Breaking News

တော်လှန်ရေးကာလ တန်ဆောင်မုန်းလပြည့်ပွဲတော်

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၂


တော်လှန်ရေးကာလ တန်ဆောင်မုန်းလပြည့်ပွဲတော် 

၂ နှစ်နီးပါးကို ရောက်လာတဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကာလမှာ မိုးရာသီကုန်ခါစ သီတင်းကျွတ်ပွဲတော်ပြီး နောက်ဒုတိယလ တန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ အမြင်အမျိုးမျိုး ပွဲတော်အခမ်းအနားတွေ လမ်းတွေ ရပ်ကွက်တွေထဲ လုပ်ကြတဲ့ စတုဒိသာ အကျွေးအမွေးတွေ၊ ပံ့သကူ စွန့်ပစ်ခြင်း လှူကြတာ ၊ ကားလမ်းတလျှောက် ပိုက်ဆံပါတဲ့ အိတ်ငယ်တွေကြဲတာတွေကို အပျော်တပိုင်းနဲ့ လုကောက်ကြတဲ့အကြောင်းတွေက ပြည့်နှက်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစတင်လာတဲ့ ကားလမ်းမကြီးတွေမှာ ပိုက်ဆံနဲ့ အချို့နေရာတွေမှာ စားသောက်ကုန်ပစ္စည်းတွေကို ပံ့သကူပေးတာ ကြဲချခဲ့တဲ့ အလေ့အထတွေ မြို့ကြီးတချို့မှာ နှစ်စဥ် အစဥ်အလာလို ဖြစ်လာခဲ့ပါတယ်။ အပျော်သဘော တပိုင်း အခြားရှုထောင့်တခုကတွေးကြည့်ရင် လူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းလာမှုကြောင့်လည်း အခုလို ထောင်ဂဏန်းမျှသောငွေက မက်မောစရာ ဖြစ်လာတာလို့ ယူဆစရာရှိပါတယ်။ ကိုဗစ်မဖြစ်ပွားမီကတည်းက အခုလို ဆင်းရဲချမ်းသာကွာဟမှုက ရှိနေခဲ့ပြီးဖြစ်ကာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုအပြီးမှာတော့ ကျပ်တည်းတဲ့ ဘဝတွေက ပိုမိုများပြားလာတာ ဖြစ်လို့ အခုလို အလေ့အထတွေက ပိုမိုကျယ်ပြန့်လာတာလည်း အကြောင်းတချက် ဖြစ်ပါတယ်။ 

လူတချို့ကတော့ အခုလိုလမ်းမှာ ကြဲပေးတဲ့ အဖြစ်ကို ဘဝင်မကျကြပါဘူး။ လူတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ပေးကမ်းမှုအသွင်မျိုးအဖြစ် ယူဆကြလို့ ဖြစ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းသူတွေကို ကူညီလိုတဲ့အခါ အကူအညီလက်ခံရယူသူအနေနဲ့လည်း ဂုဏ်သိက္ခာမထိခိုက်စေတဲ့ နည်းလမ်းမျိုး အကူအညီပေးမှုမျိုးကို ကူညီသူတွေက နားလည်သင့်ပြီး အခုလို ရိုးရာအစဥ်အလာ လို့ ဆိုကြပေမယ့် တဖက်မှာ လက်ခံရရှိသူတွေက တောင်းရမ်းသူတွေကို ပေးကမ်းစွန့်ကြဲတဲ့ အသွင်မျိုးဆောင်တာကြောင့် ဒီလို အပြုအမူမျိုးတွေကို အားမပေးသင့်ဘူးဆိုတဲ့ အမြင်ရှိကြတာဖြစ်ပါတယ်။ 

ဒါက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး စတဲ့ မြို့တွေမှာ ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ဒေသက မြို့တွေမှာတော့ အခုလို ပွဲတွေကျင်းပတာ မကြားသိရပါဘူး။ မုံရွာ၊ မြစ်ကြီးနား၊ ပခုက္ကူ စတဲ့မြို့တွေမှာတော့ အခုလို တန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်ပြီး ကျင်းပကြတာမျိုး သိပ်မကြားသိရပါဘူး။ စစ်ကိုင်းတိုင်း မကွေးတိုင်း အထက်ပိုင်း၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်ဒေသအချို့ရဲံ ကျေးရွာတွေမှာတော့ တန်ဆောင်မုန်းလပြည့်မှာလည်း တိုက်ခိုက်မှု မီးရှို့မှု၊ သတ်ဖြတ်မှုဘေးအန္တရာယ်ကို ရှောင်တိမ်းနေကြရဆဲ ဖြစ်လို့ အခုလိုပွဲတော်ကာလဆိုတာကို ခံစားနိုင်ကြမှာ မဟုတ်တာ သေချာပါတယ်။ 

မြို့ပေါ်က လူထုအနေနဲ့လည်း ပြီးခဲ့တဲ့ ၃ နှစ်တာကာလမှာ ကူးစက်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုတွေရဲ့ အကျိုးဆက်တွေကြောင့် မကျင်းပနိုင်ခဲ့ကြရာက အခုနှစ်မှာတော့ စိတ်အပန်းပြေစရာ အနေနဲ့ သော်လည်းကောင်၊း တဖက်မှာလည်း အခုလို တန်ဆောင်မုန်လပြည့် ပိတ်ရက်ကာလမှာ ပြည်တွင်းအလည်အပတ် ခရီးသွား လုပ်ငန်း ၊ ပွဲတော်တွေမှာ စျေးရောင်းချကြဖို့ အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ရှုမြင်ကြတာမျိုး ဖြစ်ပါတယ်။ ပြည်တွင်းမှာ တစတစ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးကျပ်တည်းလာကြတာကြောင့်လည်း အခုလို ခရီးသွားတာ အပန်းဖြေတာတွေနဲ့ ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေက လူအရေအတွက်တချို့ကို အလုပ်အကိုင် ဝင်ငွေရစေတာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေကြသူတွေ အနေနဲ့ အချို့သူတွေရဲ့ အမြင်မှာတော့ အသက်တွေနဲ့ စတေးထားကြရတဲ့ နွေဦးတော်လှန်ရေး၊ အသက်စွန့်လွှတ်ခဲ့ကြရတဲ့ ထောင်ဂဏန်းမျှသော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေကို မငဲ့ကွက်ပဲ ပွဲတော်တွေ ကျင်းပနေကြသလားဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ယမန်နှစ်နဲ့ ခုနှစ်ဆန်းပိုင်းထိ သင်္ကြန်လည်း သင်္ကြန်၊ သီတင်းကျွတ်လည်း သီတင်းကျွတ်၊ နှစ်သစ်ကူးလည်း နှစ်သစ်ကူး ဘယ်လိုပွဲမှ မကျင်းပဘူး၊ မပူးပေါင်းဘူး၊ မပါဝင်ဘူးဆိုတဲ့ သွေးမအေးအောင် ရည်ရွယ် လှုံ့ဆော်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ကြတာ ခုအခါမှာ အလျှော့ပေးလိုက်ကြပြီလား ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိကြတာ ဖြစ်ပါတယ်။ 

လူထုအနေနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးခဲ့ကြသလိုပဲ နှစ်နဲ့ချီလည်း တောင့်ခံခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်တနှစ်ကျော်လာပြီးနောက် နှစ်နှစ်နီးပါး ရောက်ရှိလာတဲ့အချိန်မှာ ပုံမှန်လည်ပတ် လုပ်ဆောင်ကြတဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေ လုပ်ကိုင်ရတာ၊ အချိန်ကာလအလိုက် ရာသီအလိုက် ပွဲလမ်းသဘင်မျိုးမှာ ပါဝင်ဆင်နွှဲကြရတာကို နွေဦးတော်လှန်ရေး စည်းရုံးလှုပ်ရှားသူတွေ အနေနဲ့ နားလည်စွာနဲ့ စည်းရုံးတတ်ဖို့လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ 

အပြစ်တင်တဲ့ ချဥ်းကပ်မှုမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ နဲ့ စီးပွားရေးအရ တိုက်ရိုက်အကျိုးအမြတ် ရနိုင်တဲ့ ပွဲလမ်းသဘင်မျိုး ၊ ပွဲတော်မျိုးမှာ မပါဝင်ကြဖို့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်သင့်ပါတယ်။ တဖက်မှာ ဗုံးခွဲတာမျိုးလို ခြိမ်းခြောက်တဲ့နည်းလမ်းမျိုးနဲ့ မခြိမ်းခြောက်သင့်ပါဘူး။ အဲလို ဆိုလို့ ဗုံးခွဲမှုတွေကို မြို့ပြက ပြောက်ကျားအင်အားစုတွေ လုပ်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ၊ ဒီလို ခြိမ်းခြောက်မှုမျိုးတွေ အရပ်သားတွေ စုဝေးတဲ့နေရာမျိုးတွေ ပျော်ပွဲရွှင်ပွဲလိုမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖောက်ခွဲတာတွေကို လူထုနဲ့ တသားတည်းရှိတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက မလုပ်ဘူးဆိုတဲ့ ကတိစကားမျိုး ရှင်းလင်းတဲ့ အသိပေးကြေညာမှုမျိုး ရှိထားသင့်တယ်လို့ ဆိုချင်ပါတယ်။ မဟုတ်ခဲ့ရင် အချို့သော ဒီလိုအရပ်သားတွေ လူထုတွေ စုဝေးတဲ့နေရာမျိုးမှာ ဖြစ်ပွားတဲ့ ဖြစ်ရပ်တွေအတွက် မြို့ပြပြောက်ကျားတွေကို အပြစ်ပုံချတဲ့ ဝါဒဖြန့်ချိမှုတွေ ပေါ်ထွက်လာနိုင်တာ ဖြစ်ပါတယ်။ 

တော်လှန်ရေးက ဒီနေ့ မနက်ဖြန် အောင်ပွဲရမယ့်တော်လှန်ရေးဆိုတာထက် လနဲ့ချီတဲ့ နှစ်နဲ့ချီတဲ့ တော်လှန်ရေးဆိုတာ အခုကာလမှာ သုံးသပ်ဆင်ခြင်နိုင်ပြီ ထင်ပါတယ်။ ဒီလို ရေရှည်တိုက်ပွဲ ဆင်နွှဲရမယ့် လမ်းစဥ်နဲ့ ဆီလျော်တဲ့ နည်းလမ်းတွေနဲ့ လူထုကို စည်းရုံးသိမ်းသွင်းကာ ရှေ့ဆက်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar