မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၂
◾️ICJ နဲ့ ၂၀၁၇ လူသတ်ပွဲမှာ တာဝန်ရှိသူ
လာမယ့် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် စွဲဆိုလျှောက်ထားတဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာတွေ ထောင်သောင်းချီ အသတ်ခံရတဲ့ အဖြစ်အပျက်၊ သိန်းနဲ့ချီ တဖက်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်အတွက် အမှုကို ဆက်လက်ကြားနာဖို့ ရှိပါတယ်။ ၂၀၁၉ ခုနှစ် အန်အယ်လ်ဒီအာဏာရှိိစဉ်ကတည်းက စွဲဆိုထားတဲ့အမှုဖြစ်ပြီး ပထမဆုံးအကြိမ်အနေနနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ တရားရုံးကိုသွားရောက်ပြီး လျှောက်လဲခဲ့ပါတယ်။ အခု စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ဆက်လက်စစ်ဆေးမယ့် ရုံးချိန်းလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်ခုခံခဲ့ရာမှာ အချို့သော စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သူတွေက နားမလည်နိုင် ဖြစ်ခဲ့ကြပါတယ်။ စစ်တပ်က လက်လွန်ခြေလွန် သတ်ဖြတ် ရွာတွေဖျက်ဆီးပြီး တဖက်နိုင်ငံကို သိန်းနဲ့ချီထွက်ပြေးခဲ့ကြတဲ့ အဖြစ်အပျက်မှာ အန်အယ်လ်ဒီအနေနဲ့ ဘယ်လောက် အဖြစ်အပျက် အသေးစိတ်သိရှိခဲ့သလဲ၊ အမှန်တကယ် မြေပြင်မှာဖြစ်ပျက်မှုတွေကို ထိုစဉ်ကတည်းက သေသေချာချာ သိရှိရဲ့လား စတဲ့ သံသယတွေရှိသလို ဘာကြောင့်ကိုယ်တိုင်သွားရောက်ခုခံရတာလဲဆိုတာကို ထိုအချိန်ကတည်းက နားမလည်နိုင်ကြတဲ့သဘောဖြစ်ပါတယ်။ နိုင်ငံကိုစွဲဆိုတဲ့အမှုဖြစ်လို့ သွားရောက်ခုခံကာကွယ်တယ်ဆိုတဲ့ ယုတ္တိကျိုးကြောင်းကို နားလည်ပေမယ့် အမှန်တကယ် စစ်တပ်က ဘာတွေကျူးလွန်ခဲ့သလဲ မြေပြင်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုတော့ ထိုစဉ်ကတည်းက သိရှိဖို့ အရေးကြီးတယ်လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။
မကြာသေးမီက အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း မန်းဝင်းခိုင်သန်းနဲ့ မီဒီယာအင်တာဗျူးတခုမှာ ထိုစဉ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စစ်တပ်က အန်အယ်လ်ဒီအစိုးရကို တင်ပြတာလောက်ပဲ ၄င်းတို့သိခဲ့ရကြောင်း စစ်တပ်ကတင်ပြတဲ့အဖြစ်အပျက်တွေနဲ့ မြေပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တာ ကွာခြားမှုတွေအကြောင်း အခုနောက်ပိုင်းမှာ သိရှိလာရတဲ့သဘော ဖြေကြားသွားတာ ဖတ်ရှုရပါတယ်။ အဆိုပါပြောဆိုချက်ကိုအကဲခတ်ကြည့်ရင် အန်အယ်လ်ဒီအစိုးရအနေနဲ့ ၂၀၁၇ အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီးကာလတွေကနေ ၂၀၁၉ ခုနှစ် အိုင်စီဂျေ တရားစွဲဆိုချိန်တွေအထိ မြေပြင်က အဖြစ်အပျက်တွေကို သေချာစွာမသိရှိခဲ့တဲ့သဘောမျိုး အဓိပ္ပါယ်ကောက် ယူနိင်ပါတယ်။
အခုစစ်အာဏာသိမ်းပြီးနောက်မှာ အိုင်စီဂျေမှာစွဲဆိုခံထားရတဲ့အမှုအတွက် ကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ NUG အစိုးရနဲ့ စစ်ကောင်စီ အပြိုင် တရားရုံးကို တင်သွင်းထားခဲ့ပါတယ်။ NUG ဘက်က နိုင်ငံကိုယ်စားပြုမှုဆိုင်ရာကိစ္စတရပ်ဖြစ်လို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး ရင်ဆိုင်ဖို့ဆိုတဲ့ ရပ်တည်ချက်နဲ့လျှောက်ထားတယ်ဆိုပေမယ့် အမှန်တကယ် အနှစ်သာရအရ ကျူးလွန်ခဲ့သူဟာ လက်ရှိစစ်ကောင်စီသာဖြစ်လို့ စစ်ကောင်စီကသာ နိုင်ငံတကာတရားရုံးမှာ ဖြေရှင်းတာဟာ ပိုသဘာဝကျတယ်လို့ ထင်မြင်ပါတယ်။
NUG အနေနဲ့ မိမိတို့ ကျူးလွန်ထားခြင်းမရှိတဲ့အမှုကိစ္စအတွက် အခုလို တရားခံနေရာကနေဖြေရှင်းရမယ့် ကိုယ်စားပြုမှုကို ကြိုးစားပြီးယူစရာ မလိုအပ်ဘူးလို့လည်း ထင်မြင်မိပါတယ်။ စစ်တပ်က ကျူးလွန်ထားတဲ့ ကျူးလွန်မှုတွေသာဖြစ်လို့ ထိုစဉ်က အစိုးရဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ တာဝန်ရှိတယ်ဆိုခဲ့ရင်တောင် အတိုင်းအတာတခုထိသာရှိမှာဖြစ်ပြီး အဓိကကျူးလွန်သူက အမိန့်ပေးတဲ့ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပါတယ်။
အိုင်စီဂျေ ရုံးချိန်းရက်ကျရောက်ဖို့ ၃/၄ ရက်မျှသာ လိုအပ်တော့တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ဘယ်ကိုယ်စားပြုမှုကို တရားရုံးက ရွေးမယ် မသိသေးပေမယ့် အနှစ်သာရအားဖြင့် ကျူးလွန်ခဲ့တဲ့အဖွဲ့အစည်းအားဖြင့်ဆိုရင်တော့ စစ်တပ်ကို ရွေးချယ်ကောင်း ရွေးချယ်လိမ့်မှာ ဖြစ်တယ်လို ထင်မြင်မိပါတယ်။
ဒီနေ့ အဖို့ အခြားသတင်းတွေထဲမှာတော့ နေ့စဉ်ကြားသိနေရတဲ့ တိုက်ပွဲသတင်းတွေ၊ နေအိမ်မီးရှို့ခံရတဲ့သတင်းတွေ ကရင်ပြည်နယ် ဖလူးဒေသမှာ ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေ စစ်ဘေးရှောင်တွေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ့အရေးနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် လက်လျော့တဲ့စကားပြောဆိုလိုက်တဲ့ သတင်းဖြစ်ပါတယ်။
ယခုနှစ်ဆန်းမှာမှ အာဆီယံရဲ့ အလှည့်ကျဥက္ကဌ တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်အနေနဲ့ ဇန်နဝါရီလ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး တလကျော်အကြာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သူတာဝန်ယူစဥ်ကာလမှာ မဖြေရှင်းနိုင်ခဲ့ရင်လည်း နောက်အာဆီယံဥက္ကဌအလှည့်ကျသူက ဖြေရှင်းလိမ့်မယ်ဆိုတဲ့သဘောမျိုး ယနေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက်ခဲ့စဥ် နိုင်ငံတကာနဲ့ အာဆီယံအသိုက်အဝိုင်းကို သူ့ရဲ့ ကြိုးစားမှုတွေနဲ့ပတ်သက်လို့ ကြိုတင်မှတ် ချက်မပြုကြဖို့ ပြောဆိုခဲ့ဖူးပြီး တလခန့်အကြာမှာ အခုလို လက်လျော့တဲ့စကားပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ထိုစဉ်က ပြောဆိုသဘောတူခဲ့ကြတဲ့ အာဆီယံရဲ့ အသစ်ခန့်အပ်ထားတဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ မြန်မာနိုင်ငံလာဖို့ ခရီးစဉ် စီစဉ်ထားပြီး မလာရောက်သေးခင်မှာ အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ မှတ်ချက်ပေးခဲ့တာပါ။
မြန်မာ့အရေးဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်း စစ်ရေးအကြပ်အတည်းမှာ ပါဝင်သူတွေကိုယ်တိုင် လုပ်ဖို့ဆန္ဒမရှိခဲ့ရင် ကျွန်တော်တို့ စိုးရိမ်ဖို့ မလိုဘူးလို့လည်း ပြောဆိုလိုက်တယ်လို့ ကမ္ဘောဒီးယားသတင်းမီဒီယာ ဖေါ်ပြချက်တွေအရ သိရှိရပါတယ်။
မြန်မာ့အရေးဟာ ယမန်နှစ် ဧပြီမှာ ချမှတ်ခဲ့ကြတဲ့ မြန်မာနိုင်ငံအရေးပြေလည်စေမယ့် အာဆီယံရဲ့ သဘောတူညီမှု မူငါးချက်ကိုလည်း အကောင်အထည် မဖေါ်နိုင်သေးပဲရှိရာက နိုင်ငံရဲ့ အခြေအနေဟာ ထိုမူချမှတ်စဉ်အနေအထားထက်ကို ပြည်တွင်းစစ်မိးပိုကျယ်ပြန့်လာနေတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးကခုထက်ပိုပြီး တငြီးငြီးတောက်လောင်ဖို့ အားယူနေပြီး နိုင်ငံတကာ ဒေသန္တရဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေ အဖွဲ့အစည်းတွေ အစိုးရတွေအနေနဲ့ ခုထက်ပိုပြီး မြန်မာ့အရေးကို ဘယ်လိုနည်းလမ်းနဲ့ လက်တွေ့ ကူညီနိုင်မလဲဆိုတဲ့ အဖြေထက် မရေရာမှုတွေသာ ကြီးထွားနေဆဲ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar