Breaking News

ဘိုလ်တောကျော် (ကနီ တောရ) - တသန်လျင်းကောက်ဗိုလ်ကြီးနဲ့ ကျနေ့ာ်ဖြစ်ထွေ

တသန်လျင်းကောက်ဗိုလ်ကြီးနဲ့ ကျနေ့ာ်ဖြစ်ထွေ
ဘိုလ်တောကျော် (ကနီ တောရ)
(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၂

ကိုယ့်အကြောင်းကစပြောရမှာပေါ့။ အသက်အရွယ်ကအိုမင်းလာပြီဆိုတော့ အိမ်မှာနေရင်းထွေရာလေးပါးသောင်စဉ်ရေမရစဉ်းစားနေမိတာလည်း သဘာဝပဲထင်ပါရဲ့။ ဘဝကစိတ်ကူးယဉ်ရမယ့်အရွယ်လည်းမဟုတ် ပေပဲကိုး။ ဒီတော့လည်းကိုယ့်အကြောင်းကိုယ်စဉ်းစားပြီးပြန်လည်အမှတ်ဖော်နေရတာကျင့်သားရနေသလိုပဲ။

ရှင်သန်ခဲ့ရာဘဝတွေပြန်လှည့်ကြည့်လိုက်တော့ ကိုယ်ဖြတ်သန်းခဲ့ရာနိုင်ငံရေးခေတ်ကြီး ၄ ခေတ်ကိုဖြတ်သန်း ခဲ့ရပြီးပြီ။ ဦးနုတို့ရဲ့ ဖဆပလခေတ်ကတော့ ဘာရယ်သေချာမသိ။ အညာရဲ့အပူကြောင့်ထင်ပါရဲ့၊ အဝတ်မဲ့တရွာလုံးနဲ့တရွာလုံးလျောက်သွားပြီးဂွေလှိမ့်လို့ကောင်းတုန်း။ ပုဆိုးတောင် ဂွင်းမသိုင်းတတ်သေးတဲ့အခြေနေနဲ့ဘဝစခဲ့ရတာကိုး။ ဒီတော့ ဖဆပလတို့၊ ဒီမိုကရေစီတို့၊ နိုင်ငံရေးအစိုးရတို့ ဆိုတာတွေဘယ်သိခဲ့လိမ့်မတုန်း။

ရေရေရာရာသေသေချာချာသိမီလိုက်တာကတော့ ‘တော်လှန်ရေးကောင်စီ’ လို့ပြောကြတဲ့ ဗိုလ်နေဝင်းအာဏာ သိမ်းခေတ်ပေါ့။ ဗိုလ်နေဝင်းအာဏာသိမ်းခေတ်မှာပဲ အစိုးရကျောင်းလို့ခေါ်တဲ့ စာသင်ကျောင်းကိုစတက်ခဲ့ရတာ။ ကိုယ့်ပညာရေးဟာဗိုလ်နေဝင်းအာဏာသိမ်းချိန်မှာအစပြုခဲ့သလိုဗိုလ်နေဝင်းအာဏာသက်ကုန်ချိန်မှာ အဆုံးသတ်ရဲ့တာကလား။ 

ကိုယ်ကျောင်းစတက်တော့ အသက်က ၆ နှစ်ရှိပြီ။ ၆ နှစ်အရွယ်မှာသူငယ်တန်းကြီးတက်ခွင့်ရခဲ့တာ။ ကိုယ်တို့ ခေတ်တုန်းကသူငယ်တန်းလေး၊ သူငယ်တန်းကြီးဆိုပြီး နှစ်တန်းခွဲထားတယ်။ သူငယ်တန်းလေးကိုလည်း တနှစ် တက်ရတယ်။ သူငယ်တန်းလေးအောင်မှ သူငယ်တန်းကြီးတက်ခွင့်ရတာ။ ကိုယ်ကထူးထူးခြားခြားသူငယ် တန်းလေးနဲ့ သူငယ်တန်းကြီးကိုတနှစ်ထဲ တက်ခွင့်ရခဲ့တာပေါ့။

ကိုယ်သိပ်တော်လို့ ဉာဏ်ကောင်းလွန်းလို့တော့ မထင်မှတ်လေနဲ့။ ကိုယ်ကအစိုးရကျောင်မတက်မီမှာ ၄ နှစ်သားကတည်းက ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကကြီးခကွေးစပြီးသင်နေရတာ။ ‘မကောင်းကျောင်းပို့’ ဆိုစကားအတိုင်းပဲ ဘုန်းကြီးကျောင်းရောက်ခဲ့တာ။ အိမ်ကနေ မနက် ၆ နာရီဆိုအိပ်ရာကထပြီး ‘ဘဂဝါစကူး’ မြန်းခဲ့ရတာလေ။ ၆ နှစ်သားအရွယ်မှာတော့ “ယံမင်္ဂလံ ဒွာဒသဟိ၊ စိန္တယိံသု သဒေဝတာ” အစချီတဲ့ ပရိတ်ကြီး (၁၁) သုတ်ကို နှုတ်တက်ရွရွ ရွတ်ဆိုနိုင်နေပြီ။ 

ဒါကြောင့်ကျောင်းရောက်တဲ့အခါကြတော့ ပထမအစမ်းစာမးပွဲဖြေပြီးတာနဲ့ သူငယ်တန်းကြီးတက်ခွင့်ရခဲ့တာ။ ၁၉၆၂ မတ်လ ၂ ရက်နေ့ ဗိုလ်နေဝင်းအာဏာသိမ်းတော့ ကျနော်ကျောင်မနေရသေးဘူး။ ဂျွန်လကျောင်းတွေဖွင့်တော့မှ သူငယ်တန်းလေးတက်၊ နောက်တော့ သူငယ် တန်းကြီးတက်ပေါ့။ ဒါကြောင့် ကိုယ်တို့ပညာရေးက ဗိုလ်နေဝင်းနဲ့စခဲ့ရတာလို့ ပြောရတာ။

ဗိုလ်နေဝင်းစစ်တပ်ကအာဏာသိမ်းပြီးတာနဲ့ နယ်တွေမျာတော့ ‘နလက’ လို့ အတိုကောက်ခေါ်တဲ့ ‘နယ်လုံခြုံ ရေးနဲ့အုပ်ချုပ်မှုကော်မတီ’ ဆိုလား တပ်ကဗိုလ်ကြီးတွေနဲ့ဖွဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါ်လာခဲ့တယ်။ တပ်ကဗိုလ် ကြီးဆိုသူတွေက ‘မစ္စတာနိုးအော(Mr.Know All)’တွေ။ အရာရာသူသိသူတတ်တွေ။ မဆီမဆိုင် ပညာ ရေးလောကကို စီမံအုပ်ချုပ် စစ်ဆေးတာတွေပါ လုပ်လာတယ်။ 

ဒီဇင်ဘာကျောင်းပိတ်ရက်အပြီးကျောင်းတွေပြန်ဖွင့်တော့ ကိုယ်တို့ဆီကို ‘နလက ဗိုလ်ကြီးကကျောင်းစစ်ဆေးဖို့ လာမယ်တဲ့။ အဲ့ဒါကြောင့် မနက်ဖျန်ကိုအဝတ်အစားလေးတွေသေသေ သပ်သပ်ဝတ်ခဲ့ကြလို့’ ဆရာမကြီးမှာလိုက်တော့ ကိုယ်တို့လည်း ရှိတဲ့သရက်ထည်ပွင့်ရိုက်အသစ်လေးထုတ်ဝတ်တယ်။ တောမှာကျောင်းဝတ်စုံဆိုတာ ဘယ်ကလာရှိမတုန်း။ တချို့လည်း ဖျင်ကြမ်းအင်္ကျီအဖြူလေးတွေနဲ့။ အာလုံးကတော့ အဝတ်သစ်လေးတွေနဲ့ဆိုတော့ ကလေးဘာဝပျော်လို့ရွှင်လို့။

တကျောင်းလုံးကျောင်းအုပ်ကြီးကအစ ကျောင်းသူကျောင်းသားအဆုံး အားလုံး အဝတ်အစားသစ်တွေနဲ့။ အရောင်အသွေးအစုံစုံပါပဲ။ ၁၀ နာရီကျော်ကျော်လောက်ကျတော့ နလကဗိုလ်ကြီးဆိုသူဟာ ခြွေရံသင်းပင်းတွေနဲ့အတူကျောင်းကိုရောက်လာခဲ့တယ်။ ပညာရေးမှူးဆိုသူလည်း ပါလာတယ်ဆိုပဲ။ ကျောင်းရောက်တာနဲ့ ကျောင်းအုပ်ကြီးရုံးခန်းမှာ လက်ဖက်ရည်သောက်ရင်းမေးစရာရှိတာတွေမေးပေါ့။ မကြာပါဘူးဗျာ ဆူသံဆဲသံတောကြားနေရတယ်။ အဖြူအစိမ်းကျောင်းဝတ်စုံတွေမဝတ်လို့တဲ့။

ကိုယ်တို့လည်း ကိုယ့်အခန်းမှာကိုယ် ငြိမ်နေကြဖို့ဆရာမကြီးကပြောတော့ တုတ်တုတ်မှမလှုပ် ငြိမ်နေကြရတယ် ။ ဆရာမကြီးကို ချစ်တာကိုး။ ဒီတော့ဆရာမစကားနားထောင်ကြတာပ။ ခဏနေတော့ ကိုယ်တို့အခန်းကိုစဝင်ပြီး စစ်ဆေးတယ်။ ဆရာမကိုမေးချင်တာတွေမေးပြီးဆရာမကြီးကလည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဖြေနေတာတွေ့နေရတယ်။ ကိုယ်ကအကောင်သေးတော့ ရှေ့ဆုံးအတန်းမှာမို့အားလုံးကိုမြင်နေရ၊ ကြားနေရတယ်။

ဆရာမကြီးကိုမေးမြန်ပြီးတဲ့နောက် ကျောင်းသားတွေကိုစစ်ဆေးမယ်ဆိုပြီး တယောက်ချင်းမေးပြီး စစ်ဆေးနေတယ်။ ကိုယ့်အလှည့်ရောက်တော့ သူငယ်တန်းကြီးဖတ်စာအုပ်ကိုကိုင်ပြီး ‘ဒါဘာလဲ’ ‘အဲ့ဒါည”လို့ဖြေတယ်။ နလကဗိုလ်ကြီးခေါင်းညိတ်လိုက်တယ်။ မှန်တယ်ဆိုတဲ့သဘောပေါ့။ ဒီလိုနဲ့ ‘လေး၊ ငါး၊ ခြောက်ခု’ လောက်မေးပြီး နောက်ဆုံးတခုကိုမေးတယ်။  ‘ဒါဘာလဲ’ တဲ့။ ကိုယ်ကလည်းဒီလောက်တော့ အပျော့ပေါ့။

    “အဲ့ဒါ တ,သန်လျင်းချိတ်” လို့ဖြေတော့ နလကဗိုလ်ကြီးမျက်နှာကြီးမဲပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကိုယ့်ကိုငေါက် တော့တာပါပဲ။ 

     “မင်းဒါလေးတောင်မသိဘူးလား ။ ဘယ်ကလာ တ,သန်လျင်းချိတ်ရမှာလဲ။ အဲဒါ “တ,သန်းလျင်းကောက်ကွ” တဲ့။ ကိုယ်လည်းမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆရာမကြီးကိုလှမ်းကြည့်လိုက်တယ်။ ဆရာမကြီးကြီးကတော့ မျက်နှာလွှဲထားတယ်။ နလကဗိုလ်ကြီးကဆက်ပြီး…
“မင်းကို‘တ,သန်လျင်းချိတ်’လို့ ဘယ်သူသင်ပေးတာလဲ” တဲ့။ ကိုယ်ကလည်းမှန်တဲ့အတိုင်းပြောရတာပေါ့။ 

“ကျနော်ကိုရွာဦးကျောင်းကဓမ္မာစရိယဦးသံဝရနဲ့ ဆရာမကြီးဒေါ်ခင်ကြွယ် သင်ပေးတာပါ” လို့ ဖြေတော့ နလကဗိုလ်ကြီး တွေသွားတယ်။ ဓမ္မာစရိယဆိုတာနည်းတဲ့ဘွဲ့မှမဟုတ်ပဲ။ အခုခေတ် ဂူကြီးတို့ စေကိန်တို့တောင် ဒီဘွဲ့မရရှာကြဘူးလေ။ ဒါပေမယ့် အဲ့ဒီနလကဗိုလ်ကြီးကကျောင်း အုပ်ကြီးဘက်လှည့်ပြီး မေးငေါ့လိုက်တယ်။ ဘယ်လိုလဲဆိုတဲ့သဘောထင်ပါရဲ့။ ဒီတော့မှ ကျောင်းအုပ်ကြီးရော ပညာရေးမှူးကပါသံပြိုင် အဖြေပေးလိုက်တယ်။ “ဟုတ်ပါတယ်ဗိုလ်ကြီးခင်ဗျား။ ကျနော်တို့ကံဘဲ့ဆရာအတတ်သင်တက်တုန်းကလည်း အဲ့ဒီကကထိကဆရာတွေကလည်း တ,သန်လျင်းကောက်။ အဲလေ..‘တ,သံလျင်းချိတ်’ လို့ပဲသင်ပေးလိုက်ပါတယ်” လို့ဖြေလိုက်တော့ ...

“အေးဒါဆိုရင်တော့ထားတော့ ကလေးအမှားလည်းမဟုတ်ဘူး။ ဆရာမအမှားလည်းမဟုတ်ဘူး။ တက္ကသိုလ်ကဆရာဆရာမတွေရဲ့အမှားပေပဲ။ ပညာရေးဌာနတခုလုံးမှားနေတာပဲ။ နောက်ဆိုရင် မမှားရအောင် ဒီကိစ္စကိုဗိုလ်ချုပ်ကြီးနေဝင်းဆီတင်ပြပြီး တ,သန်လျင်းချိတ်အစား ‘တ,သန်လျင်းကောက်’ ဆိုပြီး အမှန်ပြင်ပေးဖို့အကြံ ပြုရအုံးမယ်”လို့ ကျောင်းအုပ်ကြီးနဲ့ပညာရေးမှူးဘက်လှည့်ပြောပြီး ဆက်မစစ်ဆေးတော့ပဲ ပြန်ထွက်သွားပါတော့တယ်။ 

နလကဗိုလ်ကြီးတင်ပြလို့ပဲလားမသိ။ ဒါမှမဟုတ် မြန်မာ့စစ်တပ်ရဲ့ “မစ္စတာနိုးအော’ ဗီဇကြောင့်ပဲ လားတော့မသိ။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးဗိုလ်နေဝင်းကိုယ်တိုင် ‘တ’ကို ‘တစ်’လုပ်တာတွေ၊ ဆနွင်းကို နနွင်းလုပ်တာတွေကအစ မြန်မာစာကော်မရှင်ရဲ့ပြင်ဆင်ချက်တွေထွက်ပေါ်လာခဲ့တော့တာပါပဲ။ 

ဗိုလ်နေဝင်းကတော့ တက္ကသိုလ်ကပညာတတ်တွေဟာ “မကျက်တကျက် ပေါင်မုန့်တွေ’ လို့သမိုင်းဝင်စကား ပြောခဲ့ဖူးသလို ကိုယ်တို့ရဲ့ နလကဗိုလ်ကြီးကတော့‘ တ,သန်လျင်ချိတ်’ ကို ‘တသန်လျင်းကောက် ’ လို့ ဆိုခဲ့တယ်။ သူ့စကားဟာ သမိုင်းမဝင်ခဲ့ပေမယ့် သူပြန်သွားချိန်ကစပြီးကိုယ်တို့ကျောင်းနဲ့ကိုယ်တို့နယ်မှာတော့ “တ,သန်လျင်းကောက်ဗိုလ်ကြီး” ဆိုတဲ့ အမည်နာမပညတ်ချက်လေးကတော့ သမိုင်းတင်ကျန်ဆဲရှိနေဆဲပါပဲ။

အင်းတကယ်တော့ ကိုယ်တွေကျင်လည်ကြီးပျင်းခဲ့ရတဲ့ ခေတ်တွေကိုပြန်ကြည့်လိုက်တော့ “ တ,သန်လျင်းကောက်” ဗိုလ်ကြီးတွေကြီးစိုးချိန်တွေနဲ့ပဲ ကြုံခဲ့ရတယ်။ အခုထိလည်းတ, သန် လျင်းကောက်’  ဗိုလ်ကြီးတွေနဲ့ မကင်းနိုင်သေးပါဘူး။ နောက်ဆုံးတော့ ဥပဒေကိုဒုတိယနှစ်အထိ မတောက်တခေါက်အသိလောက်နဲ့ တိုင်း ပြည်အာဏာကိုလုယူထားတဲ့ “တ,သန်လျင်းကောက် သမ္မတကြီး “နဲ့တော့ မဆုံတွေပါရစေနဲ့လို့ အထပ်ထပ်အကြိမ်ကြိမ် ဆုတောင်းနေမိကြောင်းပါခင်ဗျား။
“မှတ်ချက်။   ။ ကျနော်တို့တလျှောက်လုံး ဋ,ကို တ,တလင်းချိတ်လို့ ထွက်ဆိုခဲ့တာ။ အခုပညာရေးဝန်ကြီးဌာနရဲ့မူအတိုင်း‘တ,သန်လျင်းချိတ်လို့ပဲရေးလိုက်ပါတယ်။) 

တ,သန်လျင်းကောက် ဘိုလ်တောကျော်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar