဆောင်မှုအောက်မှ စတင်စေချင်ပါတယ်။
- ပါးမားဟာ ကိုရီးယားစစ်ပွဲတုန်းက အမေရိကန် ကြည်းတပ် အမှတ် (၈) သံချပ်ကာယန္တရားတင် တပ်ရင်းကြီးကို ကွပ်ကဲခဲ့သူ ဖြစ်တယ်။ ပါးမားဟာ သူ့ကိုပေးထားတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရင်း မြောက်ကိုရီးယားက စိမ့်ဝင်ထိုးဖောက်သူတွေ ပါလာမှာ စိုးရိမ်လို့ တောင်ဘက်ကို ထွက်ပြေးလာတဲ့ အရပ်သား ဒုက္ခသည်တွေကို လိုအပ်ရင် အင်အားသုံးပြီး တားဆီးဖို့ သူ့တပ်သားတွေကို အမိန့်ပေးခဲ့တယ်။
- ဗိုလ်ချုပ်ကြီးနေဝင်း ကို ဆက်ခံမယ့်သူလို့ အများက ထင်မြင်ကြပေမယ့် နောက်ပိုင်းမှာ အရေးမပေးခံရတော့ဘဲ အတင်းအကြပ် အငြိမ်းစားယူခိုင်းတာခံခဲ့ရတယ်။
- ထိုင်းဘုရင့်အစိုးရက ဗိုလ်ချုပ် ထနွမ် ကစ်တိကာချွမ် ကို စာရင်းပေးဖို့ စီစဉ်ထားပေမယ့် ကော်မတီရဲ့ ဥက္ကဋ္ဌ ပါးမား ထက် ရာထူးကြီးနေသူဖြစ်လို့ သူမပါဖြစ်ခဲ့ဘူး။
- စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို က လီမီကို အယုံအကြည်မရှိဘဲ ချန်ချိန်ရှီး ကို သူ့လူအဖြစ် မှားယွင်းယုံကြည်မိလိုက်တယ်။
- ဥပမာအားဖြင့် လီမီရဲ့ မိုင်းဆတ်မှာ ကေအဲန်ဒီအို က ဗိုလ်ချုပ် စောအုန်းဖေ က ဌာနချုပ်ကို လက်ခံထားတယ်။ လီမီရဲ့ စစ်သားတချို့က မော်ချီး၊ ဖာပွန် နဲ့ ကော့ကရိတ် ဘက်မှာရှိနေကြပေမယ့် သူတို့က တခြားသူပုန်တွေကို ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။
- မြန်မာနိုင်ငံက ပြောင်းရွှေ့ထွက်ခွာဖို့ ကိစ္စကို “အရေးပေး ဆောင်ရွက်ရန် အတွက် စစ်ဦးစီးအရာရှိချုပ် [ကျိုးကျိကျို] နဲ့ နိုင်ငံခြားရေးဝန်ကြီး [ဂျော့ ကေ စီ ယဲ့] တို့ကို ညွှန်ကြားလိုက်ပါမယ်” လို့ ချန်ကေရှိတ် က သိလျက်နဲ့ ချိုပြီး ရတ်ဖို့ဒ် ကို ကတိပေးတယ်။
- အဲဒီမှာ ချန်ကေရှိတ် တောင် အိမ်တလုံးရှိတယ်။ အရင်နာမည်ဟောင်း ချောင်ရှန်း (မြက်ခင်းတောင်) ကနေ ယန်မင်ရှန်း လို့ ပြောင်းထားတာ။ တိုက်တိုက်ဆိုင်ဆိုင် တရုတ်စကားမှာ “မြက်ခင်းတောင်ပေါ်က ဓားပြ” ဆိုတဲ့ စကားပုံကို လူသုံးများတာကလည်း ဒီနေရာရဲ့ နာမည်ကိုပြောင်းဖို့ ဖန်လာတဲ့ အကြောင်းတခု ဖြစ်ပါလိမ့်မယ်။
- ဒုတိယဗိုလ်ချုပ်ကြီး လီဝင်ပင် က တရုတ်ဖြူ ယူနန်တပ်တော်က ဒုတိယတပ်တော်မှူး ငါးယောက်ထဲက တယောက် ဖြစ်ပြီး လီမီရဲ့ အနီးကပ် မိတ်ဆွေ တယောက်လည်း ဖြစ်တယ်။ သူ့က နာမည်ကြီးလှတယ်တော့ မဟုတ်ပေမယ့် လီမီ အပေါ် အတော်သစ္စာရှိသူ ဖြစ်ပါတယ်။
- ချန်ချိန်ဟာ လီမီနဲ့ သူ့တပ်ကို အတော်မုန်းတဲ့လူ ဖြစ်ပါတယ်။ မြန်မာပြည်က တရုတ်ဖြူတပ်တွေကို တရုတ်လို ယိုချီပုထွေ (油尺铺腿) “ပျောက်ကြားတပ်” လို့ အလွယ်ခေါ်ကြတယ်။ ဒါပေမယ့် ချန်ချိန်က ပြဇာတ်ထဲမှာ သုံးလေ့ရှိတဲ့အတိုင်း ယိုချားပုထွေ (有擦布推) “အရှုပ်ထုပ်တပ်” လို့ ခေါ်လေ့ရှိတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar