Breaking News

မောင်ရစ် - အဖေများနေ့ ဆိုလို့



မောင်ရစ် - အဖေများနေ့ ဆိုလို့

(အတွေးအမြင်မဂ္ဂဇင်း၊ ဇန်နဝါရီလ ၂၀၂၁)
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၁

အဖေများနေ့ မှာ အမေရိကန်တို့အလိုအရ ဇွန် ၁၅ ဖြစ်ပါတယ်။ အဲသည်နေ့မတိုင်ခင်ကတည်းက စျေးတွေမှာ အဖေတွေအတွက် အမေတွေ၊ သားသမီးတွေက ပန်းတွေ၊ ကိတ်တွေ၊ လက်ဆောင်တွေ ဝယ်ကြတယ်။ ဖေ့စ်ဘွတ်ပေါ်မှာလည်း ပုံတွေ တင်ကြ၊ စာတွေ ရေးကြတယ်။ ကိုယ်တိုင်အဖေဖြစ်သူတွေကလည်း သူတို့မိသားစုပုံတွေ တင်ကြ၊ တက်ဂ်ကြတယ်။ အဖေများနေ့မှာ သမီးက သူကိုယ်တိုင်ရေး ပို့စ်ကဒ်လေး ရေးပေးတယ်။ တီဗီရှေ့မှာ ကမ္ဘာ့ဖလားဘောလုံးပွဲဖွင့်ပြီး အိပ်နေသူအဖေ့မျက်နှာပေါ်ကို သမီးက သူ့ပို့စ်ကဒ်ပုံ တင်သွားတော့ အိပ်ယာကနိုးမှ သူ့ပို့စ်ကဒ်ကို တွေ့တာပေါ့။ သမီးက Happy Father’s Day စာနဲ့အတူ အဖေ့အကြိုက် ပုံလေးတွေ စကက်ချ်လုပ်ထားတယ်။ ကွန်ပျူတာရယ်၊ ဘောပင်ရယ်၊ ကင်မရာရယ် ပြီးတော့ ကိတ်မုန့်တုံးလေး တခုရယ်။ သူပြောချင်တာက သူ့အဖေက ဒါတွေနဲ့ အသက်ရှင်တယ်လို့ ပြောချင်ပုံရတယ်။ ဟုတ်မှာပေါ့။ ဒါဆိုရင် ကိုယ့်အဖေအကြောင်းလည်း ရေးပြီးတော့ အဖေ့ဆီကို ပို့ဦးမှပေါ့။ မိန်းမကတော့ သူ့အဖေပုံကို သူ့ဖေ့စ်ဘွတ်မှာ တင်ထားလေရဲ့။

အဖိုး ဦးခင်မောင်လတ်နဲ့ အဖွား ဒေါ်ခင်မျိူးချစ်တို့က မွေးတဲ့ တဦးတည်းသော သား ဒေါက်တာခင်မောင်ဝင်း (သချာင်္) ဖြစ်ပါတယ်။ ၁၉၇၀ ခန့်မှာ ပြင်သစ်ကနေ သချာင်္ပါရဂူဘွဲ့ကို ရခဲ့ပါတယ်။ အဖေ့မိန်းမ ကျနော့်အမေက ဒေါ်ခင်ညွန့်ရီ ခေါ် ကလေးပုံပြင် စာရေးဆရာမ တက္ကသိုလ်ရွှေရီဝင်းပါ။ အဖေမှာ သားသမီး ၂ ဦး၊ အမွှာမောင်နှမ ရှိပါတယ်။ အကိုက အခု မောင်ရစ် ဆိုတဲ့သူ ဖြစ်လာပြီး၊ ညီမကတော့ စာရေးဆရာမ ဂျူနီယာဝင်း ဖြစ်လာပါတယ်။ အခုတော့ အဖိုးနဲ့ အဖွား မရှိတော့ပါ။ ဆုံးခဲ့ပါပြီ။ ဒါပေမယ့် ပြန်စဉ်းစားလိုက်တော့ အဖိုးအဖွားလက်ထက်ကစပြီး ကျနော်တို့တတွေမှာ ဥမကွဲသိုက်မပျက် မိသားစုဘဝနဲ့ သိုက်သိုက်ဝန်းဝန်း ကြီးပြင်းခွင့်ကို ကျနော်တို့ အသက် ၂၀ ကျော်ခန့်အထိ ရရှိခဲ့ပါတယ်။

အဖိုးအဖွားက ကျနော်တို့ကို အင်္ဂလိပ်စာ သင်ပေးပါတယ်။ သမိုင်းသင်ပေးပါတယ်။ သူတို့ဘဝ အတွေ့အကြုံတွေ သူတို့ စာပေနဲ့ နိုင်ငံရေးမိတ်ဆွေတွေအကြောင်း ပုံပြင်တွေပြောသလို ပြောပြပါတယ်။ အဖေက ကျနော်တို့ကို အင်္ဂလိပ်စာ သင်ပေးပါတယ်။ သချာင်္သင်ပေးပါတယ်။ ပြီးတော့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်ပါတယ်။ သူများကို ဘာဖြစ်စေချင်တယ်လို့ တခါကမှ မပြောဖူးဘူး။ အဖိုးတွေ အဖွားတွေက အင်္ဂလိပ်စာတော်တော့ သူတို့နဲ့ မတူအောင် သချာင်္ဘာသာ ယူတယ်လို့ အဖေက ပြောတယ်။ သူ့သားကျတော့ ဘာဖြစ်စေချင်လဲ မပြောတော့ ကိုယ်လည်း ဘာဖြစ်ရမှန်းမသိဘူး။ နောက်သူတို့နဲ့ မတူအောင် အင်ဂျင်နီယာကျောင်းတက်တယ်၊ ကွန်ပျူတာစက်ဆရာ လုပ်တယ်။ နောက်ဆုံးတော့လည်း သူတို့လိုပဲ ကျနော်ကိုယ်တိုင်လည်း စာရေးတဲ့သူ၊ စာဖတ်တဲ့သူပဲ ပြန်ဖြစ်လာတာပါပဲ။ ကာတွန်းဆွဲတတ်တာကတော့ သူတို့ထက် သာတာပေါ့လေ။

အဖိုးနဲ့ အဖွားက သူတို့ကိုကန်တော့ရင် ပေးတဲ့ဆုက “မိနဲ့ဘနဲ့ အိုအောင် မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ” တဲ့။ အဖေက ကံကောင်းတယ်။ သူ့အဖေ၊ အမေနဲ့ တအိမ်တည်းမှာ ရာသက်ပန် သူတို့သက်တဆုံး ဥမကွဲ သိုက်မပျက်နေထိုင်ခွင့် ရခဲ့တယ်။ အဖိုးအဖွားကလည်း သူတို့သားမျက်စိရှေ့မှာ မျက်စိမှိတ်ခဲ့ကြတော့ စိတ်အေး လက်အေး ရှိမှာပေါ့။ သူတို့ကံကောင်းတယ် ဆိုရမယ်။ ဗမာပြည်က မိဘ ဘိုးဘွား သားမြေးများဟာ မိသားစု တကွဲတပြားနဲ့ သေကွဲ ရှင်ကွဲ ကွဲကြရရှာပါတယ်။

အဖေက ပြင်သစ်မှာ ၂ နှစ် ပညာတော်သင်သွားပြီး ပါရဂူဘွဲ့ရခဲ့တယ်။ ပြီးတော့ ဗမာပြန်တန်းပြန်လာတာပဲ။ ၁၉၇၀ လောက်ကပေါ့။ သချာင်္ဌာနမှာ ကျုတာလုပ်တယ်။ လက်ထောက်ကထိကဖြစ်ဖို့ ပုသိမ်သွားပြီး အလုပ်လုပ်ရတယ်။ စာသင်နေရရင်၊ ပညာရပ်ဆိုင်ရာထဲ မြုပ်နှံနေရရင် ပျော်နေတာပဲ။ ပြီးတော့ မိသားစုနဲ့ အတူတူ ထမင်းလက်ဆုံစား၊ စာဖတ်၊ စကားလက်ဆုံပြော၊ အားကစားလုပ်၊ လမ်းအတူလျောက်ပြီး နေရတာ အဖေနဲ့ အမေနဲ့ မိသားစုဘဝ ဖြစ်ပါတယ်။ အဖိုးအဖွားလည်း သည်လိုပဲ နေတာ၊ အဖေနဲ့ အမေလည်း သည်လိုပဲ နေကြတာ။ ကျနော်လည်း သူတို့ကို အားကျပြီး အဲသလိုနေဖို့ ကြိုးစားမိတဲ့ အမျိုးအစားထဲ ပါပါတယ်။ (ဖြစ်မလာပါဘူး) ။ မိသားစုဘဝကို ငြိမ်းချမ်းမှုဆုအဖြစ် ရွေးချယ်ခဲ့တော့ တခြား ရုပ်ပိုင်းဆိုင်ရာတွေ ဘာတွေ ညာတွေတော့ မရှိဘူးပေါ့ဗျာ။ အနှစ် ၂၀ လောက် အဖေတို့မိသားစုဘဝနဲ့ ဝေးပြီး ကျနော် မနှစ်က အိမ်ခဏပြန်ရောက်တော့ အဖေ၊ အမေ၊ ညီမတို့ မိသားစုဘဝလေးဟာ အဲသည်အတိုင်းလေး ရှိနေတာပဲ။ ကျနော်ကတော့ ပုခုံးပေါ်မှာ ထမ်းထားမိတဲ့ သောကတို့ ဗျာပါဒတို့ကို အဖေတို့ ခြံထိပ်က တခါးဝမှာ ပစ်ချထားခဲ့ပြီး အဖေတို့အေးရိပ်သာထဲ ဝင်နားခဲ့တယ် ဆိုရမယ်။ အိမ်ကပြန်ထွက်လာတော့ လောကကြီးရဲ့ သောကတွေ ဗျာပါဒတွေ ကျနော်ပြန်ထမ်းပြီး ပြန်ခဲ့ရတယ် ဆိုပါစို့။

အဖေက နိုင်ငံခြားကပြန်လာတော့ စာအုပ်တွေပဲ ဝယ်ပြီး ပြန်လာတယ်။ အဖွားအတွက် လျပ်စစ်လက်နှိပ်စက်တလုံးပါတယ်။ သူ့သားအတွက် မီးသတ်ကားလေး တစီး (ကစားစရာ) ပါတယ်။ သွပ်ပြားတွေ၊ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ မပါဘူး။ အဖေတို့မှာ စီးစရာဆိုလို့ သားရေဖိနပ်တို့၊ ဂွပ်ဂွပ်ဖိနပ်တို့ပဲ ရှိတယ် ပြောရမယ်။ ကျနော် နိုင်ငံခြားကပြန်တော့လည်း အိမ်အတွက် စာအုပ်နဲ့ ကစားစရာတွေပဲ ပါခဲ့တာဆိုတော့ ဒီတချက် သူနဲ့တူသွားတယ် ပြောရမယ်။ နိုင်ငံခြားနေတဲ့ သူ့သားကလည်း ငမွဲတကောင်ဖြစ်နေတာကိုး၊ ဗမာပြည်မှာ နေနိုင်လောက်အောင် မချမ်းသာလို့ (လူချစ်လူခင်လည်း မများလို့) တိုင်းပြည်ပြင်ပ ထွက်နေရသူကို ဗမာပြည်တွင်းမှာ ရာသက်ပန် စိတ်ချမ်းသာစွာ နေထိုင်သူ အဖေက ဘာမှ မပြောပါဘူး။ ထိုင်ကြည့်နေတာပါပဲ။

အဖေတို့က စာအုပ်ဝယ်တယ်၊ စာအုပ်ငှားဖတ်တယ်။ ရုပ်ရှင် တီဗီ ကြည့်တယ်။ သီချင်းနားထောင်တယ်။ စုံထောက်ဝတ္တုတွေ၊ ကာတွန်းစာအုပ်တွေ၊ သိပ္ဗံစာအုပ်တွေလည်း ရှိတယ်။ ပညာပိုင်းဆိုင်ရာတွေလည်း ရှိတယ်။ သူများတွေနဲ့ တိုင်းထွာ စပ်ဟတ်ပြီး အလိုက်သင့် အကြိုက်လိုက်နေဖို့လည်း စိတ်မဝင်စားဘူး။ ကိုယ့်ဖာသာကိုယ် နေတာပဲ။ သူတို့ကို မကြိုက်ရင် မသွားနဲ့ပေါ့။ သူတို့ကတော့ ကြိုက်အောင် လိုက်လုပ်မှာတော့ မဟုတ်ဘူး။ ဥပမာ အင်တာနက်ပေါ်မှာ စာရေးတာကို အဖေက မကြိုက်ဘူး။ အယုံအကြည်မရှိဘူးတဲ့။ မိုးမခမှာ စာမရေးဘူး။ စာမူတောင်းလို့ မရဘူး။ ကိုယ့်ဖာသာကို ရှာဖွေပြီး သူ့စာတွေ ထည့်ရတယ်။ မင်းဟာတွေက စာတွေမှ မဟုတ်တာတဲ့။ အဲသလိုမျိူး၊ အခုတော့ သူ့သားကို အားနာလို့ ထင်တယ်၊ စာမူလေး ဘာလေးပေးတယ်။ ပါလား မပါလား၊ လူတွေ ဘာပြောသလဲ ဆိုတာ မမေးဘူး၊ စိတ်မဝင်စားဘူး။ သူကြိုက်တာ သူလုပ်ပြီး အေးအေးသက်သာနေတာပဲ။ ကျနော်ကတော့ သည်ထက်ပိုပြီး ဒုက္ခ ပေးမနေပါဘူး။

အဖေက ကျနော်ဝတ်တဲ့ သိုးမွှေးဆွယ်တာလက်ရှည်ကို ကြိုက်လို့ဆိုပြီး ယူမယ်တဲ့။ မင်း ငါ့ဆီက ဆွယ်တာတခုနဲ့ လဲလိုက်တဲ့။ အဲသလို ပြောတယ်။ သူကြိုက်တဲ့ မြန်မာပြည်သိန်းတန်အခွေကို ဗိုလ်ချုပ်စျေးသစ်ထဲမှာ သွားဝယ်တော့ စီးရီးအခွေလည်း မမေးတတ်၊ အဆိုတော်နံမယ်လည်း အတိအကျမပြောတတ်တော့ အရောင်းစာရေးမကို သိန်းတန်သီချင်းကို သံနေသံထားနဲ့ ဆိုပြပြီး မေးဝယ်တတ်တဲ့သူပါ (ကျနော်တို့ ငယ်ငယ်က)။ မင်းရေးနေတာတွေ ငါတော့ နားလည်းမလည်ဘူး၊ ငါတော့ မရေးတတ်ဘူး၊ သူများတွေ ဘာလို့ ကြိုက်ကြသလဲ စဉ်းစားလို့ မရဘူးလို့ ပြောတတ်တဲ့သူပါ။ ကိုယ့်ဘဝကိုယ် ပြဌာန်းပြီးတော့ the world according to him ( ကိုယ့်အလိုကျ ကိုယ့်လောက) ထဲမှာ မိသားစုဘဝ၊ ပညာရှင်ဘဝ၊ စာရေးဆရာဘဝ၊ မိသားစုဘဝနဲ့ နေထိုင်သူ အဖေတယောက်နဲ့ သည်ဘဝမှာ ကြုံခွင့်ရတာ ကျနော်တော့ ကံကောင်းတယ်။

ကျနော့်လို ယောင်ခြောက်ဆယ် သားတကောင်ရဲ့ အဖေဖြစ်ရသူအဖို့ကတော့ ကံကောင်းမယ် မဟုတ်ဘူး။ ဆောရီးပဲ အဖေရေ … သို့သော်လည်း ဟက်ပီးဖားသားဒေးပေါ့။ ပျော်ရွှင်သော ဖခင်များနေ့ ဖြစ်ပါစေသတည်း။