ပြည်တွင်းစစ်မီးတောက်တွေကြားထဲက လူထုတွေရဲ့ ဘဝတွေ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၄
ပြည်တွင်းစစ်မီးတောက်တွေကြားထဲက လူထုတွေရဲ့ ဘဝတွေ
မြန်မာ့ယဥ်ကျေးမှုအရ နှစ်စဥ် ကျင်းပကြတဲ့ သင်္ကြန်အချိန်အခါ ကျရောက်လာချိန်မှာ မြန်မာနိုင်ငံထဲက အချို့သောဒေသတွေမြို့တွေမှာ သင်္ကြန်ပွဲနဲ့ပတ်သက်လို့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ကောင်း ကျင်းပနိုင်ကြမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံဒေသအများအပြားမှာတော့ မိမိတို့နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားသလို ပိုင်ဆိုင်တဲ့ပစ္စည်း၊ လုပ် ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်း ပစ္စည်းကိရိယာ၊ စိုက်ပျိုးသီးနှံ၊ စိုက်ပျိုးရိတ်သိမ်းစုဆောင်းထားတဲ့ ရိက္ခာတွေ ဆုံးရှုံးသွားရသူတွေလည်း အရေအတွက် သောင်းနဲ့ သိန်းနဲ့ချီ ရှိနေတာဖြစ်ပါတယ်။ ပူပြင်းလှတဲ့ နွေရာသီရဲ့ အထွတ်အထိပ် အပူချိန်တွေအောက်မှာ အသက်အန္တရာယ်အတွက် စိုးရိမ်မှု၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားမယ့်အရေး စိုးရိမ်မှုနဲ့ တရက်ပြီးတရက် စားသောက် အသက်ရှင်သန်နေထိုင်ရေးအတွက် စိုးရိမ်မှု အပူမီးတွေက ပြင်ပရာသီဥတုအပူရှိန်တွေလိုပဲ အတွင်းမှာ တောက်လောင်နေကြတဲ့ မီးတွေ ဖြစ်နေတာပါ။
အစွန်းရောက် ပြင်းထန်လှတဲ့ ရာသီဥတုဒဏ် ခံစားနေရချိန်မှာပဲ စစ်ပွဲတွေ တိုက်ခိုက်မှုတွေအကြား မြို့တွေ ရွာတွေမှာ ရှိတဲ့ မိမိတို့ရဲ့ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေ သိန်း၊ သန်းချီရှိနေကြတာ ဖြစ်ပါတယ်။ လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီလို၊ ကချင်ပြည်နယ်ဒေသ အချို့ ၊ ရခိုင်ပြည်နယ် မြောက်ဘက်နဲ့ အနောက်ဘက်ဒေသတွေ၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းဒေသတွေ နဲ့ ကရင်နီပြည်တို့လို ဒေသအများအပြားမှာ နှစ်စဥ်ရိုးရာ သင်္ကြန်ပွဲ၊ သင်္ကြန်အခါသမယ တို့ဆိုတာတွေကို သတိမရနိုင်လောက်အောင် စစ်မီးတောက်ကြားထဲ အသက်ဘေးလွတ်ဖို့ သယ်နိုင်သလောက် အသုံးအဆောင်ပိုင်ဆိုင်မှုသယ်ပြီး ထွက်ပြေးတိမ်း ရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်အရေအတွက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိကောက်ယူထားတဲ့ ကိန်းဂဏန်းတွေအရ ၂.၆ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပြီး အခုအချိန်ကာလမှာ အဆိုပါ အရေအတွက်ထက် ထပ်မံမြင့်တက်နေလိမ့်မယ် ဆိုတာ သံသယဝင်စရာမရှိပါဘူး။ မကြာခင်ကာလမှာ စစ်ဘေးရှောင် အရေတွက်က ၃ သန်းလောက်ထိ ရောက်ရှိနိုင်ပြီး လူဦးရေ ၅၄ သန်းကျော် မှာ ၃ သန်းမျှသော အရေအတွက်က နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
တနိုင်ငံလုံး စစ်ပွဲတွေ မဖြစ်ပွားသေးတဲ့ ကာလတွေတုန်းကလို ဒေသတခုမှာ စစ်ဘေးတိမ်းရှောင်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားလာရင် အခြားဒေသတွေက အရပ်ဘက်အဖွဲ့တွေ၊ လူမှုကူညီရေး အဖွဲ့တွေက နှိုးဆော်ကြပြီး ဝိုင်းဝန်းကူညီနိုင်ကြတဲ့အနေအထားလည်း အခုကာလမှာ မတွေ့ရတော့ပါဘူး။ အဲဒီလို ကူညီမှုတွေက လွတ်လွတ်လပ်လပ် လုပ်ခွင့်မရတဲ့ အနေအထားလည်း ဖြစ်သလို မြန်မာနိုင်ငံ အနှံ့အပြားက လူထုတွေအနေနဲ့ စစ်ဘေးဒဏ်ကို တပြိုင်နက်တည်း ခံစားနေကြရတာကြောင့်လည်း ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအဖို့ နံပါတ် ၁ ဦးစားပေးက အသက်အန္တရာယ် မကျရောက်ဖို့ ဖြစ်ပြီး ဒုတိယဦးစားပေးက အသက်ရှင်သန်နေထိုင်နိုင်ဖို့ ရိက္ခာ၊ ငွေကြေး လုံလောက်ဖို့ ဖြစ်ပါတယ်။ ဒီလိုအပ် ချက် နှစ်ခုလုံးက မိမိတို့ နေအိမ်၊ မြို့၊ ရွာက ထွက်ပြေးတိမ်းရှောင်သည့်တိုင်အောင် အသက်ဘေးက လွတ်ကင်းဖို့ မသေချာသလို၊ စားရေရိက္ခာ လုံလောက်မှုရှိဖို့လည်း မသေချာတာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မိမိတို့နေရပ်မှာ နေထိုင်နေတဲ့အခါ စားရေရိက္ခာ ကြီးကြီးမားမား အခက်အခဲမရှိတဲ့ ကျေးလက်ဒေသခံတွေအဖို့ တနယ်တရပ်ကိုတိမ်းရှောင်ရတဲ့အခါ တနေ့တနေ့ စားသောက်ဖို့ အတွက် မိမိကိုယ်ကို အားမကိုးနိုင်တော့တဲ့အနေအထား အကူအညီတွေကို မျှော်လင့်ရတဲ့ အနေ အထားတွေ ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။
ဒီလိုအနေအထားတွေ ရောက်ရှိလာတာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့်လို့ ယေဘုယျ ကောက် ချက်ချနိုင်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းက အာဏာသိမ်းခဲ့တဲ့ စစ်တပ်၊ လူမျိုးစုတွေအပေါ် ဖိနှိပ်ခဲ့တဲ့ စစ်တပ်၊ ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူမျိုးစုလက်နက်ကိုင်တွေ၊ အမျိုးသား လွတ်မြောက် ရေး ကြိုးပမ်းသူတွေအပေါ် လက်နက်တပ်နဲ့ ဖိနှိပ်နှိပ်ကွပ်ခဲ့တဲ့စစ်တပ်ကို အာဏာရယူထားတဲ့ နေရာကဖယ်ရှားဖို့ စစ်ရေးနည်းလမ်းမှ တပါးအခြားမရှိဘူးဆိုတဲ့ နိုင်ငံရေး ယုတ္တိအဆို၊ အယူအဆနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆင်နွှဲနေကြတာ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဘုံရန်သူ အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်ချုပ်ငြိမ်းဖို့ စုပေါင်းကာ တိုက်ခိုက်ကြမယ်ဆိုတဲ့ဦးတည်ချက် တခုအောက် စုစည်းရောက်ရှိခဲ့ကြတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီနဲ့ဆန့်ကျင်ဘက်မှာရှိကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီအဆို၊ ဒီအယူအဆနဲ့တိုက်ခိုက်ကြရာမှာ စစ်အာဏာရှင်ဆန့်ကျင်ဖယ်ရှားရေးအတွက် လက်နက်ကိုင်တိုက်ပွဲရဲ့ အရင်းအနှီးက ကြီးမားလှတာ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာဖို့ ရှိပြီးသားအဖွဲ့တွေ အင်အားတောင့်တင်းဖို့ အထောက်အပံ့ပေးရသူတွေက ပြည် သူလူထုက အဓိကဖြစ်ပါတယ်။ လူထုထံက ကောက်ယူတဲ့ အခွန်အကောက်၊ ဒီမြေပေါ်မှာ နေထိုင်သူ အားလုံးသက်ဆိုင်တဲ့ သယံဇာတတွေ ရောင်းချရငွေ၊ တခါတရံ ဥပဒေနဲ့ မညီညွတ်တဲ့ တရားမဝင်လုပ်ငန်းတွေက ရတဲ့ငွေကြေးတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေတိုက်နိုင်ဖို့ ဘဏ္ဍာရေးကိစ္စကို ဖြည့်တင်းကြရတာ ဖြစ်ပါတယ်။ လူထုအနေနဲ့ စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ ပိုင်ဆိုင်မှု၊ လူ့အသက်တွေဆုံးရှုံးကြရသလို စစ်ပွဲတွေအတွက်လည်း မရှိမဲ့ ရှိမဲ့ ပိုင်ဆိုင်တာတွေထဲက ၊ နေ့စဥ်စားသုံးမှုထဲက ဖဲ့ထုတ် ထောက်ပံ့ကြရတာပါ။
ဒီအချက်တွေကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူထုရဲ့ ကြည်ဖြူစွာဖြစ်စေ မကြည် ဖြူသော်လည်း လက်နက်ကိုင်အဖွဲ့ဖြစ်လို့ ကြောက်ရွံ့ပြီး ထည့်ဝင်ရတဲ့ပေးဆောင်ရတဲ့ အလှူ၊ အခွန်နဲ့ ဖြစ်စေ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ နိုင်ငံခြားအင်အားကြီး နိုင်ငံတနိုင်ငံငံက တိုက်ရိုက်ပါဝင်ကူညီပေးနေတဲ့စစ်ပွဲမျိုးမဟုတ်ဘဲ မိမိတို့ပြည်တွင်းက အရင်း အမြစ်တွေကိုသုံးပြီး တိုက်ခိုက်နေကြတဲ့ စစ်ပွဲမျိုးလည်း ဖြစ်ပါတယ်။
လူထုရဲ့လုပ်အား၊ ချွေးနှဲးစာအထောက်အပံ့၊ အခွန်အကောက်တွေကို အားပြုပြီး လက်နက်ကိုင်တိုက်ပွဲတွေကိုဆင်နွှဲကြရာကအောင်နိုင်လာတဲ့အခါ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အဖွဲ့ရဲ့ အကျိုး စီးပွားထက် လူထုရဲ့ကောင်းရာကောင်းကျိုးကို ပိုပြီးဦးစားပေးရွေးချယ်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက အဖြူနဲ့အမည်းဆိုသလို ဗီလိန်ဘက်က တဖွဲ့၊ ဗီလိန်ကို အနိုင်ယူတဲ့ဘက်ကတဖွဲ့ ဆိုပြီး ရှင်းရှင်းလင်းလင်းရှိကြတာမဟုတ်ဘဲ ဗီလိန်ဘက်မှာလည်း တဖွဲ့မက ရှိနိုင်သလို ဗီလိန်ကိုနှိမ်နှင်းကြတဲ့ တိုက်ခိုက်ကြတဲ့အဖွဲ့တွေဘက်မှာလည်း တဖွဲ့မက ရှိနေကြတာမျိုး ဖြစ်ပါတယ်။
သမိုင်းနဲ့ချီတဲ့ ဗီလိန်ကိုနှိမ်နှင်းတိုက်ခိုက်ကြတဲ့အဖွဲ့တွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ပထမရော ဒုတိယ၊ တတိယအနေနဲ့ပါထားပြီး အချင်းချင်းအကြားက ဆက်ဆံရေး၊ အာဏာခွဲ ဝေမှု နယ်မြေ ခွဲဝေမှုတွေကိုလုပ်ကြရမယ်လို့ ထင်မြင်မိပါတယ်။ လတ်တလော သိမ်းယူရရှိတဲ့ မြဝတီလို နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ဒေသမြို့၊ အကောက်အခွန် အများအပြားရနိုင်တဲ့မြို့ကို ဘယ်လိုအုပ်ချုပ်ကြမလဲ၊ ဘယ်လိုစီမံခန့်ခွဲကြမလဲ ဆိုတဲ့အခါမှာ လူထုရဲ့ မျက်နှာကို ပထမဆုံးသတိရဖို့ နှိုးဆော်ချင်တဲ့သဘောလည်း ဖြစ်ပါတယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar