Breaking News

သီအိုဇော် - ရာဇဝင်ဘီးကို နှစ်ပေါင်းတစ်ရာ ပြန်လိမ့်မသွားစေလို



သီအိုဇော် - ရာဇဝင်ဘီးကို နှစ်ပေါင်းတစ်ရာ ပြန်လိမ့်မသွားစေလို 

(MoeMaKa) April 6th 2021

အာဏာသိမ်းခြင်းဆိုသည့်မြန်မာဝေါဟာရသည် ထပ်မံ၍အသေးစိတ် ခွဲခြမ်းစိတ်ဖြာရန် မလိုအပ်ရလေ အောင် ပြီးပြည့်စုံလွန်းလှသည်။ ဒီမိုကရေစီစံနှုန်းစံထားများနှင့်အညီ ပြည်သူကရွေးချယ် ထားသော၊ ပြည်သူ ကိုတာဝန်ခံသော ပြည်သူ့အစိုးရလက်ဝယ်မှ အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာ၊ဥပဒေပြုရေးအာ ဏာတို့ကို မတရားသိမ်းပိုက်လိုက်ခြင်းပင်။ ဤအခြေအနေတွင်နိုင်ငံသားတစ်ယောက်ချင်းစီ၏လွတ်လပ်ခွင့်၊ သတင်းမီဒီယာတို့ ၏လွတ်လပ်ခွင့်များလည်းပျောက်ဆုံးသွားပြီး ပြည်သူလူထု၏အသက်စည်းစိမ်ဥစ္စာတို့မှာ တန်ဖိုးထားခြင်းမခံရတော့။ ထိုကဲ့သို့ကြေကွဲခံပြင်းစရာ ဖြစ်ရပ်များကြုံဆုံရတိုင်း နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှု့ နယ်ပယ်အသီးသီး ရပ်တန့်ကျဆင်းသွားသည်ကတော့ အထူးပြောပြစရာမလိုသည်မှာ မြန်မာနိုင်ငံ၏အတိတ် သမိုင်းကသက်သေဖြစ်သလို၊ ထိုသမိုင်းမှ ပြန်လည်သင်ခန်းစာယူတတ်ရန်လည်း လိုအပ်သည်ဆိုသည်ကို သဘောပေါက်သင့်ပေသည်။ ထို့ကြောင့်ပင် ဟားဗတ်တက္ကသိုလ်မှ ကမ္ဘာကျော် ဒဿနိကပါမောက္ခတစ်ဦး ဖြစ်သူ George Santayana (1863-1952) က “Those who cannot remember the past are condemned to repeat it”. ဟူ၍ အတိတ်သမိုင်းမှအမှားများကိုလေ့လာသင်ခန်းစာယူမှု့မရှိပဲ အမှားများ ထပ်ခါထပ်ခါ ကျူးလွန်သူများသည် ပြစ်တင်ရှုတ်ချခြင်းခံကြရမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်ကစာရေးဆရာ၊ ကဗျာဆရာ တစ်ဦးလည်းဖြစ်ပြီး ထင်ရှားသည့်စာပေနိုဘယ်ဆုရှင် T.S. Eliot ကို ဟားဗတ် တက္ကသိုလ် ၌ သင်ကြားပို့ချပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ T.S. Eliot က သူ့ဆရာအား အင်မတန်တော်သည့် ဒဿန ပညာ ရှင်၊ စာပေပညာရှင်တစ်ဦးဆိုပြီး ချီးမွမ်းခဲ့ဘူးသည်။

George Santayana ၏အဆိုအမိန့်သည်လူသားတိုင်းနှင့်သက်ဆိုင်ပြီးအားလုံးကဆင်ခြင်အလေးထားသင့်ပါ သည်။ အဓမ္မအာဏာသိမ်းပိုက်ရယူသူများသာမက အာဏာရှင်စံနစ်ကို တစ်နည်းနည်းဖြင့် ပံ့ပိုးကူညီသူများ၊ အမှန်တရားကို လစ်လျူရှု့ခြင်းဖြင့် ထိုအာဏာ ရှင်စံနစ်အား တည်မြဲစေ သူများနှင့်လည်းဆက်စပ်ပါသည်။ စာပေ၊ ကဗျာ၊ ဒဿနိကပညာရှင်များအကြောင်းနှင့် ဤဆောင်းပါးကိုအစပြုပြီးနောက်၊ တဆက်တည်းတွင် နာဇီတို့ကြီးစိုးစဥ်ကာလ၊ဟစ်တလာအာဏာရှင်စံနစ်ကိုဖြတ်သန်းခဲ့စဥ်က လူတန်းစားအလွှာတစ်ရပ်ကိုထင် ဟပ် ပေါ်လွင်စေသည့် အနုပညာ လက်ရာတစ်ခုအကြောင်းဆက်နွယ်ရေးသားလိုပါသည်။

“First they came” ဆိုသည့် စကားပြေကဗျာ (Prose poem) လေးကို စာပေသမားများ ရင်းနှီးပြီးသားဖြစ်ပါ လိမ့်မည်။ကဗျာအ‌ကြောင်းဖြင့် အစပြုလိုက်သည့်ဆောင်းပါးဖြစ်၍ ကဗျာချစ်သူမဟုတ်လျင် မသက်ဆိုင် ဟုတော့ မတွေးစေချင်။ ဤစကားပြေကဗျာသည်အမှန်တရားကိုမြတ်နိုးသူ၊ အမှန်တရားဘက်ကရပ်တည်ပြီး ခုခံကာကွယ်ပြောဆို လိုသူများသာမက၊ အမှန်တရားကို သိသော်ငြားလည်း အမှန်တရားဘက်၌ ပြတ်ပြတ် သားသား ရပ်တည်ရန် မဝန့်မရဲဖြစ် နေသူများ၊မသိကျိုးကျွန် ပြုတတ်သူများ အားလုံးဖတ်ရှု့သင့်သည်ဖြစ် သောကြောင့်ပင်။

ကဗျာဆရာအကြောင်းနှင့်နောက်ခံသမိုင်း အကျဥ်းကိုသိရှိထားခြင်းသည် ကဗျာကပေးချင်တဲ့ရသကို ပိုမို ဆုပ်ကိုင်စီးမျောစေနိုင်လိမ့်မည်ဟုယူဆ၍ ယခင်မဖတ်မိသေးသူများ အတွက် အထောက်အကူဖြစ်စေရန် ကဗျာနှင့်အတူ ယှဥ်တွဲဖေါ်ပြလိုက်ရပါသည်။

FIRST THEY CAME By Pastor Martin Niemöller (1892-1984)

First they came for the Communists

And I did not speak out

Because I was not a Communist

Then they came for the Socialists

And I did not speak out

Because I was not a Socialist

Then they came for the trade unionists

And I did not speak out

Because I was not a trade unionist

Then they came for the Jews

And I did not speak out

Because I was not a Jew

Then they came for me

And there was no one left

To speak out for me.

ဤသို့မြန်မာဘာသာပြန်ဆိုပြီးခံစားကြည့်မိပါသည်။

အစပထမ

သူတို့

ကွန်မြူနစ်တွေကို ဖမ်းဖို့လာခဲ့

နှုတ်ဆိတ်ငြိမ်သက် မကန့်ကွက်ခဲ့ပါ

ငါ ..... ကွန်မြူနစ်မှမဟုတ်ဘဲလေ

အဲဒီနောက်

သူတို့

ဆိုရှယ်လစ်တွေကို ဖမ်းဖို့လာခဲ့

နှုတ်ဆိတ်ငြိမ်သက် မကန့်ကွက်ခဲ့ပါ

ငါ ..... ဆိုရှယ်လစ်မှမဟုတ်ဘဲလေ

အဲဒီနောက်

သူတို့

သမဂ္ဂအဖွဲ့ဝင်တွေကို ဖမ်းဖို့လာခဲ့

နှုတ်ဆိတ်ငြိမ်သက် မကန့်ကွက်ခဲ့ပါ

ငါ ..... သမဂ္ဂအဖွဲ့ဝင်မှမဟုတ်ဘဲလေ

အဲဒီနောက်

သူတို့

ဂျူးလူမျိုးတွေကို ဖမ်းဖို့လာခဲ့

နှုတ်ဆိတ်ငြိမ်သက် မကန့်ကွက်ခဲ့ပါ

ငါ ..... ဂျူးလူမျိုးမှမဟုတ်ဘဲလေ

အဲဒီနောက်မှာ

သူတို့

ငါ့ကိုဖမ်းဖို့လာခဲ့

ဪ..... စောဒကတက် ကန့်ကွက်မယ့်သူ

ငါ့အတွက် တစ်ယောက်မှ မကျန်တော့ပါလား။

First They Came (1945) အား Holocaust Memorial Day Trust (UK) ၌ဖေါ်ပြထားသည့်အတိုင်း တင်ပြလိုက်ပါသည်။မူကွဲများ ရှိပြီးတစ်ခုနှင့်တစ်ခုကွဲလွဲမှု့အနည်းငယ်ရှိနိုင်ပါသည်၊ဥပမာ United States Holocaust Memorial Museum၏ ဖေါ်ပြချက်တွင် ကွန်မြူနစ် ဆိုသည့်အပိုဒ်မပါဝင်ပါ။ နောင်တနှင့်သံဝေဂသံ ဖုံးလွှမ်းနေသည့် ဤစကားပြေကဗျာကိုရေးသားခဲ့သူ Martin Niemöller အား ဂျာမန်လူမျိုး လူသာရင်ခရစ်ယာန်အသင်းတော်၏ အမှု့တော်ဆောင် သင်းအုပ် ဆရာတစ်ပါး အဖြစ်လူသိ များသည်။ ဘာသာရေးနယ်ပယ်ကို မရောက်ရှိခဲ့သေးစဥ်က သူသည်ပထမကမ္ဘာ စစ်အတွင်း ရေတပ်အရာရှိ အဖြစ်ဂျာမန်ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုဦး‌ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ကနဦး ကာလ၌ နာဇီပါတီကိုထောက် ခံခဲ့ပြီး ကွန်မြူနစ်ပါတီဝင်များ၊ ဂျူးလူမျိုးများအား ဖမ်းဆီးနှိပ်စက်မှု့များ အပေါ်ကရုဏာသက်မှု့ နည်း ပါးခဲ့သူလည်း ဖြစ်သည်။ဘာသာရေးလွတ်လပ်မှု့ထိန်းချုပ်ခံရလာသည့်နောက်ပိုင်းတွင် ဟစ်တလာနှင့် နာဇီ ပါတီကိုဆန့်ကျင်သူတစ်ဦးဖြစ်လာခဲ့သည့်အတွက် နာဇီအကျဥ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ ခုနှစ်အထိ ဖမ်းဆီးအကျဥ်းချခြင်းခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်လာချိန်၌ သူသည်နာဇီဝါဒကို ထိထိရောက်ရောက် မဆန့်ကျင်ဖြစ်ခဲ့ခြင်း၊ တားဆီးနိုင်ရန်အားမထုတ်ဖြစ်ခဲ့ခြင်းများနှင့်ပတ်သက်၍ ရရှိခဲ့သည့်သူ၏နောင်တ တ ရား၊သူ၏လျစ်လျူရှု့မိခဲ့မှု့၊တာဝန်မကျေပွန်ခဲ့မှု့တို့ကို ဝန်ခံပြောကြားခဲ့ပါသည်။ ဂျူးလူမျိုးများသန်းနှင့်ချီ၍ လူမျိုးတုန်း သတ်ဖြတ်ခံရမှု့အတွက်ဂျာမန်လူမျိုးများအားလုံးတွင် တာဝန်ရှိသည်ဟူ၍ပင် ဆိုခဲ့သူဖြစ်သည်၊၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး၊လက်နက်ဖြုတ်သိမ်း‌ရေးလှုပ်ရှားမှု့များတွင် တက်တက်ကြွကြွပါဝင်ခဲ့ ပြီး ကမ္ဘာ့အသင်းတော် များကောင်စီ (The World Council of Churches) ၏ ဥက္ကဌ တစ်ဦးအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိဆောင် ရွက်ခဲ့ပါသည်။

ဤကဗျာစာစုသည် စာဖတ်သူများကို အတွေးစပေါင်းများစွာ ယူလာပေးခဲ့သည်။ Martin Niemöller သည် ဟစ်တလာ နှင့် နာဇီပါတီ၏ တရားမဲ့ပြုကျင့်မှု့အပေါ် မျက်စိမှိတ်၊နားပိတ်ခဲ့ကြသော လူတန်းစားတစ်ရပ်ကို မီး မောင်းထိုးပြခဲ့သည်။ သူကိုယ်တိုင်လည်းတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ကိုယ်နှင့်မဆိုင်သလို ဤမတရားမှု့ များကို ရပ်ကြည့်သူနေသူတစ်ဦး ပမာဖြစ်ခဲ့ခြင်းအပေါ် နောင်တများစွာရခဲ့မှု့ကို သရုပ်ဖေါ်ပြခဲ့ပါသည်။ ဘာသာ တရား၏အဆုံးအမနှင့်လည်း မကိုက်ညီခဲ့သည့် သူ၏ စာနာထောက်ထားမှု့ကင်းမဲ့မှု့၊ လူသားမဆန် ခဲ့မှု့တို့အတွက်လည်း သူ့ကိုယ်သူအပြစ်တင်ခဲ့သည်။ ဟစ်တလာ နှင့် နာဇီပါတီ ၏ ဂျာမန်လူမျိုးများကိုအမျိုး သားရေး အစွန်းရောက်မှု့လမ်းကြောင်းပေါ်တွန်းတင်ခဲ့မှု့ကို မရှောင်လွှဲနိုင်ခဲ့ကြခြင်းကလည်းသင်ခန်းစာယူစ ရာပင်။မတရားသောလုပ်ရပ်များ၊နှိပ်စက်ညှင်းပန်းမှု့များကိုရပ်တန်းကရပ်စေရန် ဆန့်ကျင်ခဲ့မှု့မရှိခဲ့ခြင်းသည် နာဇီ ပါတီ နှင့်ဟစ်တလာကို တစ်နည်းအားဖြင့်ထောက်ခံခဲ့သလိုဖြစ်ခဲ့ပြီး၊ နိုင်ငံအတွက်သာမက ကမ္ဘာကြီး အတွက် လည်း ဖျက်မရသည့် အမည်းစက်ဖြစ်ခဲ့ရပါသည်။

မျက်မှောက်ခေတ်၌လည်း ဥပဌေမဲ့တရားလက်လွတ်ပြုကျင့်မှု့ကို ယဥ်ကျေးသည့် ကမ္ဘ့ာအသိုင်းအဝန်းတွင် မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သည်မှာအထင်အရှားပင်။ အလားတူစွာ ကိုယ်နှင့်မသက်ဆိုင်သလိုရေငုံနှုတ် ပိတ်နေသူများ၊ အားပေးထောက်ခံနေသူများ အတွက်လည်း ယဥ်ကျေးသည့်လူ့အဖွဲ့အစည်းတွင်နေရာမရှိ ချေ။မိမိ၏ အကျိုးစီးပွားနှင့်အာဏာတည်မြဲရေးကိုသာကြည့်တတ်သော အာဏာရှင်များထံမှ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု့ရှိတန်ကောင်းရဲ့ဟု မျှော်လင့်ချက်ကြီးစွာထားနေကြသူများကို Martin Niemöller ၏ First they came အား ဖတ်ရှု့ကြည့်စေလိုပါသည်။

၁၉၂၁ ခုနှစ်တွင် ဟစ်တလာအား ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့သောနာဇီပါတီသည် နိုင်ငံ့အာဏာရလာ သောအခါပြိုင်ဘက်နိုင်ငံရေးပါတီများ၊သမဂ္ဂအဖွဲ့ဝင်များ၊လူနည်းစုလူမျိုးကွဲများကိုဖမ်းဆီးသတ်ဖြတ်နှိပ် စက်အကျဥ်းချပါတော့သည်။ ဟစ်တလာသည် နာဇီပါတီ၏အာဏာနှင့် ဂျာမနီနိုင်ငံ၏အာဏာကိုရရှိရန် နည်း မျိုးစုံနှင့်ကြိုးစားခဲ့သူဖြစ်သည်။ ထိုအာဏာရှင်စနစ် ပိုမိုရှင်သန်ကြီးထွားလာခြင်းကတော့ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပံ့ပိုးထောက်ခံခဲ့ကြသူများကြောင့်ဆိုသည်ကိုငြင်းဆို ၍မရ နိုင်ပါ။

ယခု ၂၀၂၁ ခုနှစ်သည် ဟစ်တလာ နာဇီပါတီ၏ ထိပ်ဆုံးအာဏာရှင် ဖြစ်ခဲ့ခြင်းနှစ်တစ်ရာပြည့် ဖြစ်သည်။ ကလေး၊လူကြီး၊လူငယ်မရွေး သတ်ဖြတ်ရန်ဝန်မလေးခဲ့သောအာဏာရှင်သည် စစ်သည်နှင့်စစ်လက်နက်အင် အားကိုအာဏာချဲ့ထွင်ရေးအတွက်အသုံးပြုကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပျက်ပြားစေခဲ့သူ၊ စစ်အနိဌာရုံများ ဆောင်ကျဥ်းလာခဲ့သူတစ်ဦးလည်းဖြစ်ပြန်သည်။ခေါင်းဆောင်ရွေးချယ်မှု့မမှန်ကန်ခဲ့ခြင်း၊မှားယွင်းသောဦးဆောင်မှု့နောက်သို့လိုက်မိခဲ့ကြခြင်း၊လွဲမှားသောခေါင်းဆောင်မှု့အားထောက်ခံခဲ့မိခြင်းများ၏အကျိုးဆက်မှာ ဟစ်တလာကိုသာမက၊ နာဇီပါတီ၊ဂျာမန်စစ်တပ်နှင့် ထောက်ခံသူများအား အဆုံးစွန်သောအရှုံး၊အလုံးစုံ သောပျက်သုန်းခြင်း ဖြင့်ရင်ဆိုင်ခဲ့ကြရခြင်းပင်ဖြစ်သည်။အရေးကြီးသည်မှာအထက်ကဆိုခဲ့သည်အတိုင်း အ တိတ်သမိုင်းမှ အမှားများကိုသင်ခန်းစာယူတတ်ရန်ပင်။ ၁၉၂၁ ခုနှစ် မှ အမှားမျိုးကို ၂၀၂၁ ခုနှစ်တွင် မည်သည့် နိုင်ငံတွင်မဆို၊ မည်သည့်အကြောင်းကြောင့် ဖြစ်စေ၊ထပ်မံမကြုံသင့်တော့ပါ။ ရာဇဝင်ဘီးကို နှစ်ပေါင်းတစ်ရာ ပြန်လိမ့်မသွားစေရန် မလျော့သောဇွဲလုံ့လဖြင့် ညီညီညွတ်ညွတ်ကြိုးစားကြရမည်သာ။


ကိုးကားစာရင်း

Stein, Leo (May 1941). "NIEMOELLER speaks! An Exclusive Report By One Who Lived 22 Months In Prison With The Famous German Pastor Who Defied Adolf Hitler". The National Jewish Monthly.

Michael S. Rosenwald (August 19, 2017). ‘Then they came for me’: A Hitler supporter’s haunting warning has a complicated history. The Washington Post.

The New Cambridge Companion to T. S. Eliot (2016). Edited by Jason Harding. Cambridge University Press.

Articles from Holocaust Memorial Day Trust (UK) and United States Holocaust Memorial Museum.


(သီအိုဇော်)





#MoeMaKaMedia
#WhatsHappeningInMyanmar