နှိပ်စက်ညှဉ်းပန်းရေး စခန်းတွေနဲ့ သဏ္ဌာန်တူလာတဲ့ မြန်မာနိုင်ငံက အကျဥ်းထောင်တွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၄ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၃
နှိပ်စက်ညှဉ်းပန်းရေး စခန်းတွေနဲ့ သဏ္ဌာန်တူလာတဲ့ မြန်မာနိုင်ငံက အကျဥ်းထောင်တွေ
၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်တွေမှာ အကျဥ်းထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေကို ရိုက်နှက်တာ၊ ညှဉ်းပန်းတာတွေ မလုပ်ဖို့ အကျဥ်းထောင်တွင်း ကျင့်သုံးတဲ့ လက်စွဲတွေ စည်းကမ်းတွေကို ပြုပြင်တာ၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ ကူညီမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ ရိုက်နှက်တာ၊ နှိပ်စက်ညှဉ်းပန်းတာတွေကို မလုပ်ဖို့ ပညာပေး၊ ကျင့်သုံးမှုတွေကာလ တခုထိ လုပ်ဆောင်ခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီးနောက် မှာတော့ အဲဒီလုပ်ဆောင်မှုတွေအားလုံး သဲထဲရေသွန် ဖြစ်ကာ အကျဥ်းထောင်ပိုင် အဆင့်တွေမှာ တပ်ကပြောင်းလာတဲ့ သူတွေနဲ့ အစားထိုးခန့်အပ်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်ညှဉ်းပန်းရေး စခန်းတွေအလား အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး လအနည်းငယ်အတွင်းမှာပဲ အင်းစိန်အကျဥ်းထောင် ထောင်ပိုင်တာဝန်ကို အရပ်သား အကျဥ်းဦးစီးဝန်ထမ်းကို စစ်ဘက်က အရပ်ဘက်ပြောင်းလာတဲ့ ထောင်ပိုင်နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ အလားတူ အခြားသော အကျဥ်းထောင်တွေ၊ ရဲဘက်စခန်းတွေမှာလည်း စစ်ဘက်က အရပ်ဘက် ပြောင်းလာတဲ့ အရာရှိတွေက အကျဥ်းစခန်းတွေရဲ့ အာဏာပိုင်တွေ အဖြစ် တဖြည်းဖြည်း အစားထိုးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ဘက်က အသွင်ပြောင်းမဟုတ်တဲ့ အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တာ၊ မထောက်ခံတာတွေ ရှိနိုင်တဲ့ အချက်နဲ့ ဖရဲသီးလို့ခေါ်ဆိုတဲ့ အတွင်းသတင်း အချက်အလက်တွေကို သတင်းမီဒီယာနဲ့ ပြင်ပကို ပေါက်ကြားမယ့် အရေး တားဆီးဖို့နဲ့ စစ်အရာရှိဟောင်းတွေရဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို မုန်းတီးတဲ့ ရပ်တည်ချက်ကို အသုံးချပြီး နိုင်ငံရေး အကျဥ်းသားတွေကို ဖိနှိပ်ထားဖို့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ စစ်ကောင်စီခေါင်းဆောင်ပိုင်းက ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဆယ်စုနှစ် တခုကြာ အကျဥ်းဦးစီးဌာန အသွင်ပြောင်းလဲဖို့ ပညာပေးစည်းရုံးမှုတွေ ပြောင်းလဲကျင့်သုံးမှုတွေဟာ အရာမထင်တော့ဘဲ အကျဥ်းထောင်တွေက နဝတ/ နအဖ စစ်အစိုးရလက်ထက် အစောပိုင်းကာလတွေ တုန်းကလို နိုင်ငံရေးပုဒ်မနဲ့ အချုပ်ကျနေသူ ပြစ်ဒဏ်ကျခံနေသူတွေကို ပိုမိုဖိနှိပ်တဲ့ အခြေအနေမျိုး ပြန်ရောက်သွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အကျဥ်းထောင် ဆူပူမှုတွေ၊ အကျဥ်းထောင်ဖောက်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းမှု၊ ထွက်ပြေးနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ နှစ်နှစ်တာအတွင်း မကြာခဏ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်ကနေ ရမည်းသင်း တရားရုံးထုတ်စဥ် ရဲအစောင့်ကို ကားရပ်ခိုင်းပြီး ရပ်ပေးစဥ် သေနတ်လု ပစ်ခတ်ထွက်ပြေးတဲ့ ဖြစ်စဥ်က ယခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရမည်းသင်း တရားရုံးထုတ်တဲ့ ကားကနေ ထွက်ပြေးတဲ့ ဖြစ်ရပ်မှာတော့ နိုင်ငံရေး အကျဥ်းသားတွေ ပါဝင်တာမရှိဘဲ ရာဇဝတ်မှုနဲ့ တရားရင်ဆိုင်နေသူတွေက လုပ်ဆောင်တာလို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အလားတူ အဖြစ်အပျက်က ယခုနှစ် မေလ တောင်ငူထောင်က တရားရုံးထုတ်တဲ့ နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ အစောင့် ရဲနဲ့ စစ်သားကို ၄င်းတို့ထံက လုယူရရှိတဲ့ လက်နက်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးခဲ့ရာမှာ အချို့လွတ်မြောက်သွားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တာ ဖြစ်ပါတယ်။
အကျဥ်းထောင် ဆူတဲ့ အဖြစ်အပျက်တွေမှာတော့ ၂၀၂၂ ခုနှစ်ထဲမှာ မုံရွာ၊ ဘားအံတွေမှာ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ဖြိုခွဲတာ၊ တိုက်ပိတ်တာ၊ အကျဥ်းသား အများအပြားကို အကျဥ်းထောင် ပြောင်းရွှေ့တာတွေ လုပ်ခဲ့ပြီး အခုနှစ်အစောပိုင်းက ပုသိမ်ထောင် ဆူပူမှုမှာတော့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတဲ့ အဖြစ်တွေရှိခဲ့ပြီး ၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို ထောင်ဆူပူမှုတွေ ဖြစ်ပွားရခြင်းဟာ အကျဥ်းထောင်အတွင်း ရက်စက်တဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် အဓိက ဖြစ်ပွားရတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း အကျဥ်းထောင် ဆူပူမှုတွေ တခုမက ဖြစ်ပွားခဲ့ဖူးပြီး အဲဒီကာလက လွတ်ငြိမ်းခွင့်တွေထဲ ပါဝင်မှု မပါဝင်မှုကို မကျေနပ်ကြတဲ့ အကြောင်းကြောင့် အကျဥ်းထောင် ဆူပူမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အကျဥ်းထောင်တွေမှာ မိသားစုဝင်တွေ အနေနဲ့ ထောင်ဝင်စာတွေ့ခွင့်ကို ကိုဗစ်ကူးစက် ကပ်ရောဂါ ဖြစ်ပွားစဥ်က စလို့ ပိတ်ပင်ခဲ့ရာက စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကိုဗစ်ကူးစက်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆက်လက်ပိတ်ပင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ စိုးရိမ်စရာမရှိတော့တဲ့ လက်ရှိအချိန်အထိ လူတွေ့ထောင်ဝင်စာ တွေ့ခွင့်မပေးတော့ပဲ နှစ်နဲ့ချီပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ အကျဥ်းထောင်ထဲက သတင်းစကားတွေ ပြင်ပမရောက်စေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်ပေမယ့် တရားရုံးထွက်ရတဲ့သူတွေ ရှိနေသရွေ့ အကျဥ်းထောင်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ တနည်းမဟုတ်တနည်းနဲ့ ပြင်ပကသူတွေ သိရှိနိုင်တာ ဖြစ်ပါတယ်။
လတ်တလော အဆိုးရွားဆုံးဖြစ်ပွားလာတဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကတော့ လက်နက်ကိုင် တိုက်ခိုက်မှု၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချထားသူတွေကို အကျဥ်းထောင် ပြင်ပ ခေါ်ထုတ်ပြီး စစ်ကြောရေးမှာ သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်းကာ သတ်ဖြတ်တာ၊ အကျဥ်းထောင် လက်ဝယ်ရောက်ရှိပြီးသား အကျဥ်းသားတွေကို စစ်တပ်လက် ပြန်လွှဲပြောင်းရယူပြီး အသက်သေဆုံးသွားရတဲ့ အဖြစ်အပျက်တွေက အရင်တုန်းက တကြိမ်တခါမျှ ဖြစ်ပွားလေ့ မရှိတဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ တရားရုံး စီရင်ပြီးနောက် အကျဥ်းဦးစီးရဲ့ လက်ဝယ်ရောက်ပြီးတဲ့ အကျဥ်းသားအနေနဲ့ အကျဥ်းထောင်အတွင်း ထပ်မံဖြစ်ပွားတဲ့ ပြစ်မှုမျိုးကလွဲရင် ပြင်ပကို ထုတ်ပြီး စီရင်စရာ အခုလို အသက်ဆုံးရှုံးသည်အထိ နှိပ်စက်သတ်ဖြတ်တာတွေ လုပ်ခွင့်မရှိပါဘူး။
သို့ပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အဆိုပါ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ လက်နက်ကိုင် လှုပ်ရှားမှုတွေကြောင့် ၄င်းတို့ စစ်တပ်တွေ ထိခိုက်သေဆုံးမှုရှိတဲ့အခါမှာ လက်ဝယ်ရှိတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို လက်စားချေတဲ့ လုပ်ရပ်တခုအဖြစ်သာ မှတ်ယူရမှာဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးက ဘယ်အစိုးရတရပ်ကမှ လုပ်ဆောင်ခွင့်မရှိတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး စစ်ရာဇဝတ်မှု တရပ်သာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ မြန်မာနိုင်ငံက အကျဥ်းစခန်းတွေဟာ နိုင်ငံရေး အကျဥ်းသားတွေအဖို့ နှိပ်စက်ညှဉ်းပန်းရေး စခန်းတွေ အသက်ဆုံးရှုံးနိုင်တဲ့ နေရာတွေအဖြစ် ပြောင်းလဲလာနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar