Breaking News

ဇင်လင်း - ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကို ဖြတ်ကျော်ရေး စစ်ရေးပဋိပက္ခများ ရပ်စဲပေး



ဇင်လင်း  - ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကို ဖြတ်ကျော်ရေး စစ်ရေးပဋိပက္ခများ ရပ်စဲပေး

(မိုုုုုုးမခ) မေ ၁၊ ၂၀၂၀ 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံနှံမှုက ကမ္ဘာတစ်ခွင်မှာ အဆိုးဆုံးအခြေအနေ ရောက်နေပြီလို့ မီဒီယာသတင်းတွေကတဆင့် ကြားသိနေရတယ်။ ကမ္ဘာတစ်ခုလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃, ၂၂၀,၉၇၀ ကျော်ရှိပြီး သေဆုံး သူ ၂၂၈, ၂၅၁ ဦး ရှိလာပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ worldometer စာရင်းဇယားအရ သိရတယ်။ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အဆိုးဆုံး ဒေသကို ပြောပါဆိုရင် ဥရောပတိုက်လို့ ဆိုရမှာ ဖြစ်တယ်။ ဧပြီ ၂၁ သတင်းတွေအရ ဥရောပတိုက်နိုင်ငံစုံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁,၂၄၈,၄၆၉ ဦးရှိပြီး၊ သေဆုံးသူ ၁၁၀,၅၂၂ ဦးရှိကြောင်း ဥရောပ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက သတင်းထုတ်ပြန်ခဲ့တယ်။ ဥရောပမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒဏ်ကို ဆိုးဆိုး ရွားရွားခံရတဲ့ နိုင်ငံ ၂ ခုက အီတလီနဲ့ စပိန်နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုတယ်။ ဧပြီ ၂၁ သတင်းအရ အီတလီမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၁၈၃,၉၅၇ ဦးဖြစ်ပြီး၊ သေဆုံးသူ ၂၄,၆၄၈ ဦးရှိတယ်လို့ ဆိုတယ်။ စပိန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၂၀၈၃၈၉ ဦးနဲ့ သေဆုံးသူ ၂၁,၇၁၇ ဦးရှိကြောင်း သိရတယ်။ နိုင်ငံကြီးတချို့မှာ ကူးစက်မှု ကျဆင်းလာပြီး မကြာ ခင် ထိန်းချုပ်နိုင်တော့မယ်လို့ထင်မြင်ယူဆ ပြောဆိုနေကြပေမယ့်၊ နေ့စဉ်သတင်းတွေအရ သေဆုံးသူ ထောင်ဂဏန်း ရှိနေဆဲဖြစ်ပြီး၊ ကူးစက်ခံရသူ အရေအတွက်ကလည်း သိန်းဂဏန်း ရှိနေဆဲဖြစ်တယ်။ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ကိုယ့်နိုင်ငံအခြေအနေနဲ့ကိုယ် စဉ်းစားချိန်ဆ လုပ်ကိုင်ဆောင်ရွက်နေကြပုံရပါတယ်။

ဓနအင်အားကြီးမားတဲ့ အမေရိကန်လို နိုင်ငံကြီးမှာတောင် အခြေအနေက ဦးနင်း ပဲ့ထောင် ဖြစ်နေတယ်။ ဧပြီလ ၃၀ ရက် နေ့ သတင်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အရေအတွက် ၆၁,၆၆၉ အထိ ရှိလာပြီး၊ ကူးစက်ခံရသူ လူနာ ၁၀၆၄, ၉၅၀ ရှိကြောင်း worldometer စာရင်းဇယားအရ သိရတယ်။ ဒီကိန်း ဂဏန်းအရ အမေရိကန်ရဲ့အခြေအနေက အီတလီနဲ့စပိန် ၂ နိုင်ငံပေါင်းခြင်းထက် သာလွန်နေတာ တွေ့နိုင်တယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော တိုင်းရေးပြည်ရေးအခြေအနေဟာ အဖက်ဖက်မှာ အလွန်စိုးရိမ်စရာကောင်းနေတာ တွေ့ရ တယ်။ ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံနှံမှု ပြဿနာကို အခြားနိုင်ငံများနည်းတူ လက်ရှိ မြန်မာ အစိုးရလည်း ဖြေရှင်းနေတယ်။ အရင်စစ်အစိုးရအဆက်ဆက်က ကျန်းမာရေးနဲ့ပညာရေးဘတ်ဂျက်ကို မည်ကာမတ္တ ချပေးခဲ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနဟာ အားနည်းချည့်နဲ့ခဲ့ရတယ်။ ဆရာဝန် သူနာပြုအစရှိတဲ့ ဆေးပညာဝန်ထမ်း အင်အား၊ ဆေးရုံဆေးခန်း၊ ဓါတ်ခွဲခန်းနဲ့တကွ လိုအပ်တဲ့ ရောဂါရှာဖွေရေး အထောက်အကူပစ္စည်းအမျိုးမျိုး စသဖြင့် အစဉ် မပြတ် လိုအပ်နေခဲ့တယ်။ လက်ရှိအစိုးရ သက်တမ်းလေးနှစ်ကျော်လာချိန်မှာ ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ်ရဲ့ စိန်ခေါ် မှုနဲ့ ကြုံတွေ့ရတဲ့အခါ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်တွေ အများအပြားရှိနေကြောင်း တွေ့လာရတယ်။ ဒါပေမယ့် ရှိတဲ့ ပစ္စည်း ကိရိယာ အခြေအနေနဲ့ပဲ အစိုးရပိုင်းက အကောင်းဆုံး စီမံကွပ်ကဲဆောင်ရွက်နေတာ တွေ့ရတယ်။ ဆေးရုံတွေမှာ လိုအပ်ချက်တွေ ရှိနေတဲ့ကိစ္စကို ဝေဖန်ချင်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစုကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရတွေရဲ့ မူဝါဒတွေ ကိုပဲ ဝေဖန်ရမယ်ထင်ပါတယ်။ အခုအထိလည်း အရင် စစ်အစိုးရခေတ်ရဲ့ လက်ကျန် ဝန်ထမ်းတွေဟာ သူတို့ရဲ့ အမူ အကျင့် အဟောင်းတွေကို ဖက်တွယ်ထားနေကြတာ တွေ့နေရဆဲဖြစ်တယ်။ ဆေးရုံလာတဲ့ ပြည်သူတွေကို အထက်စည်း က ဆက်ဆံပြောဆိုနေတာတွေ ကြားနေရဆဲပါပဲ။ ခေတ်အပြောင်းအလဲကို နားလည်တဲ့ ဆေးဝန်ထမ်းကောင်းတွေလည်း အခြားတစ်ဖက်မှာ ပေါ်ထွက်လာနေတာလည်း လက်ခံကြရမှာ ဖြစ်ပါတယ်။

လတ်တလော ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံနှံမှု ပြဿနာကို ရင်ဆိုင်နေရချိန်မှာ ပြည်တွင်းစစ် ပြဿနာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေများလာနေတာကလည်း စိုးရိမ်စရာ စိတ်မကောင်းစရာ ဖြစ်လာနေ တယ်။ ပြည်သူအများ နေထိုင်ရာ နယ်နိမိတ်အတွင်း အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အခုလို အရပ်သားတွေ သေဆုံး နေရတာဖြစ်ပြီး အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေနဲ့ အရပ်သားတွေအကြား ရောနှောနေထိုင်နေတာ ကြောင့် ဖြစ်ကြောင်း ‘ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ’ KACC ရဲ့ ထုတ်ပြန်ချက်သတင်းကို ၇ ရက်နေ့စဉ်သတင်းမှာ ဖေါ်ပြထားတယ်။ ဒါကြောင့် ရေရှည် အကျိုးအတွက် AA အဖွဲ့အနေနဲ့ ပလက်ဝ နယ်နိမိတ် အတွင်းကနေ ဆုတ်ခွာပေးမှသာ ဒေသလုံခြုံရေး ရရှိနိုင်မှာဖြစ်တယ် လို့ KACC က ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ သုံးသပ်ဖော်ပြထားတယ်။

ဧပြီ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ပလက်ဝမြို့နယ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး၊ ကလေး ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ ပလက်ဝဒေသအတွင်း တပ်မတော်နဲ့ ရခိုင်တပ်ဖွဲ့ (AA) တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေခဲ့တာ တစ်နှစ်ကျော်ကြာမြင့်လာပြီလို့ ဆိုတယ်။ တပ်မတော်နဲ့ AA တိုက်ပွဲ တွေကြောင့် ရခိုင်ပြည် နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ အရပ်သား ၁၀ဝ ကျော် သေဆုံးခဲ့ပြီး ၄၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့် လေ့လာတဲ့ အဖွဲ့အစည်းတွေက ပြောကြားတယ်။ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်အတွင်း ပါဝင်ပေမယ့် ရခိုင်ပြည်နယ်နှဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး AA အဖွဲ့ရဲ့ လှုပ်ရှားရာ ဒေသဖြစ်နေ တယ်။ ပလက်ဝ တိုက်ပွဲတွေကြောင့် အစိုးရက အင်တာနက် ပိတ်ပင်ဖြတ်တောက် ထားတဲ့အတွက် ဆက်သွယ်ရေး လမ်းကြောင်းလည်း ပြတ်တောက်နေတယ်လို့ဆိုတယ်။ ဒါကြောင့် ဒီဒေသခံ ပြည်သူတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံနှံမှုဆိုင်ရာ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရရှိကြဘူးလို့ဆိုတယ်။ ဒီကိစ္စ ဒီအခြေအနေကို အစိုးရနဲ့ တပ်မတော်တို့အနေနဲ့ အပြည့်အဝတာဝန်ယူဖို့လိုတယ်။ ပြည်သူလူထုဆီ ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြောင်း နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် သတင်းအချက်အလက်တွေ ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့လိုပါ တယ်။ အင်တာနက်ကွန်ရက်လည်း အမြန်ပြန်ဖွင့်ပေးဖို့ ဒီထက်အချိန် နောက်မကျသင့်ဘူးလို့ ယူဆပါတယ်။

တချိန်ထဲမှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှဒေသရဲ့ အခြေအနေကလည်း ရောဂါကူး စက်မှုနှုန်း မြင့် တက်လာနေပြီး မကြာမီမှာ ရောဂါကူးစက်မှု ဗဟိုချက်ဒေသဖြစ်လာတော့မယ်လို့ ပညာရှင်တွေ က ခန့်မှန်း ပြောဆို နေကြတာ ကြားသိရတယ်။ အရှေ့တောင်အာရှဒေသမှာ ကူးစက်မှုမြင့်မားတဲ့ နိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလိပိုင်၊ မလေးရှား၊ စင်္ကာပူတို့ဖြစ်ပြီး ကူးစက်ခံရသူ သုံးသိန်းနီးပါး ရှိလာတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလောက် အရေအတွက်မများဘူးလို့ ထင်ရပေမယ့် ဒီထက်မက များပြားနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယူဆကြောင်း CNBC သတင်းမှာ ဖေါ်ပြတယ်။ အကြောင်းကတော့ ရောဂါကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲစမ်းသပ်နိုင်မှု အခြေအနေ နိမ့်ပါးမှု ကြောင့်လို့ဆိုတယ်။ အရှေ့တောင် အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဓါတ်ခွဲစမ်းသပ်နိုင်မှု အမြင့်ဆုံးနိုင်ငံက ဘရူးနိုင်း ဖြစ်တယ်။ လူဦးရေတစ်သန်းမှာ ၃၀၆၉၄ ယောက်နှုန်းစစ်ဆေးနိုင်တယ်။ စင်္ကာပူက လူဦးရေတစ်သန်းမှာ ၁၆၂၀၃ ယောက်နှုန်း စစ်ဆေးနိုင်တယ်။ ဗီယက်နမ်နိုင်ငံက လူဦးရေတစ်သန်းမှာ ၂၆၈၁ ယောက်နှုန်း စစ်ဆေးနိုင်တယ်။ ထိုင်းနိုင်ငံက လူဦးရေတစ်သန်းမှာ ၂၅၅၁ ယောက်နှုန်း စစ်ဆေးနိုင်တယ်။ ဖိလိပိုင်က လူဦးရေတစ်သန်းမှာ ၉၀၃ ယောက်နှုန်း စစ်ဆေးနိုင်တယ်။ အင်ဒိုနီးရှားနိုင်ငံက လူဦးရေတစ်သန်းမှာ ၃၁၈ ယောက်နှုန်းသာ စစ်ဆေးနိုင်တယ်။ မြန်မာနိုင်ငံကတော့ စမ်းသပ် စစ်ဆေးနိုင်မှုစွမ်းရည် အနိမ့်ဆုံးဖြစ်တယ်။ မြန်မာနိုင်ငံက လူဦးရေ တစ်သန်းမှာ ၁၄၂ ယောက်နှုန်းသာ စစ်ဆေးနိုင်တဲ့အတွက် အာဆီယံနိုင်ငံတွေအနက် စွမ်းဆောင်ရည်အနိမ့်ဆုံး ဖြစ်နေတယ်။

ဧပြီလ ၃၀ ရက်နေ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ အခုအထိ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၅၀ ဦးရှိပြီး အဲဒီ လူနာ များအနက် ၆ ဦးသေဆုံးခဲ့ကြောင်း သိရတယ်။ လူနာ ၂၇ ဦးကတော့ ရောဂါပိုးကင်းစင်ကြောင်း အတည်ပြုချက်အရ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေ လိုက်နာဆောင်ရွက်ရမယ့် ညွှန်ကြားချက် ထုတ်ပြန်မှုကို အချိန်ကပ်ပြီး ကြေညာခဲ့တဲ့အပေါ် တောင်းပန်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြား သွားတာ တွေ့ရတယ်။ စက်ရုံ၊ အလုပ်ရုံတွေ ကျန်းမာရေးကာကွယ်မှုဆိုင်ရာ နည်းလမ်းများ ကျင့်သုံးထားခြင်း ရှိ/မရှိ စစ်ဆေးပြီးမှ ဖွင့်လှစ်ဖို့ ညွှန်ကြားချက်ကို သင်္ကြန် ပိတ်ရက်နောက်ဆုံးနေ့ညမှာ ထုတ်ပြန်ခဲ့တဲ့အတွက် လုပ်ငန်းရှင်များ အခက်အခဲကြုံခဲ့ရကြောင်း ဧပြီ ၂၂ ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင် ခိုင်နွယ်က တင်ပြခဲ့တယ်။

ဧပြီ ၂၂ ရက် အွန်လိုင်း ဆွေးနွေးပွဲ အစီအစဉ် အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှု ကာလအတွင်း အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားရေးရာဌာနများအနေနဲ့ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး၊ အစိုးရက ဘာတွေလုပ်ပေးစေလိုကြောင်း အကြံပြုချက်တွေလည်း တောင်းခံခဲ့တာ တွေ့ရတယ်။ ဒေါ်ခိုင်ခိုင် နွယ်က အစိုးရအနေနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာ ရှင်းလင်းမှုမရှိခြင်း၊ ညွှန်ကြားချက်များ ထုတ် ပြန်ချိန် နောက်ကျခြင်း၊ အလုပ်သမားအချို့ရဲ့ ဥပဒေမဲ့ ဆန္ဒပြမှုတွေကြောင့် ရောဂါကူးစက်မှု အန္တရာယ်စိုးရိမ်ရပြီး၊ ရင်းနှီးမြှုပ်နှံ လိုသူများ လျော့ကျမည်ကို စိုးရိ်မ်ကြောင်း စသဖြင့် ဆွေးနွေးတင်ပြသွားတာ တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက်တွေ ထုတ်ပြန်တဲ့ အချိန် သိပ်ပြီးနီးကပ်သွားတယ်ဆိုတာ လက်ခံကြောင်း၊ ညွှန်ကြားချက်တွေ ပိုမိုရှင်းလင်းတိကျရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တကယ်တော့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ် သမား ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး တိုးတက်မှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးလည်း အရေးကြီး ကြောင်း၊ လူ့ အသိုင်း အဝိုင်း တည်ငြိမ် အေးချမ်း သာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးမှု ရှိဖို့လည်း အရေးကြီး ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ တရားဥပဒေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို မလိုက်နာတဲ့ စက်ရုံအလုပ်ရုံများကို ချက်ချင်း စုံစမ်ပြီး စည်းမျဉ်းစည်းကမ်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ တာတွေ့ရတယ်။ COVID-19 ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်များကို COVID-19 အလွန်ကာလများ အထိ ထိန်းသိမ်းထားဖို့ မျှော်လင့်ကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုခဲ့တယ်။

အွန်လိုင်းဆွေးနွေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က COVID-19 မကူးစက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့အတိုင်း စစ်ဆေးမှုများပြုလုပ်ပြီးမှ လုပ်ငန်းခွင် အသီး သီးသို့ ဝင်ရောက်ကြရန် အလုပ်သမားများဘက်ကလည်း လိုလားနေကြောင်း တင်ပြသွားတာ တွေ့ရတယ်။ ဝန်ကြီးဌာန ရဲ့ အမိန့်စာကိုကျော်လွန်ပြီး၊ စစ်ဆေးခံမှု မရှိသေးဘဲ အလုပ်သမားများ ထောင်နဲ့ချီ ရှိနေတဲ့ စက်ရုံတချို့ လည်ပတ်နေတဲ့ အကြောင်းကိုလည်း ဦးမောင်မောင်က စက်ရုံနာမည်တွေနဲ့တကွ တင်ပြခဲ့တာ တွေ့ရတယ်။

အဲဒီလို တင်ပြချက်နဲ့ပက်သက်လို့ နိုင်ငံတော်မှ ညွှန်ကြားချက် ထုတ်ခြင်းဆိုတာ လိုအပ်လို့ လုပ်ဆောင်တာ ဖြစ်ပြီး မဖြစ် မနေလိုက်နာရမယ့်ကိစ္စဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဖြည့်စွက်ပြောဆိုသွားတယ်။ ရန်ကုန်တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၆,၆၃၂ ရုံရှိပြီး အလုပ်သမားပေါင်း ၆၈၀,ဝဝဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အခု မကြာမီမှာ စက်ရုံ တွေ ပြန်ဖွင့်ရေးအတွက် စီစဉ်ဆောင်ရွက်ကြရာမှာ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ ဥပဒေ စည်းကမ်းနည်းလမ်း တကျ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိရင် ရောဂါကူးစက် ပျံ့ပွားမှု ကို ထိန်းချုပ်မရဘဲ ကျယ်ပြန့်လာမှာကို ပြည်သူများက စိုးရိမ်ပူပန်နေကြပါတယ်။

ဒီအတောအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သံသယဖြစ်နေကြသူတွေ ပိုများလာနေတာတွေ့ရတယ်။ အရင်းခံအကြောင်းကတော့ ဆက်လက် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြောင့် ပါပဲ။

ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေတဲ့ Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနဲ့ ရင်ဆိုင် နေရတဲ့အတွက်ကြောင့် ကမ္ဘာ တဝှမ်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ကြပြီး၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်းပါဝင် လုပ် ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မေတ္တာရပ်ခံခဲ့ကြောင်း VOA သတင်း က ဖေါ်ပြခဲ့ တယ်။ “ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်တန့်ကြဖို့ ကျနော် တောင်းဆိုပါတယ်။ အခုချိန်ဟာ လက်နက် ကိုင် ပဋိပက္ခတွေကို ရပ်တန့်ထားပြီး ကျနော်တို့အားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ကြရမယ့် အချိန် ဖြစ်ပါတယ်။ စစ်ဖြစ်နေကြတဲ့ ပြိုင်ဘက်အဖွဲ့တွေအနေနဲ့လည်း မလိုမုန်းတီးမှုတွေ၊ မယုံကြည်မှုတွေကို ဘေးဖယ်ထားကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ သေနတ်သံတွေကို ရပ်တန့်လိုက်ကြပါ၊ တိုက်ပွဲတွေကို ရပ်ကြပါ၊ လေကြောင်းက တိုက်ခိုက်မှုတွေ ကို အဆုံးသတ်ကြပါ။” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံခဲ့တယ်။

ကရင်အမျိုးသား အစည်းအရုံး(KNU)ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး(COVID 19) ကူးစက်ရောဂါနှင့်ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှု လမ်းကြောင်း ဆိုင်ရာ အဆုတ်ရောင်ရောဂါ COVID 19 ကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် ကန့်သတ်ချက် တစ်စုံတစ်ရာ မထားဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပေးဖို့ KNU က အစိုးရနဲ့ တပ်မတော်တို့ကို တောင်းဆိုခဲ့တာ တွေ့ရတယ်။ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက သူတို့ဒေသ အတွင်းမှာ စစ်ဘေးရှောင် IDPs တွေ ရှိနေသလို၊ ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသတို့မှာလည်း ရှိနေကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်နဲ့အညီ တပ်မတော်နှင့် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ကြေညာပေးခြင်းအားဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDPs ပြည်သူတွေ အတွက် သက်သာခွင့်ရနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။ မလိုလားအပ်တဲ့ လူသားအချင်းချင်းတိုက်ခိုက်မှုများကို ရပ်စဲပြီး COVID 19 ကပ်ရောဂါဆိုးဘေးမှ လွတ်မြောက်ရေးအတွက် အထောက်အကူပေးတဲ့ နေရာတွေမှာ လက်တွဲ ဆောင်ရွက်ကြဖို့ သင့်တယ်လို့ထင်မြင်ကြောင်း ပဒိုစောတာဒိုမူး က ပြောကြားခဲ့တယ်။

ဒါပေမယ့် စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဧပြီ ၂၀ ရက်နေ့မှာ ကြုံခဲ့ရတယ်။ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် မြန်မာအစိုးရကို အကူအညီပေးနေတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ မော်တော်ယာဉ်တစ်စီးဟာ စစ်တွေမြို့ မှ ရန်ကုန်သို့ ဧပြီ ၂၀ ရက်နေ့က ထွက်ခွာလာစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား အကျော်၊ ရာမောင် ဇက်ဆိပ်အနီးမှာ လက်နက်ကိုင်အဖွဲ့ဝင် တစ်စုက ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတယ်။ အဆိုပါ မော်တော်ယာဉ်ကို မောင်း နှင်သူ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ဟာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ပြီး၊ စစ်တွေမြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ်(၂) ဦးအောင်မျိုးဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဧရာဝတီသတင်းက ဖေါ်ပြခဲ့တယ်။

ရခိုင်ပြည်နယ်အတွင်း COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကား ဧပြီ ၂၀ ရက်နေ့ မင်းပြားမြို့နယ်မှာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး ဧပြီ ၂၁ ရက်နေ့မှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိစေခဲ့တဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ပြီး အရေး ယူပေး ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုခဲ့တာ ကြားရတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဧပြီ ၂၁ အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားတာဖြစ်တယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနင်္လာနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက်အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည်နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာ ဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်။” လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆိုခဲ့ကြောင်း ဗွီအိုအေသတင်းမှာ ဖေါ်ပြခဲ့တယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားကြောင်း ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး WHO ယာဉ် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ် အပေါ် တပ်မတော်နဲ့AA တို့အပြန်အလှန် စွပ်စွဲနေကြတာ တွေ့ရတယ်။ ဧပြီ ၂၁ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီးမှာ CPS ပိုးသတ်ဆေးကုမ္ပဏီရဲ့ ဆေးပစ္စည်းများ တင်လာတဲ့ မော်တော်ယာဉ်တစီး ထပ်မံပစ်ခတ်ခံခဲ့ရတယ်။ ယာဉ်မောင်းသူ ဦးနွယ်နွယ်မောင် သေနတ်ထိမှန် သေဆုံးခဲ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသူ မောင်ဟိန်းထက်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရတယ်။

ဧပြီ ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့ မြန်မာ့ စီးပွားရေးဘဏ်ဝင်းထဲ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဘဏ်ဝန်ထမ်း ၁ ဦး အပါအဝင် ကလေး၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ ကြောင်း စိတ်ထိခိုက်စရာ သတင်းကြားရတယ်။ သေဆုံးသွားသူတွေဟာ ဘဏ်ဝန်ထမ်း စာရေးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်း နဲ့ သူမရဲ့ ၄ နှစ် အရွယ် သမီး ၁ ဦး၊ ဘဏ်ဝန်ထမ်း ဦးသိန်းနိုင်ရဲ့ သားဖြစ်သူ ၁၀ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းတို့ ဖြစ်ကြောင်း ပလက်ဝ မြို့ခံတွေ ပြောကြောင်း ဧရာဝတီသတင်းအရ သိရတယ်။

မြို့ခံတွေရဲ့ အဆိုအရ ပလက်ဝမြို့ တဖက်ကမ်း တောင်ကြောတွေပေါ်မှာ တပ်မတော်နဲ့ ရက္ခိုင်တပ် (AA) တို့ ဧပြီ ၂၂ ရက်နေ့ တနေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ရက အခုလို မြို့ပေါ်သို့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ် လို့ ဆိုတယ်။ အခုလို စစ်ရေးပဋိပက္ခတွေအကြားမှာ ကုလသမဂ္ဂဝန်ထမ်းအပါအဝင် အပြစ်မဲ့ အရပ်သူ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးနေရမှုကိစ္စအတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုနေကြတယ်။ စစ်ရေးပဋိပက္ခတွေ ပြေငြိမ်းစေရေးအတွက် အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်မသွား အောင်လုပ်သင့်တယ်။ နိုင်ငံကို ငြိမ်းချမ်းစေ ချင်ရင် စစ်ပွဲတွေ ရေရှည်စေမယ့် မူဝါဒမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့် တယ်။ မတ်လ ၂၃ ရက်နေ့က AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရသတင်းစာတွေမှာ ကြေညာခဲ့တယ်။ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့’ ရဲ့ ကြေညာချက် နဲ့ ‘ပြည်ထဲရေးဝန်ကြီးဌာန’ ရဲ့ မတရားအသင်းအဖြစ် ထုတ်ပြန်ချက်တွေ အရ AA ကို အကြမ်းဖက်အုပ်စု အဖြစ်သတ်မှတ်ခဲ့တယ်။ ဒီမူဝါဒဟာ ငြိမ်းချမ်းရေးကို အထောက်အကူ ပြု/မပြု အစိုးရမနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်။

ရခိုင်အမျိုးသားပါတီ (ANP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုင်းရင်း သား အချင်းချင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နည်းလမ်းဖြင့် သွားစေချင်သော်လည်း ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ မတရားအသင်းအဖြစ် ကြေညာလိုက်တဲ့အတွက် ဆွေးနွေးပွဲလမ်းကြောင်း ပျောက်သွားနိုင်တယ်လို့ ဒီဗွီဘီသတင်းသို့ ပြောကြားခဲ့တာ တွေ့ရတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ငင်းအခြေအနေဟာ စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေရတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းဖြင့်သာ ဖြေရှင်းရမယ့်အချိန်ဖြစ်တယ်လို့ ဆိုတယ်။ ဒီလို အခြေအနေမျိုးမှာ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့’ ရဲ့ ထုတ်ပြန်ကြေညာချက်က စစ်မီးအရှိန်မြှင့်လိုက်သလို ဖြစ်တာကြောင့် ရခိုင်ပြည်သူတွေအတွက် စိုးရိမ်ကြောင့်ကြစရာဖြစ်လာကြောင်း ဦးဖေသန်းက ဝေဖန်ပြောဆိုခဲ့တယ်။

လက်ငင်း အခြေအနေမှာ အထူးသတိပြုသင့်တဲ့ ကိစ္စက Coronavirus ရောဂန္တရကပ်ဘေးကြီးရဲ့ ခြိမ်းခြောက်လာမှု ဖြစ်တယ်။ ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့လာနေတဲံ Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်ကြပြီး၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ အားလုံး ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ကြဖို့ အထူးအရေးကြီးနေချိန် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံနေတယ်။ တိုက်ပွဲတွေအတွင်း အပြန်အလှန်ပစ်ခတ်ကြတဲ့ ကျည်ဆံတွေရဲ့ အန္တရာယ်ထက် COVID-19 ကပ်ရောဂါကြီးဘေးရဲ့ အန္တရာယ်က ပိုပြီး ကြောက်စရာကောင်းတာကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တိုင်း အလေးအနက် သတိပြုဖို့လိုတယ်။ COVID-19 ကပ် ရောဂါဘေးဆိုးကို ကျော်လွှားနိုင်ရေးအတွက် အရေးပေါ် လိုအပ်ချက်တွေ အမြောက်အမြားရှိနေတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ စစ်ပြိုင်တိုက်ခိုက်နေကြတဲ့ အင်အားစု အသီးသီးအနေနဲ့ အချင်းချင်း မယုံကြည်မှု၊ မလိုမုန်း တီးမှု အာဃာတတွေကို ယာယီမျှဖြစ်စေ ဘေးဖယ်ထားသင့်တယ်။ COVID-19 ကပ်ရောဂါကြီးဘေးရဲ့ အန္တရာယ်ကို ပူးပေါင်းကာကွယ်ကြဖို့ အပစ်အခတ်တွေ ခေတ္တမျှဖြစ်စေ ရပ်စဲထားသင့်တယ်။ ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲ တွေ ရပ်တန့်ပြီး၊ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အလေးအနက် စဉ်းစားသင့်တယ်။ လက်ရှိအချိန်ထက် နောက်မကျမီ ပြည်သူလူထုကို ဘေးကင်းအောင် ဆောင်ရွက်ပေးကြဖို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တာဝန်ရှိနေပါပြီ။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဧပြီလ ၂၇ ရက်နေ့ အထိ အချိန် ၂ လအတွင်း အရပ်သား ၁၀ဝ ခန့် သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၂၀ ကျော်အထိရှိကြောင်း အာအက်ဖ် အေသတင်းအရ သိရတယ်။ ဒီကိန်းဂဏန်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် သေဆုံးသူအရေ အတွက်က COVID-19 ရောဂါကပ်ဘေးကြောင့် သေဆုံးရသူ အရေအတွက်ထက် များလွန်းနေတာ တွေ့ရတယ်။

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အားလုံး လက်တွဲဆောင်ရွက်ကြရေး အတွက် တိုက်ပွဲအားလုံး ခေတ္တမျှဖြစ်စေ ရပ်စဲထားကြစေလိုကြောင်း မြန်မာပြည်သူလူထုအပေါင်းက လိုလားတောင်းဆိုနေ တဲ့ သဘောထားဆန္ဒကို လျစ်လျူပြုဖို့မသင့်ကြောင်း သုံးသပ်မိပါတယ်။