Breaking News

ဇင်လင်း ● ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ နှုန်းစံပြည့်မှီစေလိုသည်

ဇင်လင်း ● ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ နှုန်းစံပြည့်မှီစေလိုသည်
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉

မြန်မာပြည်သူလူထုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဖြစ်လာချိန်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ခွင့်၊ လွတ်လပ်စွာ စည်းရုံခွင့်၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် အစ ရှိသော အခြေခံ နိုင်ငံသား အခွင့်အရေးများ ရရှိလာတော့မည်ဟု မျှော်လင့်ထားကြသည်။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူထုက ဆန္ဒမဲပေးခဲ့ကြခြင်းမှာ အဓိကအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ပြည်တွင်းစစ်ရပ်စဲရေး အောင်မြင်စေလို သောကြောင့်ဟု ဆိုလျှင်လည်း မမှားပေ။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌လည်း ဦးဆောင်စေလို၍ ဖြစ်သည်။

သို့ရာတွင် လက်တွေ့နိုင်ငံရေးဖြစ်စဉ်၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တစ်ပြည်လုံးအပစ်ရပ်ရေးကိစ္စတို့သည်ပင် လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်မှုဘောင်အတွင်းတွင် ပိတ်မိနေကြောင်း တွေ့ရသည်။ ဒီမိုကရေစီရေးနှင့် လူထုကို ဥပဒေဖြင့် အကာအကွယ်ပေးရေးအတွက် NLD အစိုးရ၏ ကြိုးပမ်းမှုများသည်လည်း ဖွဲ့စည်းပုံ ပိုက်ကွန်ထဲ၌ မလူး သာ မလွန့်သာ ဖြစ်နေရသည်။ ခေတ်မီ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံထူထောင်ရေး မျှော်မှန်သည်ပင်လျှင် ယခင် စစ်အစိုးရ ရေးဆွဲပြဋ္ဌာန်းခဲ့သော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိတ်ဆို့ကာဆီးမှုနှင့် ကြုံတွေ့နေရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ် သုံးခုအနက် တစ်ခု ဖြစ်သည်။ လက်ရှိအခြေအနေတွင်“အမျိုးသားပြန်လည်သင့်မြတ်ရေး” နှင့် “ငြိမ်းချမ်းရေး”ကို အလေး ထားဆောင်ရွက်နေသော်လည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ် ဘောင်ထဲတွင် ဆောင်ရွက်နေရသဖြင့် ထင် တိုင်းမပေါက် ဖြစ်နေသည်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မျှော်ထားသည့်အလျောက် ယင်းရည်မှန်းချက်နှင့် ဆီလျော်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ဖေါ်ဆောင်ရန် အမှန်ပင် လိုအပ်နေပေသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနည်းနာဖြင့် ခရီးဆက်ခဲ့သော့ “မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး” အပေါ် မိတ်ဆွေ နိုင်ငံများက ချီးကျူးဂုဏ်ပြုခဲ့ကြသော်လည်း ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီနှုန်းစံ မပြည့်မီမှုကြောင့် မြန်မာ နိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟု မပြောနိုင်ကြောင်း’ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ခရီးစဉ်တွင် သတိပေး ပြော ကြားခဲ့ဖူးသည်။ အမေရိကန်ခရီးစဉ်အတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  နယူးယောက်မြို့ Asia Society ၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း မှတ်ချက်ပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။  ‘‘ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတစ်ခုက အရပ်သားအစိုးရထဲမှာ တပ်မတော်ရဲ့ စစ်ဦးစီးအရာရှိ တွေပါဝင်နေတယ်ဆိုတာမျိုး မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ တကယ်တမ်းလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။

လွန်ခဲ့သော အတိတ်မှ အနီးမြင်သမိုင်းကို ပြန်ပြောင်းကြည့်ပါက၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်းသော နအဖ အစိုးရအဖွဲ့က နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံး အဖြစ် ရွေးကောက်ပွဲများ ကျင်းပပေး ရန် စီစဉ်လျှက်ရှိကြောင်း ကြေညာခဲ့သည်ကို မှတ်မိကြပေလိမ့်မည်။ နှစ်လကြာပြီးနောက် အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဆိုင်ရာ အမိန့်ဥပဒေများပေါ်ထွက်လာသည်။ အစိုးရသြဇာလွှမ်းသော ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းလိုက် သည်။ ရွေးကေက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအားလုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို သစ္စာ စောင့်သိ ကာကွယ်ရမည့် တာဝန်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။ အကျဉ်းကျခံနေရသူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် အရည်အချင်း ပျက်ယွင်းသူများဖြစ်သည်ဟုဆိုသည်။ ယင်းကန့်သတ်ချက်ကြောင့် လူပေါင်း မြောက်များစွာ ထိခိုက်သည့်အနက် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။ ၂၀၀၉ သြဂုတ်လတွင် ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် တိုးမြှင့်ခံရသည်။ စိတ်မမှန်သူတဦး ဒေါ်စု၏ နေအိမ်ခြံဝင်းအတွင်း ကျူးကျော် ဝင်ရောက်သည်ကို စိတ်ဆန္ဒမပါဘဲ လက်ခံခဲ့မှုအတွက် တရားရုံးက ရာဇဝတ်ကြောင်းအရ  ပြစ်ဒဏ်တိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီငယ်များက ပါတီမှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ၂၀၀၈ ဖွဲစည်းပုံ အခြေခံ ဥပဒေ အောက်၌ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်၊ နအဖ အစိုးရအဖွဲ့က ခန့်ထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က (နအဖ) ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ မဲအရေအတွက် ၅၈ % ဖြင့် အနိုင်ရကြောင်း ကြေညာခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေ ပိုမိုကောင်းမွန်သွားခဲ့သည်။ ထို့ပြင် ဖွဲစည်းပုံအခြေခံဥပဒေအရ ပါလီမန် တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ % ကို တပ်မတော်က မယှဉ်ပြိုင်ဘဲ ရရှိထားပြီလည်းဖြစ်သည်။  သို့ဖြင့် အနိုင်ရ ပါတီက ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ် နေရာ ၅ ပုံ ၄ ပုံ ရရှိကာ နိဂုံးသတ်ခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ‘နအဖအစိုးရအဖွဲ့’ ကို တရားဝင်ဖျက်သိမ်းခဲ့သည်။ တချိန်တည်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် အပြည့်အ၀ အသက်ဝင်သည်။ သမ္မတဦးသိန်းစိန် သမ္မတတာဝန်နှင့် အဖွဲ့ဝင် (၁၁) ဦးပါ ‘အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ ၏ ခေါင်းဆောင်တာဝန်များရယူသည်။ ဦးသိန်းစိန်သည် အငြိမ်းစား စစ်ဗိုလ်ချုပ်တဦး ဖြစ်သည် သာမက၊ နအဖအစိုးရ ဝန်ကြီးချုပ်တာဝန်လည်း ယူခဲ့ဖူးသူဖြစ်သည်။ သို့သော် သူ ပါလီမန်တွင် ပြောဆိုသည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲရေးမျှသာမက၊ အခွင့်ထူးခံမှုကိုဆန့်ကျင်သည့် တိုးတက်လွတ်လပ်လို သော သဘောတို့ကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးတွေ ခံစားခွင့်ရရှိဖို့ ကျနော်တို့ ကတိပြုပါတယ်။ ကျနော်တို့ တရားရေးမဏ္ဍိုင် ကြံ့ခိုင်အောင်လည်း လုပ်သွားမှာဖြစ်ပါတယ်။” ဟု ဦးသိန်းစိန် ပြောခဲ့သည်။

“ပြည်သူလူထုနဲ့အတူလက်တွဲပြီး၊ အကျင့်ပျက် ခြစားမှုတွေကို ကျနော်တို့ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။… ဒါကြောင့် တည်ရှိနေဆဲ ဥပဒေတွေကို ပြင်သင့်တာပြင်၊ ဖျက်သင့်တာဖျက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ အခြေခံအခွင့် အရေး နဲ့ လူ့အခွင့်အရေးတွေကို အာမခံမယ့် ဥပအေသစ်တွေ လိုအပ်သလို ပြဋ္ဌာန်း အကောင်ထည်ဖေါ်သွားမှာလည်း ဖြစ်ပါတယ်။” ဟု လည်း သမ္မတဦးသိန်းစိန် က ပြောခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ပထမဦးဆုံး မိန့်ခွန်းတွင် ပျော့ပျောင်းသည့် လက္ခဏာဆောင်သော နိုင်ငံရေးသဘောကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ခြင်းဖြင့် ပြသခဲ့သည်။ အကျဉ်းကျခံနေရသူများကို ရွေးကောက်ပွဲ ဝင်ခွင့် ပေးခဲ့ပြီး၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များအား ‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပါမည်’ ဟု သစ္စာပြုရမည့် အစား၊ ‘လေးစားပါမည်’ ဟု သစ္စာဆိုနိုင်ကြောင်း ပြင်ဆင်ပေးခဲ့သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြန်လည်မှတ်ပုံတင်ခဲ့သည်။

၂၀၁၂ ဧပြီ (၁) ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကျင်းပသည်။ ယခင် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသဖြင့် ၄၈ နေရာ လစ်လပ်သည့် အနက် ၄၅ နေရာအတွက် ရွေးကောက်ပွဲကျင်းပခြင်းဖြစ် သည်။ (၃ နေရာတွင် လုံခြုံရေးအခြေအနေကြောင့် မကျင်းပနိုင်ကြောင်း ရွေးကေက်ပွဲကော်မရှင်က ကြေညာထားသည်။) ပါတီ (၁၇)ခု ပါဝင်ယှဉ်ပြိုင်သည်။ NLD က ရွေးကောက်ပွဲတွင် ၄၃ နေရာအနိုင်ရသည်။ ပြည်ခိုင်ဖြိုးနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီပါ တီတို့က တနေရာစီအနိုင်ရသည်။ ရွေးကောက်ပွဲ အနိုင်ရသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတကာ အကဲခတ်များက ထိုရလဒ်သည် ပြည်သူအများ၏ ဆန္ဒကို ထင်ဟပ်မှုရှိသည်ဟု ယေဘုယျကောက်ချက်ချကြသည်။ သို့သော် အများစုက ရွေးကောက်ပွဲများသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဖြစ်စဉ်အတွက် ပထမခြေလှမ်းမျှသာဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ (၇) ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့သည်။ သို့သော် ၃ နှစ်ကျော် ကြာခဲ့သည့်တိုင် အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀ ကျင့်သုံးခွင့် မရရှိသေး ချေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က  ခွင့်ပြုသလောက်သာ အစိုးရ တစ်ရပ်အနေဖြင့် စီမံ အုပ်ချုပ် ပိုင်ခွင့် ရရှိသည်။ NLD ပါတီ က အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို ထိန်းချုပ်ထားနိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ခွင့်ပြုချက်အရ  တပ်မတော်က အစိုးရအဖွဲ့၏ အရေးကြီး ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ခွင့် ရရှိနေသည်။ ၎င်းအပြင်  ဥပဒေပြု လွှတ်တော်တွင်လည်း တပ်မတော်က လွှတ်တော်ကိုယ်စား လှယ် နေရာ၂၅ ရာခိုင်နှုန်း အခိုင်အမာ ရရှိထားသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ကြဉ်းပေးမည်ဟု NLD ပါတီက ရွေးကောက်ပွဲတွင် ကတိပြုထားခဲ့သော်လည်း လက်တွေ့မြေပြင်၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ကန့်သတ်မှုများကို မကျော်လွှား နိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းရာတွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးသည် မဖြစ်မနေလုပ်ရမည့် တာဝန် ဖြစ်လာသည်။ အရပ်သားစစ်စစ် အုပ်ချုပ်သော ဒီမိုကရေစီ အစိုးရစနစ် ကျင့်သုံးရန် အချိန်မကျသေးဟု တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ ယူဆကာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်ဖက်အရာရှိများက ဆက်လက်နေရာယူထားကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အရ အရေးပါသည့် အခြေခံဥပဒေအပိုဒ်များကို ပြင်ဆင်လိုလျှင်၊ ပြည်ထောင်စု လွှတ်တော်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန် ထောက်ခံ သည့်တိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅  ရာခိုင်နှုန်း၏ သဘောတူညီချက် မရလျှင် ပြင်ဆင်နိုင်မည် မဟုတ်ပေ။ အနည်းဆုံးအားဖြင့် သတ္တိရှိသော တပ်မတော်သား တယောက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သင့်သည် ဆိုခြင်းကို ထောက်ခံဖို့ လိုကြောင်း၊ တပ်မတော်သားများက စစ်မြေပြင်၌ သတ္တိရှိကြသော်လည်း လွှတ်တော်ထဲရောက်သည့်အခါ ကာကွယ်ရေးဦးစီးချုပ်အမိန့်အတိုင်း မဲပေးကြသည်ကိုတွေ့ရကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ထောက်ပြခဲ့ဖူးသည်။

ပြည်သူအများ မျှော်လင့်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် ပြည်ထောင်စု လွှတ်တော်တွင် အခြေ အတင် ဆွေးနွေးတိုင်ပင်ကြရမည့် အချိန်အခါသို့ ရောက်လာပြီဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ပါဝင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက လေးလကျော်ကြာ အချိန်ယူဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ ဇူလိုင် ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်း ခဲ့သည်ဟု ကြားသိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် နိုင်ငံရေးပါတီအသီးသီး နှင့်  တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့များမှ အဖွဲ့ဝင်များပါဝင်သည်ဟု သိရသည်။ အဖွဲ့ဝင် ၄၅ ဦး ပါဝင် သော  အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ဖွဲ့ခဲ့ခြင်း ဖြစ်၍ နိုင်ငံရေးပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပူးပေါင်းကော်မတီက ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း ၁၅ ခန်းနှင့်  နောက်ဆက်တွဲ ဇယား ၅ ခုကို စီစစ်လေ့လာသုံးသပ်ပြီးနောက် အကြံပြုချက် စုစုပေါင်း ၃,၇၆၅ ချက် တင်ပြထားသည်ဟု  ပူးပေါင်း ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်၌ အစီရင်ခံတင်ပြခဲ့သည်။ လွှတ် တော်တွင်းရှိ နိုင်ငံရေး ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သင့်သည့် အချက်များကို အကြံပြုတင်ပြခဲ့သည်ဟု ပူးပေါင်းကော်မတီ အတွင်း ရေးမှူးက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်ပါက ဒီမိုကရေစီ နိုင်ငံရေးအသွင်ကူးပြောင်းရန် အချိန်ကြာနိုင်ရုံမက ငြိမ်းချမ်းရေးအိပ်မက်လည်း ပျက်ပြယ်နိုင်သည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံတကာ တပ်မတော် များ၏ နှုန်းစံများနှင့်အညီ ဂုဏ်သိက္ခာရှိသော  တပ်မတော်အဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၌ ပူးပေါင်းပါဝင်ရန် တိုက်တွန်း လိုသည်။ အစိုးရနှင့် တပ်မတော် အပြန်အလှန်ယုံကြည်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပူးပေါင်း ဆောင်ရွက်ကြမည် ဆိုလျှင် ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ နှင့် ‘တစ်နိုင်ငံလုံးအပစ်ရပ်ရေး’ အတွက်ပါ အကျိုးများလိမ့်မည်ဟု ယုံကြည်မိ ပေသည်။ #

Reference: The Rule of Law in Myanmar: Challenges and Prospects (2012 December) by International Bar Association’s Human Rights Institute (IBAHRI)

၂၉၊ ၇၊ ၂၀၁၉၊ ရက်နေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့်ဆောင်းပါး။