Breaking News

မသီတာ (စမ်းချောင်း) - အမြစ်ဖြုတ်နိုင်ငံရေးနည်း

မသီတာ (စမ်းချောင်း) - အမြစ်ဖြုတ်နိုင်ငံရေးနည်း
(မိုးမခ) ဖေဖော်၀ါရီ ၁၅၊ ၂၀၂၂

နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ အရေးတော်ပုံသမားတိုင်းက သတ် မှတ်ထားပါတယ်။ ဒီပန်းတိုင်ကပဲ နွေဦးတော်လှန်ရေးရဲ့ နည်းနာတွေကို မြင်သာစေမှာပါ။ တနည်းအားဖြင့် တော်လှန်ရေးရဲ့ပန်းတိုင်ဟာ စကစ ပြုတ်ကျရေးမှာ ရပ်တန့်မသွားမှာကို မြင်ကြရပါမယ်။ ဒီတော့ နည်းနာအသွယ်သွယ်အကြောင်းပြောတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးဟာ တစ်ခုတည်းသောနည်းလမ်းလို့ မြင်လို့ မဖြစ်တော့ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဟာ စကစကို ဖြုတ်ချဖို့ထိပဲ အသုံးတည့်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ဖို့ကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နိုင်ငံရေးနည်းလမ်းကို မသုံးလို့မှ မဖြစ်ဘဲကိုး။ ဒီတော့ ရှင်းပါတယ်။ နွေဦးတော်လှန်ရေးဆိုတာ နိုင်ငံရေးနည်းလမ်းကို ပစ်ပယ်တဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ 

ဒါကို အထင်အရှား မြင်ရမှာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲဖို့ အစုအဖွဲ့တော်တော်များများနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အားထုတ်တာပါပဲ။ မြေပြင်မှာ စကစ ပြုတ်ကျရေးအတွက် ပီဒီအက်ဖ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတဲ့တချိန်တည်းမှာပဲ နိုင်ငံရေးပန်းတိုင်အတွက် ပုဝါမကူ ရေမရှူစတမ်း ငြင်းခုန်ဆွေးနွေးအဖြေရှာနေကြပါတယ်။ မြေပြင်မှာတောင် စစ်ကိုင်းတိုင်းထဲမှာဆိုရင် လက်နက်ကိုင်တိုက်ပွဲတွေ မရှိချိန်မှာ လက်နက်ကိုင်ပြီး မတိုက်နိုင်တဲ့ လူထုကို နိုင်ငံရေးပန်းတိုင်အကြောင်း နိုင်ငံရေးဟောပြောပွဲတွေကိုကျင်းပပြီး ဆောင်ရွက်နေပါတယ်။ ဒါကိုက နွေဦးတော်လှန်ရေးဟာ နည်းနာတစ်ခုတည်းနဲ့ ရွေ့နေတာမျိုး မဟုတ်ဘဲ ဆုံရပ်ပန်းတိုင်တစ်ခုတည်းအတွက်သာ နည်းနာအသွယ်သွယ်နဲ့ ရွေ့နေတာမျိုးဆိုတာ ထင်ရှားပါတယ်။

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နိုင်ငံရေးနည်းနာအကြောင်း ပြောရင်လည်း ပန်းတိုင်ကို ပြန်ကြည့်ရပါတယ်။ မြန်မာ့နိုင်ငံရေးပန်းတိုင်ဟာ အပစ်အခတ်ရပ်စဲရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ရှေ့ဆယ်စုနှစ်မှာ လုပ်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအခြေခံ ငြိမ်းချမ်းရေးကို ပြန်ကြည့်ရင် ဆွေးနွေးရမယ့် အ ကြောင်းအရာတွေကို ကန့်သတ်ခဲ့လို့ မဟုတ်ပါဘူး။ တကယ်တမ်း ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုဖြစ်တဲ့အတွက် ပြည်ထောင်စုထဲကို သဘောတူမျှစွာ ပူးပေါင်းနိုင်တဲ့ အနေအထားရှိ အစုအဖွဲ့တွေအားလုံး မပါဝင်နိုင်ခဲ့ကြလို့ပါပဲ။ တနည်းအားဖြင့် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တာအပါအဝင် တခြားအကန့်အသတ်တွေနဲ့ အေအေ၊ ကေအိုင်အေစတဲ့ အစုအဖွဲ့တချို့ မပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံကြီး လုပ်ခဲ့လေတော့ ငွေကုန် လူပန်းသလောက် အောက်ခြေက ကျည်ပေါက်သံတွေ မစဲခဲ့တာပါ။ ဒါကြောင့် အခုလည်း ပီဒီအက်ဖ်တွေကို အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ပြီး တော်လှန်ရေးဘက်တော်သားတွေကို မဆွေးနွေးကြဘဲ ငြိမ်းချမ်းရေးစကားဝိုင်းကို အကြောင်းအရာ မကန့်သတ်ဘဲ ပြောကြမယ်ဆိုတာ ဘယ်လိုမှလက်တွေ့မကျပါဘူး။

နောက် အရေးကြီးတဲ့အချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်ဟာ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာသွားမှု ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွားမယ်လို့ မပိုင်းဖြတ်နိုင်ရင် တွေ့ဆုံစကားပြောလည်း အကျိုးရလာဒ် မရှိနိုင်တာကို နားလည်သဘောပေါက်ကြဖို့ လိုပါတယ်။ တော်လှန်ရေးသမားတွေက တွေ့ဆုံဆွေးနွေးရေးစကား လာမပြောနဲ့လို့ ဆိုကြတာဟာ ဒီသဘောကို ဆိုလိုတာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့အတွက် လူမျိုးအလိုက်ဖြစ်စေ ပါတီအလိုက်ဖြစ်စေ အကြောင်းအရာအလိုက်ဖြစ်စေ ကိုယ်စားပြုနိုင်တဲ့ အစုအဖွဲ့တွေကြားမှာ နိုင်ငံတည်ထောင်ရေးဆိုင်ရာအကြောင်းအရာတွေကို ဆွေး နွေးကြရပါတယ်။ တပ်မတော်ဟာ တပ်မတော်ကိုယ်တိုင်က လွဲပြီး ဘယ်သူ့ကိုမှ ကိုယ်စားမပြုနိုင်တဲ့ အင်စတီကျူးရှင်းတစ်ခုသာဖြစ်ပြီး ဖက်ဒရယ်အစုအဖွဲ့တစ်ခု မဖြစ်နိုင်တဲ့အတွက် မြန်မာ့နိုင်ငံရေးပန်းတိုင်အတွက် နိုင်ငံရေးနည်းလမ်းတကျ တွေ့ဆုံဆွေးနွေးအဖြေရှာရေးမှာ ပါဝင်ဆွေးနွေးထိုက်တဲ့ အစုအဖွဲ့ မဟုတ်ပါဘူး။ တပ်မတော်ဆိုတာဟာ တည်ဆဲအစိုးရများရဲ့ မူဝါဒနဲ့အညီ တာဝန်ထမ်းဆောင်ရတဲ့ အင်စတီကျူးရှင်းတစ်ခုသာ ဖြစ်ပါတယ်။ ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်နဲ့ပန်းတိုင်တွေ ကိုင်စွဲချမှတ်ရမယ့် အစုအဖွဲ့ မဟုတ်ပါဘူး။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုဖွဲ့ကြမလဲဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကို ဆွေးနွေးရာမှာ တပ်မတော်ပါနေတာဟာ အကျိုးထက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပါ။ (နိုင်ငံရေးသမားတွေက နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ တပ်မတော်က နိုင်ငံရေးထဲပါလာရတာဆိုတဲ့ အသားတုံးယောင်ဆောင်ထားတဲ့ ဂျင်းတုံးကြီးကိုလည်း ဆက်မစားကြရအောင်ပါ။)

နွေဦးတော်လှန်ရေးရဲ့ အမြစ်ဖြုတ်ရေးခြေလှမ်းဟာ တပ်မတော်ကို နိုင်ငံရေးထဲက အကြွင်းမဲ့ ထာဝရထွက်သွားဖို့ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးနည်းလမ်းကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ အခင်းအကျင်းများအတွက် ပြင်ဆင်ဆွေးနွေးကြခြင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေး အဖြေရှာဖို့ နိုင်ငံရေးနည်းလမ်းကို အကောင်းဆုံး အသုံးချချင်သူတွေအဖို့ အကန့်အသတ်မဲ့တယ်ဆိုတဲ့ ဆွေးနွေးပွဲမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ အကြွင်းမဲ့ ထာဝရ ထွက်သွားဖို့ကိုသာ အရင်ဆုံး ဆွေးနွေးကြဖို့ပါပဲ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar