Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၅ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၅ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၆၊ ၂၀၂၁

စစ်အာဏာရှင်ဆန့်ကျင်ရေးတို့ရဲ့ တစုတစည်းဖြစ်မှုနဲ့ မြန်မာနိုင်ငံအက်၊ သမ္မတ၊ အတိုင်ပင်ခံတို့ရဲ့ တရားရုံးချိန်းများ
စစ်အာဏာရှင် ဆန့်ကျင်တဲ့ အင်အားစုတွေ တစုတစည်းထဲ ဘာလို့မဖြစ်နိုင်ကြတာလဲဆိုတာ သမိုင်းဆိုင်ရာ မေးခွန်းတရပ်ဖြစ်ပါတယ်။ သမိုင်းကို မလေ့လာပဲ ဒီမေးခွန်းကို အဖြေမရနိုင်ပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတင်မကပဲ လွတ်လပ်ရေးကြိုးပမ်းမှုမတိုင်ခင် ကိုလိုနီမဖြစ်ခင် မြန်မာနိုင်ငံရဲ့ သမိုင်းအနေအထားကိုနားလည်မှသာ ဒီမေးခွန်းကို အစအလယ်အဆုံး သုံးခုစလုံးကို သုံးသပ်ပြီး ဖြေဆိုနိုင်မယ်ထင်ပါတယ်။ 

ဘာလို့ ကိုလိုနီလက်အောက် မြန်မာနိုင်ငံ မကျရောက်ခင် သမိုင်းအထိ သိဖို့လိုသလဲလို့မေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေရဲ့ သမိုင်းအဖြစ်အပျက် သမိုင်းနောက်ခံတွေနဲ့ လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုတွေက အကျိုးအကြောင်းဆက်စပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားဒေသအချို့ဟာ အင်္ဂလိပ်ကိုလိုနီမဖြစ်ခင်မှာ ဗမာဘုရင်တွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံထဲပါဝင်ခဲ့ကြတာမျိုး မဟုတ်ပဲ ဗမာဘုရင်တွေရဲ့ သစ္စာခံအဆင့်နဲ့ မိမိတို့နယ်မြေကို မိမိတို့ အုပ်ချုပ်နေထိုင်ခဲ့ကြတာမျိုးဖြစ်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး သမိုင်းနောက်ခံအနေအထားရှိခဲ့တယ်ဆိုတာကို ယနေ့ခေတ် ပြည်မက နိုင်ငံရေးစိတ်ဝင်စားသူ အများစုက မသိရှိကြသလို တချို့သောနိုင်ငံရေးသမားတွေသည်ပင်လျင် မသိရှိကြတာတွေ့ ရပါတယ်။ 

ဒုတိယကမ္ဘာစစ်ပြီးလို့ ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လက်လွှတ်ရတဲ့အခါမှာ သူတို့သိမ်းယူစဥ်က အနေအထားကို ပြန်ထည့်သွင်းစဥ်းစားပြီး လွတ်လပ်ရေးပေးမယ့်အနေမျိုး စဥ်းစားခဲ့တယ်လို့လည်း သမိုင်းမှတ်တမ်းတချို့မှာ ဆိုကြပါတယ်။ 

အဲဒီအနေအထားမှာ ဗမာတွေနဲ့ အဲဒီလို တောင်တန်းဒေသတွေပါ တစုတစည်းထဲ လွတ်လပ်ရေးယူကြမယ် အတူတူတွဲပြီး ယူကြဖို့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းကြဖို့ဆိုတဲ့ ပင်လုံစာချုပ် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ 

ဒီအခြေအနေကနေ လွတ်လပ်ရေးရပြီးမကြာမီမှာပဲ နိုင်ငံရေးဝါဒဆိုင်ရာ ကွဲပြားမှုနဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။ တဖန် လွတ်လပ်ရေးရအပြီး ၁၀ နှစ်အကြာမှာ ၁၉၄၇ ခုနှစ်က ပြည်ထောင်စုဖွဲ့စည်းရေး၊ ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့ကတိကို ပြန်လည်သုံးသပ်ကြရာက စစ်တပ်က အကြောင်းပြအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ 

အဲဒီကာလတွေနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ၊ ဗကပရဲ့ နိုင်ငံရေးဝါဒဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံသမိုင်းက ကမ္ဘာမှာအရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်တဲ့ နိုင်ငံအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

သမိုင်းမလှတဲ့ မြန်မာနိုင်ငံအဖို့ စစ်အာဏာသိမ်းမှု ၃ ကြိမ်ကြုံပြီးနောက်မှာတော့ မြန်မာနိုင်ငံဟာ ၁၉၆၂ အခြေအနေ၊ ၁၉၈၈ ခုနှစ်အခြေအနေမျိုးနဲ့ မတူခြားနားသွားတာတွေ အများအပြားတွေ့လာရပါတယ်။ ဝ တွေအုပ်ချုပ်တဲ့ ဒေသ၊ ရခိုင်ပြည်နယ်တို့လိုမျိုးအခြေအနေက တခြားပြည်နယ်တွေနဲ့ မတူတဲ့အခြေအနေမျိုးမှာ ရောက်ရှိနေပါတယ်။ 

၂၀၁၁ကနေ ၂၀၂၀ အထိ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ သမိုင်းတလျှောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာဆွေးနွေးကြမယ်ဆိုတဲ့ အခင်းအကျင်းကို ရောက်ရှိခဲ့ပေမယ့်လည်း အဖြေရတဲ့အထိ မရောက်နိုင်ခဲ့ကြပဲ ဖက်ဒရယ်ဒီမိုကရေစီလား ဒီမိုကရေစီဖက်ဒရယ်လား ဆိုတဲ့ စကားလုံးအထားအသိုတွေအထိ သဘောတူညီမှုရဖို့ အခက်အခဲ အတားအဆီးတွေရှိသလို စစ်တပ်ကလည်း သူဆုပ်ကိုင်တဲ့မူနဲ့ သူအာဏာ လျော့ပါးမယ့်အရေးကို လက်မခံနိုင်ပဲ နိုင်ငံရေးအာဏာကို ပြန်ဆုပ်ကိုင်ဖို့ဆုံးဖြတ်ကာ စစ်အာဏာသိမ်းခဲ့တဲ့ အခြေအနေဆိုက်ခဲ့ပြန်တာဖြစ်ပါတယ်။ 

ခုတဖန် လက်နက်ကိုင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာချိန်မှာတော့ အရင်လို ပြည်ထောင်စု စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ရည်မှန်းချက်အောက်မှာပဲ အားလုံးတစုတစည်းထဲ မဟုတ်တော့ပါဘူး။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ် ၇ ခုကျော်လာတဲ့တိုင် နိုင်ငံရေးပြဿနာ၊ ဖက်ဒရယ်ပြဿနာကို လက်နက်ကိုင်နည်း နဲ့ဖြေရှင်းကြဖို့ ဖက်ဒရယ်ဆိုတာထက် ကွန်ဖက်ဒရေးရှင်း စတဲ့ မျှော်မှန်းချက်မျိုးတွေအထိ အဆင့်တွေ ပြောင်းလဲသွားကြတာလည်း ဖြစ်ပါတယ်။ 

ဒီလို သမိုင်းနောက်ခံတွေ ၊ လက်ရှိပစ္စုပ္ပန်အခြေအနေ ရပ်တည်ချက်တွေကို အခုနိုင်ငံရေးအခင်းအကျင်းမှာ ဦးဆောင်နေကြတဲ့သူတွေ၊ ပါဝင်နေကြသူတွေ နားလည် သဘောပေါက်ကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ 

ဒီသမိုင်းအခြေအနေတွေကြောင့် အခု နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘာကြောင့် တစုတစည်းထဲ မဖြစ်ကြသလဲ၊ စစ်အာဏာရှင်က ဘုံရန်သူအနေနဲ့ သဘောမထားကြသလဲဆိုတဲ့ မေးခွန်းတွေကို တစိတ်တပိုင်း အဖြေရှာနိုင်မယ်ထင်ပါတယ်။ ဒီလို အခြေအနေတွေမှာ ဗမာနိုင်ငံရေး ပင်မအင်အားစုကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြစ်တင်တာထက် နားလည်ပူးပေါင်းဆောင်ရွက်တာ အနာဂတ်မြန်မာနိုင်ငံရဲ့ပုံသဏ္ဍာန်ကို လက်တွေ့ကျစွာ ပုံဖေါ်ထားနိုင်ကြဖို့ အရေးကြီးမယ် ထင်ပါတယ်။ 

ဒီနေ့အဖို့ အခြားသောသတင်းတွေထဲမှာတော့ အမေရိကန်အောက်လွှတ်တော်မှာ မြန်မာနိုင်ငံအက်ဥပဒေလို့ခေါ်ဆိုတဲ့ စစ်အာဏာသိမ်းအစိုးရကို စီးပွားရေး သံတမန်ရေး ဖိအားပေးရေး အဆိုတရပ်တင်သွင်းခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

အရင် စစ်အစိုးရလက်ထက်ကလည်း အလားတူ မြန်မာနိုင်ငံအက်တွေ တင်သွင်းခဲ့ဖူးပြီး အတည်လည်း ပြုခဲ့ကြပါတယ်၊ ကျောက်မျက်၊ သစ်၊ အမေရိကန်ကုမ္ပဏီတွေ စီးပွားရေး လုပ်ပိုင်ခွင့်ပိတ်ပင်တာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ချမှတ်အတည်ပြုခဲ့တဲ့ အက်တွေကို ၂၀၁၁ နောက်ပိုင်းမှာ တဆင့်ချင်း ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး အခုတဖန် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ အရင်လို ကန့်သတ်မှုပိတ်ဆို့မှုတွေ တကြော့ပြန်လာမယ့် သဘောလည်း ဖြစ်ပါတယ်။ 

အခုလို စီးပွားရေးပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေက အာဏာသိမ်း စစ်ကောင်စီကို အတိုင်းအတာတခုထိ ဖိအားပေးနိုင်မှာ သေချာပေမယ့်လည်း ဒါတွေက စစ်အာဏာရှင် ပြုတ်ကျဖို့ အတွက်အဆုံးအဖြတ်ဖြစ်စေနိုင်တာတွေတော့ မဟုတ်ပါဘူး၊ ပြည်တွင်းက နိုင်ငံရေး စစ်ရေး လုပ်ဆောင်မှုတွေကသာ အဆုံးအဖြတ်ဖြစ်တယ်ဆိုတာ သဘောပေါက်ထားကြရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေရဲ့ ရုံးချိန်းသတင်းများ အမှုနဲ့ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့တဲ့အပေါ် လူတွေ စိတ်ဝင်စားမှုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ရနိုင်သမျှ အမှုအရေတွက်များများ စွဲဆိုထားပြီး တပတ်မှာ ၃ ရက်လောက် ရုံးထုတ်ကာ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကို တရားဥပဒေနဲ့အညီ တရားစီရင်နေသယောင်ပြသကာ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုကျူးလွန်ထားသူတယောက်အဖြစ်သာဖြစ်တဲ့အတွက် နိုင်ငံရေး စေ့စပ်ဆွေးနွေးရေး ညှိနှိုင်းရေးကိစ္စတွေနဲ့ပတ်သက်လို့ တွေ့ခွင့်ပြုဖို့ မဖြစ်နိုင်တဲ့အနေအထားမျိုး တင်းခံထားတာလည်း ဖြစ်ပါတယ်။ 

ဒီလို တင်းခံထားတဲ့အခြေအနေတွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့်ဆီ ဦးမတည်စေတော့ပဲ လက်နက်နဲ့ဖြေရှင်းကြဖို့ကိုသာ တွန်းပို့စေမှာ ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar