မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တရားမျှတမှု နဲ့ တန်ဖိုးစံနှုန်းများ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၃
မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တရားမျှတမှု နဲ့ တန်ဖိုးစံနှုန်းများ
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်အနီးက လိုင်ဇာမြို့အစပ်က ရပ်ကွက်တခုကို လက်နက်ကြီး သို့မဟုတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရချိန်မှာ ကမ္ဘာရဲ့ နေရာတနေရာဖြစ်တဲ့ ဂါဇာကမ်းမြောင် နဲ့ အစ္စရေးလ် နိုင်ငံရဲ့ နေရာအချို့မှာ ဒုံးကျည်တွေ၊ ဗုံးတွေ၊ တိုက်ခိုက်ရေးလေယာဥ်တွေ၊ လက်နက်ငယ်တွေ အမျိုးစုံကို အသုံးပြုပြီး စစ်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
မြန်မာ့အရေးက ရှုပ်ထွေးတယ်ဆိုသော်ငြားလည်း အခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းက ပါလစ္စတိုင်း၊ အစ္စရေးလ် ကမ္ဘာ့အရေးလောက် မရှုပ်ထွေးဘူးလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ မြန်မာ့အရေးမှာ အင်အားနဲ့ အနိုင်ကျင့်သူ၊ လက်နက်နဲ့ အနိုင်ကျင့်သူ၊ လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်သူ၊ မိမိတို့ဘက်က တိုက်ခိုက်ခံရတယ်ဆို တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာအနီးက ကျေးရွာကို ဝိုင်းကြီးချုပ်သဘောနဲ့ မီးရှို့ဖျက်ဆီးမယ့် စစ်တပ် စသဖြင့် အများစုသော ဖြစ်ရပ်တွေကို ဘယ်သူက အင်အားနဲ့ အနိုင်ကျင့်သူ၊ ရက်စက်သူ၊ လိုတာထက်ပိုပြီး အင်အားသုံး ဖမ်းဆီး သတ်ဖြတ်သူ၊ ဖျက်ဆီးသူ အဖြစ် ရိုးရိုးရှင်းရှင်း ချဥ်းကပ်ကာ ကောက်ချက်ချနိုင်ပေမယ့် ကမ္ဘာ့အရေးမှာ အဲဒီလို ကောက်ချက်ချဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။
ကောက်ချက်ချဖို့ ခက်ခဲခြင်းအကြောင်းရင်းက ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေက ရှုပ်ထွေးလွန်းလို့၊ ဘယ်သူဘယ်ဝါ ကျူးလွန်တယ်လို့ မသိရလောက်အောင် လက်သည်မပေါ်လို့ မဟုတ်ပဲ အရှေ့အလယ်ပိုင်း လို့ဆိုတဲ့ဒေသက ပါလစ္စတိုင်း နဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခမှာ အကျိုးစီးပွားကို တွက်ချက်ပြီး ရပ်တည်ကြတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ၂ မျိုး ၂ စားသော စံနှုန်းတန်ဖိုး သတ်မှတ်ထားသူတွေ၊ မိမိတို့ကို ကူညီထောက်ပံ့ထားတဲ့ အစိုးရ၊ အဖွဲ့အစည်းရဲ့ ငြိုငြင်မှု၊ မိတ်ဆွေအဖြစ်မှ ပျက်ပြယ်မှုကို ရှောင်ရှားဖို့ရာ နှုတ်ဆိတ်နေရတာမျိုး၊ သို့မဟုတ် ဖြစ်ရပ်တခုရဲ့ အချက်အလက်တွေကိုသာ ကိုင်စွဲပြီး တဖက်ကို ရှုတ်ချကာ အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း သက်သေပြကာ ကျန်တဲ့ အဖြစ်အပျက်တွေ၊ ကျူးလွန်သူတွေကို မျက်ကွယ်ပြုကာ ဒီဖြစ်ရပ်အတွက် တရားမျှတမှု ရဖို့ ဘယ်လို လက်စားချေမှုမျိုးမဆို တရားမျှတတယ်ဆိုတဲ့ ယုတ္တိဗေဒကို ကိုင်စွဲကာ ပြောဆိုမှုတွေ ရပ်တည်မှုတွေနဲ့ လူတွေ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက် သရုပ်မှန်၊ သဘောထားသရုပ်မှန်တွေ ပေါ်ထွက်လာကြတဲ့ အချိန်အခါလို့ဆိုရင်လည်း မမှားပါဘူး။
ဒီလို အချိန်ကာလမှာ အချက်အလက်သက်သက်ကိုသာ ပရိသတ်ကို တင်ပြမယ်ဆိုတဲ့ မီဒီယာ၊ ကြားနေမှုကို ရပ်တည်ကိုင်စွဲထားတယ်ဆိုတဲ့ မီဒီယာက ရှားပါးလွန်းတဲ့ အနေအထားလည်း ဖြစ်ပြီး တဖက်ဖက်ကို ရပ်တည်ပြီး ပုံဖေါ်တင်ဆက်နေကြတဲ့ သတင်းမီဒီယာက ၈၀ ရာနှုန်း ၉၀ ရာနှုန်းရှိနေကြတာ ဖြစ်ပါတယ်။ မီဒီယာ ဖေါ်ပြမှုတွေကိုသာ ကြည့်ပြီး မြေပြင်မှာ အမှန်တကယ် ဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို နားလည်သဘောပေါက်တယ်လို့ ယူဆရင်လည်း အဲဒီကောက်ချက်က လွဲမှားတဲ့ ကောက်ချက်လို့ ဆိုရမှာပါ။ သတင်းမီဒီယာ အစုံကို ကြည့်ရှုနားထောင်နိုင်ပါမှ အဖြစ်မှန်နဲ့ နီးစပ်တဲ့ အခြေအနေကို သိနားလည်တယ်လို့ ဆိုနိုင်ရုံရှိပါတယ်။ သတင်းမီဒီယာတွေ အများစုမှာ ပိုင်ဆိုင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်ကြောင့်၊ ငွေကြေးကြောင့် အမျိုးသားရေး ရပ်တည်ချက်ကြောင့်၊ ဘာသာရေး ရပ်တည်ချက်ကြောင့် ဘက်လိုက်မှုတွေ အနည်းနဲ့ အများရှိနေကြနှင့်ပြီး ဖြစ်လို့ မီဒီယာမှာ ပါရှိတဲ့ အပိုဒ်တပိုဒ်၊ အချက်အလက်တခု၊ အဆို၊ သက်သေ အထောက်အထားတခုထဲ နဲ့ ဒီဘက်က အဖြူ၊ ဒီဘက်က အမဲလို့ ကောက်ချက်ချခဲ့ရင် အမှားကျူးလွန်မိရာကျပါလိမ့်မယ်။
ဒီလို အချိန်မှာ အစိုးရတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက လူထုရဲ့ စိတ်ခံစားမှုတွေကို အမြင့်ဆုံးဖြစ်အောင် တဖက်ရဲ့ ရက်စက်မှုတွေ၊ လူမဆန်မှုတွေကို ကောက်နှုတ်ကာ အကြိမ်ကြိမ် နားထဲ၊ နှလုံးသားထဲ ဦးနှောက်ထဲထိရောက်အောင် စည်းရုံးသိမ်းသွင်းကြတဲ့ အချိန်ကာလလည်း ဖြစ်လာတာ တွေ့နေရပါတယ်။ ဒီလို စည်းရုံးတာ အပြစ်မဟုတ်ဘူး နိုင်ငံရေး ပါတီ၊ အစိုးရ၊ နိုင်ငံရေး အဖွဲ့အစည်း လူမျိုးတမျိုးအတွက် ဆောင်ရွက်နေတဲ့ အမျိုးသားရေး လုပ်ဆောင်သူတွေရဲ့ တာဝန်ပဲလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ ဒီအဆို တစိတ်တပိုင်းမှန်ကန်ပေမယ့် လက်စားခြေဖို့ ၊ သတ်ဖြတ်မှုတွေကို တွန့်ဆုတ်ခြင်းမရှိပဲ လုပ်ဆောင်ဖို့၊ မိမိတို့ဘက်က ကလေးတွေ၊ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ သေဆုံးရသလို သူတို့ဘက်က ကလေးတွေ၊ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေပါ အညှာအတာမရှိ သတ်ဖြတ်ဖို့ စည်းရုံးမှုမျိုး အားပေးမှုမျိုးက လူသားရဲ့ အမှောင်ဘက်အပိုင်း ဆိုးယုတ်မှုအပိုင်းကို ပိုပြီးအားကောင်းအောင် မြှောက်ပင့်ပေး၊ အဆိပ်ရည် လောင်းပေးတာနဲ့ သဘောသဘာဝ တူတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒီအရာတွေကို မိမိကိုယ် ခုခံပိုင်ခွင့်၊ နယ်မြေတလက်မ အကျမခံ ကာကွယ်ခွင့်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ မလွှဲမရှောင်သာ လုပ်ဆောင်ရတယ် ဆိုတဲ့ စကားလုံးတွေနဲ့ လူသားရဲ့ ဆိုးယုတ်တဲ့ သဘာဝကို တနည်းနည်းနဲ့ အားပေးအားမြှောက်ပြုကြတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။
ကာကွယ်ခြင်း နဲ့ လက်စားခြေခြင်းက ဘယ်နေရာမှာ စည်းခြားထားသလဲဆိုတာ ပြောရခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာ၊ နိုင်ငံကို ကာကွယ်တယ်ဆိုတာနဲ့ အမုန်းတရားကြောင့် တင်ကူး ဆုံးဖြတ်ချက်ကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကိုလည်း တချိန်ကျ ရန်သူတွေ ဖြစ်လာမယ့်သူတွေလို့ တွေးပြီး မငဲ့ကွက်ပဲ သတ်ဖြတ်ကြတာမျိုး လည်း ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ခုခံကာကွယ်ခွင့်က ဘယ်လိုလုပ်ရပ်အထိပဲ ခွင့်ပြုထားသလဲဆိုတာ အခုလိုအချိန်မှာ သဲသဲကွဲကွဲ မရှိပါဘူး။ စစ်ဖြစ်နေပြီလို့ ကြေညာလိုက်ချိန်မှာ တရားဥပဒေတွေ၊ တရားမျှတမှုတွေ အားလုံးကို နောက်ကို ပို့လိုက်ကြပြီး စစ်ပွဲမှာ အနိုင်ရရေး အတွက်ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားရောက်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသူတွေ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး အတွက်ကာကွယ်ပြောဆိုသူတွေ၊ သတင်းလွတ်လပ်ခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ခုခံကာကွယ်ပြောဆိုကြသူတွေ အဖို့ အခုလို ကမ္ဘာမှာဖြစ်ပွားတဲ့ ပါလစ္စတိုင်း_အစ္စရေးလ် ပဋိပက္ခကို ဘယ်လို ချဥ်းကပ် သုံးသပ်ကြမလဲ ဆိုတာ စာမေးပွဲ တခုသဖွယ်လည်း ဖြစ်လာပါတယ်။ တန်ဖိုးတွေ စံနှုန်းတွေအပေါ် ရပ်တည်ပြီး ပြောဆိုမလား၊ လက်တွေ့ဘဝအပေါ် အကျိုးသက်ရောက်မှုတွေကို တွက်ဆပြီး ပြောဆိုကြမလား။ စစ်ပွဲတွေမှာ၊ တိုက်ခိုက်မှုတွေမှာ၊ လက်နက်ကိုင်သူတွေရဲ့ လုပ်ဆောင်သမျှကို တရားမျှတတယ်လို့ ဝါဒဖြန့်ချိရေး စကားလုံးတွေ၊ လှုံ့ဆော်မှုတွေ၊ ရွေးချယ်ထားတဲ့ အချက်အလက်တွေနဲ့ တည်ဆောက်ထားတဲ့ ယုတ္တိဗေဒ အဆိုတွေနဲ့ အခြားသော လူသားချင်းစာနာမှု၊ အင်အားချင်းမမျှတဲ့ ချေမှုန်းမှုတွေကို လျစ်လျူရှုကာ ရှုမြင်ကြမလားဆိုတာလည်း ဖြေရခက်ခဲတဲ့ မေးခွန်းတွေ လို့ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar