Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၄)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၄)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၉

● ပထစအစိုးရနှင့် ပြည်ထောင်စုမူ
ရှမ်းပြည်နယ်ကိုယ်စားလှယ်များ ဖက်ဒရယ်မူနှင့်ပတ်သက်၍ စည်းရုံးလှုပ်ရှားချိန်တွင် နိုင်ငံတော်အစိုးရအား အကြံပေးရန်ဖွဲ့ ထားသော ဥက္ကဌဒေါက်တာဘဦးနှင့် အဖွဲ့ဝင်များအဖြစ် ဒေါက်တာသိမ်းမောင်၊ ဦးအုန်းဖေနှင့် ဦးချစ်သောင်တို့ ပါဝင်သည့် အစိုးရအကြံပေးအဖွဲ့အား ဖက်ဒရယ်မူနှင့် ပတ်သက်၍အကြံပေးရန် ၁၉၆၁ ခုနှစ် ဧပြီလ ၂၇ ရက်တွင်တာဝန်ပေးခဲ့သည်။ အကြံပေးအဖွဲ့အစီရင်ခံစာကို ၁၉၆၂ ခုနှစ် ဇန္နဝါရီ ၈ ရက်တွင် တင်သွင်းခဲ့သည်။

အစိုးရအကြံပေးအဖွဲ့သည် ရှမ်းပြည်နယ်မှတင်ပြသည့် နစ်နာချက် ၉ ချက်အား သုံးသပ်တင်ပြမှုပြုခဲ့သော်လည်း အရေးကြီး သည့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးကို အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ဘဲ အနှေး နှင့်အမြန် ပျက်စီးမည်ဟု ရှုမြင်သုံးသပ်ခဲ့သည်။

၁၉၆၂  ခုနှစ်  ဖေဖဝါရီလ  ၁၃  ရက်နေ့တွင် ကျင်းပသည့် အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ပြဿနာ၊ ဖက်ဒရယ်မူ ပြဿနာကို အမျိုးသားညီလာခံခေါ်၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ၁၉၆၂ ခုနှစ် ဖေဖဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖက်ဒရယ်မူဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ထိုညီလာခံတွင် ရှမ်းပြည်နယ်ကိုယ်စားလှယ်များအဖြစ် ဦးထွန်းမြင့် (တောင်ကြီး) ၊ ဦးကြာပု၊ ဦးကျော်စိန်၊ သာမိုင်ခမ်းစော်ဘွားစဝ်ထွန်းအေး၊မိုင်းပွန်စော်ပွန်စော်ဘွားစဝ်ဆေးဟုန်နှင့် ဦးစိုးမောင် (အင်းပြည်သူ့ညီညွတ်ရေးအဖွဲ့) တို့တက်ရောက်ကြ သည်။ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်များအဖြစ် ဦးကြာပု (ရှမ်း)၊ ဦးစိန် (ကယား)၊ ဦးသာထွန်း (ရခိုင်)၊ ဒူဝါဇော်လွန်း (ကချင်)၊ နန်ဇင်လာ (ချင်း)၊ မင်းငွေသိန်း (မွန်) တို့ကို အမျိုးသားညီလာခံကိုယ်စားလှယ်များအဖြစ် ရွေးချယ် ခဲ့သည်။

ညီလာခံစသည့်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးကို အဓိကဇောင်းပေး၍ အဖွင့်အမှာစကား ပြောသည်။ ထို့နောက် ဝန်ကြီးစဝ်ခွန်ချိုက ပြည်နယ်များညီညွတ်ရေးဥက္ကဌအနေနှင့် ဖက်ဒရယ်မူကို တင်သွင်းသည်။ ထို့ုနောက် ၎င်းဖက်ဒရယ်မူကို ဒူဝါးဇော်လွန်း - ကချင်ပြည်နယ်ကိုယ်စားလှယ်၊ ကပ္ပတိန်မန်းတုံးနုံး - ချင်းအထူးဝိသေသ တိုင်းကိုယ်စားလှယ်၊ ဦးထွန်းမြင့် (တောင်ကြီး)- ရှမ်းပြည်နယ်ကိုယ်စားလှယ်၊ ဦးစိန် - ကယားပြည်နယ်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဖက်ဒရယ်မူအား ကိုယ်စားလှယ်များ ဆွေးနွေးသုံးသပ်နိုင်ရန်ညီလာခံအား ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့သို့ ရွှေ့ ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ်မတ်လ ၁ ရက်နေ့တွင် ပမညတခေါင်းဆောင် သခင်ချစ်မောင်နှင့် ဖဆပလခေါင်းဆောင် ဦးဗ ဆွေတို့က ၎င်းတို့ပါတီသဘောထားများကို ဆွေးနွေးခဲ့ကြသည်။ အခြေခံအားဖြင် ပြည်ထောင်စုပြိုကွဲနိုင်သဖြင့် ဖက်ဒရယ် မူအားသဘောမတူသည့်ဘက်က ရပ်ခံဆွေးနွေးခဲ့သည်ဟု ဆိုရမည်။ သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော် လှန်ရေးကောင်စီက အာဏာသိမ်းလိုက်သဖြင့် ဖက်ဒရယ်မူဆွေးနွေးသည့် အမျိုးသားညီလာခံ အဆုံးသတ်သွားခဲ့ရပေတော့ သည်။

● ၁၉၆၂ ခုနှစ်အာဏာသိမ်းမှု နှင့် ရှမ်းပြည်နယ်
၁၉၆၂ ခုနှစ် မနက် အာဏာသိမ်းသည်နှင့် ပထစအစိုးရခေါင်းဆောင်များအပြင် ရှမ်းပြည်နယ်ခေါင်းဆောင်များစွာ အဖမ်းခံ ခဲ့ရသည်။ စဝ်ခွန်ချို၊ လူမျိုးစုလွှတ်တော်ဥက္ကဌစဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၊ မိုးနဲစော်ဘွားစဝ်ပြည့်၊ လဲချား စော်ဘွားစဝ်နွံ၊ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ ကျိုင်းတုံစော်ဘွားစဝ်ဆိုင်းလုံ၊ မိုင်းလွန်းစော်ဘွားစဝ်ခွန်ကိုး၊ မိုင်းခွန်စော် ဘွားစဝ်ကြည်၊ ကျေးသီးမန်စံစော်ဘွားစဝ်ရွှေမှုံ၊ ဘော်စော်ဘွား စဝ်ခွန်အောင်၊ လွိုင်လင်စော်ဘွားစဝ်မိုးကျော်၊ ပင်းတယ စော်ဘွား စဝ်ဝင်းကြည်၊ ရွာငံစော်ဘွားစဝ်ခွန်ရီ၊ မိုင်းပန်စော်ဘွားစဝ်ရွှေကြည်၊ စကားစော်ဘွား စဝ်ခွန်ညွှန့်၊ မိုင်းလုံစော်ဘွား စဝ်မန်လစ်၊ စဝ်ခွန်ထီး၊ စဝ်မန်ဖ (သိန္နီမြောက်ပိုင်းအမတ်)၊ စဝ်အောင်ဖူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင် အနောက်ပိုင်းအမတ်)၊ စဝ်ကျော်ခေါင် (လွိုင်လင်အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော် စိန် (သာ မိုင်းခမ်းအမတ်)၊ ဦးလွန်း(စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစိုးမောင် စသည့် ဖက်ဒရယ်မူအား ထောက်ခံသူရှမ်းခေါင်းဆောင်အားလုံးသည် ရန်ကုန်တွင်အဖမ်းခံခဲ့ရသည်။

သို့သော် ထိုနေ့တွင် မှားယွင်းအဖမ်းခံရသူအချို့အား ပြန်လွှတ်ရာ စဝ်ခွန်ကြည်နှင့် စဝ်မန်ဖတို့ ပြန်လွှတ်ပေးခြင်းခံရသည်။ နောက်ပိုင်းတွင် နယ်များတွင်လည်း သီပေါစော်ဘွားစဝ်ကြာဆိုင်အပါ အခြားရှမ်းခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်။ အာ ဏာသိမ်းသည့်နေ့က ပစ်ခတ်မှုဖြစ်ပွါးပြီး စဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မီမီသိုက် ကွယ်လွန်ခဲ့သည်။ စဝ်ရွှေသိုက်သည် အဖမ်းခံရပြီး ၈ လအကြာ အကျဉ်းထောင်အတွင်း၌ ကွယ်လွန်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲမှ သီပေါစော်ဘွား စဝ်ကြာဆိုင် ကတော့ မည်သည့်သတင်းမှ တရားဝင်မကြားရဘဲ အစပျောက်သွားခဲ့သည်။

၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းမှု ဖြစ်ပွါးရသည့် အကြောင်းအချက်များစွာရှိသည်ဟု ဆိုနိုင်သော်လည်း အဓိက အ ကြောင်း အချက်တခုမှာရှမ်းပြည်နယ်ခွဲထွက်မည်ကို စိုးရိမ်ရ၍ ဟူသောအချက်ဖြစ်သည် သို့မဟုတ်ထိုအကြောင်းကြောင့်ဟူ၍ အကြောင်းပြသည်ကို တွေ့ရသည်။ အာဏာသိမ်း ရန်ကြိုတင်စီစဉ်ရာတွင် ပါဝင်သည့် ဗိုလ်မှူးချုပ်ဟောင်းတင်ဖေက အာဏာသိမ်းရသည့်အဓိကအကြောင်းရင်းမှာ ပြည်ထောင်စုကြီးအတွင်းမှ ရှမ်းပြည်နယ်ခွဲထွက်မည့်အန္တရယ်ကို စိုးရိမ်၍ဖြစ်ပြီး ၎င်းအန္တရယ်ကို တားဆီးနိုင်ရန် တပ်မတော်က အာဏာသိမ်းရန် ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ လျှို့ဝှက်စွာ စီစဉ်ခဲ့ သည်ဟု အတိအလင်းထုတ်ဖေါ်ပြောခဲ့သည်။

ဗိုလ်မှူ းချုပ်အောင်ကြီးကလည်း ၁၉၆၂ ခုနှစ် မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ...
"အသံလွှင့်ရုံမှာကျင်းပခဲ့တဲ့ အမျိုးသားနှီးနှောဖလှယ်ပွဲသာပြီးရင်ဖြစ်ချင်တာတွေ ဖြစ်ကုန်ကြမှာဘဲ။ ပြည်နယ်တွေလဲ သူတို့ လိုချင်တာ ပေးရင်ပေး၊ မပေးရင် ခွဲမယ်။ တိုက်ရမယ် ဖြစ်ကုန်ကြပြီ။ ၁၉၄၈ ခုနှစ်က အခြေကိုဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး" ဟူ၍၎င်း ...

"ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖေါက်ပြန်မှုဘဲ။ ဖက်ဒရယ်ဆိုတာအမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကိုအရေခြုံထားတာဘဲ။အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖေါက်ပြနမှုလို့ဘဲ ယူဆတယ်" ဟူ၍၎င်း ပြောဆိုခဲ့သည်ကို တွေ့ရပါသည်။

ထို့ုပြင် ၁၉၅၉ ခုနှစ် စော်ဘွားများအာဏာစွန့်စဉ်ကာလက ရှမ်းပြည်နယ်အရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စုမှခွဲမထွက်ပါဟူသော အာမခံချက်အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၌လည်း ထိုအချက်ကို ပြင်ဆင်ခြင်း၊ ထပ်မံ ဖြည့်စွက်ခြင်း လိုကောင်းလိုမည်ဟု မှတ်ချက်ပြု ထားသည်ကို တွေ့ရသည်။

၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့များ ပြန်လည်ဖွဲ့စည်းများပြုလုပ်ရာတွင် ၁၉၆၂ ခုနှစ် မတ် လ ၃ ရက်နေ့တွင် အခြားပြည်နယ်ကောင်စီများနည်းတူ ရှမ်းပြည်နယ်ကောင်စီအား ဖျက်သိမ်းပြီး ရှမ်းပြည်နယ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ရှမ်းပြည်ဦးစီးအဖွဲ့ဥက္ကဌ အဖြစ် နမ့်ခမ်းဦးထွန်းအေးအား တာဝန်ပေးအပ်ခဲ့သည်ကို တွေ့ရပါသည်။

သို့သော်တချိန်တည်းတွင် တွေ့ရသည်မှာ လွတ်လပ်ရေးပြီးကထဲက မြို့ပေါ်ဥပဒေတွင်းနိုင်ငံရေးလှုပ်ရှားမှုနှင့် ပါလီမန်ဒီမို ကရေစီစနစ်အတွင်း လွတ်လပ်စွာ ပြောဆိုလှုပ်ရှားနိုင်ခဲ့သော ရှမ်းပြည်နိုင်ငံရေးလှုပ်ရှားမှုများသည် ၁၄ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် တခန်းရပ်သွားခြင်း ဖြစ်ပေသည်။

● လွတ်လပ်ရေးရပြီး ဖဆပလခေတ် ရှမ်းပြည်နိုင်ငံရေးကောက်ချက်
၁။ ရှမ်းပြည်နိုင်ငံရေးတွင် အရေးပါသော အင်အားစုများဖြစ်သည် ရှမ်းစော်ဘွားများနှင့် ရှမ်းပဒေသရာဇ်ဆန့်ရေး လူငယ်များ ၏ ပဋိပက္ခသည် ရှမ်းပြည်နိုင်ငံရေး၏ အဓိကပဋိပက္ခနှင့် မောင်းနှင်အားဖြစ်ခဲ့သည်။ ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်ဆန့်ကျင်ရေးရှမ်းလူငယ်များကြား ရှမ်းပြည်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍ ကွဲပြားမှုရှိကြသော်လည်း ပြည်မနှင့် အခွင့်အရေးနှင့် အဆင့် အတန်းတန်းတူဖြစ်ရမည်ဆိုသည်နှင့် ခွဲထွက်လိုသည့်အချိန်တွင်ခွဲထွက်ခွင့်ပေးရမည်ဆိုသည့်အချက်များတွင် စော စွာကပင်တူညီကြသည်ကို တွေ့ရသည်။

၂။ ပဒေသရာဇ်ဆန့်ကျင်ရေးနှင့် တရုတ်ဖြူ အရေးအပြင် တိုင်းရင်းသားလက်နက်ကိုင်ပုန်ကနမှု အချို့ကြောင့် ပြည်မ ဖဆပလ အစိုးရနှင့် တပ်မတော်သည်ရှမ်းပြည်နိုင်ငံရေးတွင် ပိုမို၍ ထဲထဲဝင်ဝင် ပါဝင်ခွင့်ရခဲ့သည်။

၃။ ရှမ်းစော်ဘွားအချို့နှင့် ရှမ်းတိုင်းရင်းသားအချို့သည် လက်နက်ကိုင်ပုန်ကန်ရန် ၁၉၅၆ ခုနှစ်စ၍ ကြံရွယ်မှုများရှိခဲ့ပြီး ၁၉၅၈ ခုနှစ်ကစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပုန်ကန်မှုများစခဲ့သည်။ သို့သော် ရှမ်းစော်ဘွားအများစုနှင့် ရှမ်းလူငယ်နိုင်ငံရေး သမားအများစုမှာ မြို့ပေါ်နိုင်ငံရေးလှုပ်ရှားမှုအတွင်း၌ ရှိနေကြသည်။

၄။ ရှမ်းပြည်၌ နှစ်ထောင်ချီ အသားကျနေသော စော်ဘွားအုပ်ချုပ်မှု စနစ်ကိုဖျက်သိမ်းခဲ့သော်လည်း ရှမ်းပြည်နှင့်သင့်တော် သည့် အုပ်ချုပ်ရေး စနစ်တရပ်ကို ပြင်ဆင်အစားထိုးနိုင်ခြင်းမရှိခဲ့ဟုဆိုရမည်။

၅။ ရှမ်းစော်ဘွားများအာဏာစွန့်ပြီးနောက် ဖက်ဒရယ်မူနှင့်ပတ်သက်ပြီး ရှမ်းစော်ဘွားများနှင့် ယခင်ပဒေသရာဇ်ဆန်ကျင်ရေး ရှမ်းလူငယ်အများစု (နမ့်ခမ်းဦးထွန်းအေးနှင့် ရပလဖမှအပ) သဘောတူညီမှုရခဲ့သည်။ ဤသည်မှာ မူလက ကွဲပြားနေသော အဓိကအုပ်စု ၂ စုကြားတွင် ရှမ်းပြည်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍ သဘောတူညီမှု ရရှိသွားခြင်းဖြစ်သည်။ အဆိုပါဖက် ဒရယ်မူအား အခြားပြည်နယ်များ၏ အများစုထောက်ခံမှုရခဲ့သည်။

၆။ ခွဲထွက်ခွင့်နှင့် ဖက်ဒရယ်မူသည် ၁၉၄၇ ခုနှစ် ကတိကဝတ်နှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေပါ အခွင့်အရေးဟု ရှမ်းပြည် နိုင်ငံရေးလှု ပ်ရှားသူများကယူဆကြသည်။ ပြည်မနိုင်ငံရေးသမားများက ထိုအချက်ကို ထိပ်တိုက်ပြန်လည်ပြောဆိုခြင်းမပြု သော်လည်း ပြည်ထောင်စုမပြိုကွဲရေးဘက် အဓိကဇောင်းပေးရပ်ခံသည်။ တပ်မတော်ကမူ ခွဲထွက်ခွင့်နှင့်ပတ်သက်၍ လုံးဝ လက်မခံဘဲ ပြည်ထောင်စုမှ ခွဲမထွက်ပါဟု အာမခံချက်အပြင် ၁၉၄၇ အခြေခံဥပဒေပါ ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ပြင်ဆင်ရန် စောစွာကထဲ လိုလားရပ်ခံခဲ့ သည်ကိုတွေ့ရပါသည်။

၇။ တဖက်ကလည်း မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ်အရ ဖွဲ့စည်းထားကြောင်း တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ရှင်း လင်းတင်ပြခဲ့သည့် ဥပဒေအကြံပေးဖြစ်သူ ဦးချန်ထွန်းသည်ပင် နောင် ၁၀ နှစ်အကြာ ပါမောက္ခတင်ကာနှင့်တွေ့ဆုံစဉ် ပြည် ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် သဘောတရားအရ ပြည်ထောင်စုဖြစ်ပြီး လက်တွေ့အရ အစိုးရတဖွဲ့တည်း အုပ်ချုပ် သည့် unitary စနစ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၁၉၆၂ ခုနှစ် ဇန္နဝါရီလ ၈ ရက်နေ့တွင် တင်သွင်းသည့် ပထစ အစိုးရအကြံပေးအဖွဲ့၏ အစီရင်ခံစာတွင် ရှမ်းပြည်နယ်မှ တင်သွင်းသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးစာတမ်းပါ ပြည်ထောင်စုစစ်စစ်မူအားလက်ခံနိုင်ဘွယ်ရာမရှိ။ ၎င်းစာတမ်းပါ အတိုင်းအကောင်ထည်ဖေါ်ရန် မစွမ်းနိုင်သည်သာမက ပြည်ထောင်စုကြီးပြိုကွဲမှုအား လမ်းခင်းပေးရာ ရောက် သည်ဟု ဖေါ်ပြထားသည်။ သို့သော် ရှမ်းပြည်နယ်နှင့် ပြည်နယ်များတွင် မြေယာ၊ သစ်တော၊ သတ္တုတွင်း အစရှိသည့် သယံဇာတများ ထုတ်ယူသုံးစွဲပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပိုင်ခွင့်၊ စက်မှု လုပ်ငန်းများတည်ထောင်လုပ်ဆောင်ပိုင်ခွင့်များ မရှိသည့်အတွက် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်သည့်အုပ်ချုပ်ခွင့် အပြည့်အဝမရကြောင်းအဆိုနှင့်ပတ်သက်၍ အကြံပေးအဖွဲ့က သင့်တော်သည့် ထောက်ခံမှုပေးထားရသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ ပြည်ထောင်စု မပြို ကွဲရေးဟု ရပ်ခံကြသော်လည်း မြန်မာပြည်အားပြည်ထောင်စုဟုဆိုကြသော်လည်း ပြည်ထောင် စုပုံသဏ္ဌာန်နှင့်ပတ်သက်၍ မတူသည့်အမြင်များ ထောက်ပြသည်များကို တွေ့ရှိရသည်။

၈။ ရှမ်းစော်ဘွားများသည် လက်နက်ကိုင်၍ ခွဲထွက်ရန် ကြံစည်နေသည်ဟုတဖက်ကယူဆကြသော်လည်း ရှမ်းစော်ဘွားများ ကလည်း ၎င်းတို့အနေနှင့်အာဏာစွန့်ပြီးပြီဖြစ်၍ ထိုသို့လုပ်ဆောင်ရန်အကြောင်းမရှိဟုဆိုသည်ကို တွေ့ရသည်။

၉။ မည်သို့ဆိုစေကာမူ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နောက်ပိုင်း ရှမ်းပြည်နယ်နိုင်ငံရေးလှုပ်ရှားသူများ၊ အမျိုးသားရေး လှုပ်ရှားသူများအတွက် မြို့ပေါ်ဥပဒေတွင်း လှုပ်ရှားမှုများ လမ်းပိတ်သွားသည်ကတော့ အမှန်ပင်ဖြစ်သည်။

ဤသို့သော အခြေအနေအောက်တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဒေသတွင် ရှမ်းတိုင်းသားလက်နက်ကိုင်ပုန်ကနမှုများ ပိုမိုအရှိန်မြင့်လာပြီးရှမ်းပြည်အခြားဒေသများသို့ ပျံနှံ့ခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး