Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၇



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၇

ကျေးလက်ဒေသများက လုပ်ဆောင်ချက်များ

(မိုးမခ)မေ ၉၊ ၂၀၂၀

တရုတ်ပြည်အနေနဲ့ ကျေးလက်ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးတွေ အတော်အသင့် လုပ်နိုင်နေပြီ ဖြစ်ပေမယ့် အကယ်၍များ တရုတ်ကျေးလက်ဒေသတွေမှ ာကိုဗစ်၁၉ ကပ်ရောဂါကြီး ဖြစ်ပွားလာရင်တော့ မတွေးဝံ့စရာပါပဲ။

ဒါပေမဲ့ ဒီဆင်းရဲပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မမီတဲ့ ခရိုင်အချို့ကို (၂၆ခရိုင်) လေ့လာသုံးသပ်ကြည့်ရာမှာတော့ ခရိုင်အများစုဟာ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အချိန်မီထိရောက်စွာ လုပ်နိုင်ကြတာကို တွေ့ရပါတယ်။

သူတို့တတွေ ဘယ်လို လုပ်ခဲ့ကြသလဲ။

၁။ ခရိုင်တိုင်း ကိုယ့်ခရိုင်ကိုယ် အဆင့်သတ်မှတ်ပြီး ဗဟိုက ညွှန်ကြားမှုများအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာကြတယ်။ ဥပမာ အဆင့်(၁) လို့ သတ်မှတ်ခံရတဲ့ ခရိုင် (၅) ခု ဟာ ဝူးဟန့်ကို ပိတ်ဆို့မိန့် ထုတ်ပြန်တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့မှာပဲ သူတို့ခရိုင်တွေကို ပိတ်ဆို့လိုက်ပြီး နောက်ရက်အချို့မှာ ကျန်ခရိုင်များကလည်းလိုက်ပိတ်ဆို့လိုက်ပါတယ်။ ဒီလို အချိန်မီလုပ်ဆောင်လိုက်နိုင်လို့ နောက်တဆင့်ချမှတ်တဲ့ စောစောတွေ့၊ စောစောသတင်းပို့၊ စောစောခွဲခြားထား၊ စောစောကုသ ဆိုတဲ့ ... လမ်းညွှန်ချက်အတိုင်း လုပ်လာနိုင်ပြီး ကပ်ရောဂါကို ထိန်းလိုက်နိုင်တာပါ။

၂။ ဒီလို ကပ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ခရိုင်အသီးသီးဟာ အခြေအနေအပြောင်းအလဲများနဲ့အတူ ပေါ်လစီအပြောင်းအလဲများကို ပျော့ပျောင်းစွာ ထိန်းညှိုနိုင်ခဲ့ကြပါတယ်။ ရောဂါအခြေအနေကျဆင်းလာတာနဲ့ တပြိုင်နက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပြန်လည်လည်ပတ်စေနိုင်လို့ လူထုရဲ့နေထိုင်မှုဘဝ ထိခိုက်မှု သက်သာစေနိုင်ခဲ့ပါတယ်။

၃။ တနိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများနဲ့ဆက်စပ်ပြီး ကိုယ်ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့မူများကို ဒေသဆိုင်ရာ ဆေးဝန်ထမ်းများက တီထွင်ဖန်တီးမှုရှိစွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဗဟိုကလည်း ကိုယ့်ဒေသအလိုက် လုပ်ဆောင်တာကို အားပေးခဲ့ပါတယ်။ တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါအခြေအနေကလည်း တညီတည်းဖြစ်နေတာ မဟုတ်တော့ ဗဟိုရဲ့ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်လုပ်စရာမလိုပါဘူး။

၄။ ခရိုင်တိုင်းကတော့ (social distancing) ခပ်ခွာခွာ နေထိုင်နည်းကိုတော့ တသွေမတိမ်းလိုက်နာကြပါတယ်။ ဒီလိုနည်းနဲ့ အဲဒီကာလ တရုတ်နှစ်သစ်ကူးဆိုင်ရာ ပွဲလမ်းတွေကို ပိတ်ပစ်ခဲ့ကြတယ်။ ဒါ့အပြင် အပြင်ဒေသများနဲ့ ဆက်သွယ်ရေးလမ်းများကိုလည်း စနစ်တကျ ကင်းဂိတ်များချပြီး ပိတ်ထားခဲ့ကြပါတယ်။ ဟူပေပြည်နယ်နဲ့ ဝူဟန့်စတဲ့ဒေသက ပြန်လာသူများကိုလည်း စနစ်တကျမှတ်ပုံတင်ပြီး အိမ်တွင်းကန့်သတ်မှုများ (home quarantine) ကို လုပ်ဆောင်စေပါတယ်။

၅။ ခရိုင်များအနေနဲ့ လူထုတရပ်လုံးကို အချိန်မီ သတင်းအချက်အလက်များ ထုတ်ပြန်ပေးကာ၊ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွင်း အားလုံးပါဝင်လာရေးအတွက် လှုံ့ဆော်စည်းရုံးနိုင်ခဲ့ကြပါတယ်။ကိုယ့်ရပ်ရွာ ကိုယ်ကာကွယ်ရေးအတွက် လူထုတရပ်လုံး တညီတညွှတ်တည်း စုပေါင်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဆေးဝန်ထမ်းများ၊ လုပ်အားပေးများ စုစည်းပြီး ကျေးရွာသူရွာသားများအတွက် ပညာပေးစာတမ်းတွေ၊ ကာတွန်းတွေ၊ ဗွီဒီယိုသတင်းအခွေလေးတွေ ထုတ်တာ၊ စတာတွေ လုပ်ဆောင်နိုင်မှုကလည်း အလွန်ထိရောက်ပါတယ်။ ဒီအောင်မြင်မှုတွေဟာ တနိုင်ငံလုံးဆိုင်ရာ ဘက်ပေါင်းစုံလုပ်ဆောင်ချက်များနဲ့ လည်းဆက်စပ်ပါတယ်။ ဗဟိုအစိုးရရဲ့ စမ်းသပ်ပစ္စည်းတွေ အချိန်မီပေးပို့နိုင်မှု၊ ရောဂါတွေ့သူများကို အခမဲ့ကုသပေးမှု၊ စီပွားရေးဆိုင်ရာအထောကိအကူပြုမူများကို အချိန်မီ ချမှတ်ပေးနိုင်မှု စတာတွေပါ။

ဒီလို ခေတ်တစုံတရာနောက်ကျတဲ့နေရာတွေမှာ ကုသဆေးလည်း မရှိ၊ ကာကွယ်ဆေးလည်း မရှိတဲ့ ကပ်ရောဂါဘေးဆိုးကြီးကို ကာကွယ်ထိန်းသိမ်းလိုက်နိုင်တဲ့ အတွေ့အကြုံဟာ ကျန်ဆင်းရဲတဲ့ ကျန်းမာရေးအဆောက်အအုံအားနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အားတက်စရာ လေ့လာစရာ နမုူနာကောင်းတရပ်ဖြစ်လာပါတော့တယ်။ (တကယ်လည်း ဗမာပြည်အပါအဝင် အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများအနေနဲ့ ဒီပုံစံကို ပုံသေနည်းတခုအဖြစ် သဘောထားကြပုံတောင်ရပါတယ်။)

တကယ်တော့ တရုတ်ပြည်အနေနဲ့ ဒီလိုကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အအုံတွေ (institutions) ကို စောစွာကတည်းက ချထားပြီးသားပါ။

၁၉၆၀ခုနှစ်များကစလို့ တရုတ်ပြည်မှာ ခြေဗလာဆရာဝန်များ (barefoot doctors) ဆိုတာပေါ်ဖူးပါတယ်။ ကျေးလက်ဒေသလူထုရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအတွက် အကောင်အထည်ဖော်ခဲ့တဲ့ ဥက္ကဋ္ဌမော်စီတုန်းရဲ့ ( brainchild) ပါ။ ကျေးလက်က စာရေးတတ်ဖတ်တတ် တဲ့ လူငယ်လေး (တရွာ ၂ယောက်-၃ယောက် အမျိုးသမီး တယောက် ပါရမယ်။) လောက်ကိုသင်တန်း (၃-၆လ) တိုလေး ပေးပြီးကျေးရွာတွေမှာ လှည့်လည် ဆေးကုခိုင်းပါတယ်။ အဓိက ရောဂါကာကွယ်ရေးပညာပေးတာ၊ ကာကွယ်ဆေးထိုးတာ၊ မိသားစုစီမံကိန်းလိုက်နာခိုင်းတာ စသဖြင့်အသေးအမွှားရောဂါလေးတွေ ဖြေရှင်းခိုင်းတာပါ။ ဆေးလွယ်အိတ်လေးလွယ်ပြီး လယ်ကွင်းတွေထဲ လျှောက်သွား ဆေးကုရတာပါ။ နောက်ပိုင်းကျေးလက်ကျန်းမာရေးဆိုင်ရာ သမဝါယမဆေးခန်းလေးတွေ ဖွင့်ပေးပြီ းအနောက်တိုင်းဆေးဝါးရော တရုတ်ရိုးရာ ဗိနွောဆေးရော (၂) မျိုး ပေါင်းကုသမှုတွေ လုပ်ပေးပါတယ်။

ဒီနည်းနဲ့ အလွန်ကြီးမားတဲ့ ကူးစက်ရောဂါတွေ (ဆင်ခြေထောက်၊ ခရုက ကူးစက်တဲ့ schistosomiasis စတာတွေ) ပျောက်ကင်းသွားပြီးတရုတ်လူမျိုးတွေရဲ့ အသက်ရှည်နှုန်းကလည်း ၁၉၄၉- ၃၈နှစ် ကနေ ၁၉၇၀ ခုနှစ်များမှာ ၆၅ နှစ် ဖြစ်လာခဲ့ပါတယ်။

(စကားချပ် -  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်ကို ချီးကျူးတာ အခုမှမဟုတ်ပါဘူး။ အဲဒီကာလတွေ ကတည်းကပါ။)

အဲဒီခြေဗလာဆရာဝန်များကို (ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ကျင့်သုံးလာတဲ့) ၁၉၈၀ခုနှစ်များမှာတော့ စာမေးပွဲတွေ အဆင့်ဆင့်ဖြေခိုင်းပြီး အဆင့်အတန်းတွေ မြှင့်ပေးပါတယ်။ ကျန်းမာရေးဝန်ကြီးဟောင်း ချင်ရှုး (Chen Zhu)ဟာ ခြေဗလာဆရာဝန်ဘဝ ကို (၅) နှစ် ဖြတ်သန်းဖူးတယ် ... တဲ့။ ဒါတွေကြောင့် ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစနစ်နဲ့ ပတ်သက်လို့ အခြေခံကောင်းတွေ ရှိပြီးသား ဖြစ်နေတာပါ။

အစိုးရတရပ်အနေနဲ့ မိမိပြည်သူတွေရဲ့ အကျိုးစီးပွားများ (ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသဖြင့်) ကဏ္ဍပေါင်းစုံမှာ ဘယ်လိုရေရှည်အမြင်နဲ့ တည်ဆောက်ပေးခဲ့တယ် ဆိုတာကို အခုလို ကပ်ဘေးတွေကြုံလာချိန်မှာ မြင်တွေ့လာနိုင်တာပါ။ ဒီလိုအရေးပေါ်အခြေအနေတွေဟာ အစိုးရများရဲ့အုပ်ချုပ်မှု အတတ်ပညာတွေ (good governance) ကို စမ်းသပ်စစ်ဆေးလေ့ရှိပါတယ်။ 

တရုတ်အစိုးရကတော့ ဒီစာမေးပွဲကို အောင်သွားပါပြီ။

လှကျော်ဇော
၇-၅-၂၀၂