Breaking News

ကိုသန်းလွင် - ၀န်ကြီးချုပ်သစ် အန်နဝါ အီဘရာဟင်

ကိုသန်းလွင် - ၀န်ကြီးချုပ်သစ် အန်နဝါ အီဘရာဟင်

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂


( ၁ )

လွန်ခဲ့သော စနေနေ့ (၁၆-၁၁-၂၂) က ကျင်းပခဲ့သော ၁၅ ကြိမ်မြောက် မလေးရှားရွေးကောက်ပွဲမှ မလေးရှား ပြည်သူများသည် တိုင်းပြည်ကိုလိပ်ခဲတင်းလင်းဖြစ်နေသောပါလီမန် (hung Parligment) အဖြစ် ကျန်ရစ်စေခဲ့ပါသည်။ ဤသည်တို့မှာ တစ်ဦးနှင့်တစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော ၁၉၉၈ ခုနှစ်က ဒေါက်တာ မဟာသီယာ နှင့် အန်နဝါ တို့၏ အကွဲအပြဲများမှရလဒ်လည်း ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင် ပို၍ ထင်ရှားလာ သည်မှာ အစ္စလာမ် ပါတီ (Parti lslam SeMalaysis (PAS))က ယခင်ကထက်မဲအရေအတွက်   ၂ ဆတိုးလာခဲ့ပါသည်။ အစ္စလာမ် ပါတီသာ အစိုးရသာဖွဲ့စည်းနိုင်ပါက လူအများစုပေါင်း ငြိမ်းချမ်းစွာ အတူ နေထိုင်သော မလေးရှား၏ပြယုဂ်မှာ “ဆိုရှယ် ဟာမိုနီကိုပြဆိုခြင်း” သည် အန္တရာယ်ပြုခံရဖွယ် ရှိပါသည်။

မဟာသီယာသည် သူ၏ မလေးအမျိုးသားအသင်းကြီးကို UMNO- United Malays National Organization ကို တိုက်ခိုက်ရန်အတွက် ဘာဆာတူးပါတီ (Basatu) ပါတီတစ်ခု ၂၀၁၈ တွင် ထူထောင်ခဲ့ပါ သည်။ ၎င်းပါတီ က ၂၀၂၀ တွင် နှုတ်ထွက်ခြင်းကြောင့်ပါရတန် ဟာရပန် (Pakatan Harapan) PH အစိုးရ ပြိုကွဲခဲ့ပြီး ပါရှကန်တန် ပါတီ(PN) နှင့် အစ္စလာမ် ပါတီဝင် PAS များကို စည်းရုံး မထားနိုင်တော့ပါ။

ယခုအခါရွေးကောက်ပွဲတွင်မဲအရေအတွက်မပြည့်စုံသဖြင့် အစိုးရမဖွဲ့နိုင်ဖြစ်နေချိန်တွင် PN ကပြော သည်မှာ အရှေ့မလေးရှားပါတီများ (GPS and GRS) နှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည်ဟု ကြေညာလိုက်ပြန်ပါသည်။ 

မလေးရှားတွင် မဲအရေအတွက် မပြတ်မသားဖြစ်ပါက မလေးရှားဘုရင်က ဝင်ရောက်ဖျန်ဖြေရပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်ကြစေရန် စီစဉ်ပေးလေ့ရှိသည်။ နိုင်ငံမှာ ဤကဲ့သို့ ပါလီမန်သည် လိပ်ခဲတင်းလင်း အခြေအနေမှာ မဖြစ်ဖူးပါချေ။ ၂၀၂၀ ပြည့်နှစ်ကလည်း သေချာပေါက် မဲများသူ (majority) ဟူ၍မရှိခဲ့ပါ၊

ထိုအချိန်တွင် ဘယ်သူက အစိုးရဖွဲ့နိုင်သည်ကို သိသော မလေးရှားဘုရင်က ဝန်ကြီးချုပ် ယာစင် ( Mr Muhyiddin Yassin) ထံသို့သွားပြီး အစိုးရဖွဲ့ရန် ချဉ်းကပ်ခဲ့ပါသည်။ ထိုအခါ  ဘုရင်ကရှိလာမည့် အစိုးရ ကို ညွှန့်ပေါင်းအစိုးရအဖွဲ့ဟု ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခု နိုဝင်ဘာလတွင် ဘုရင်က လူကြီးပီသစွာ ညီညွတ်ရေး အစိုးရဖွဲ့စည်းကြပါဟု ဆော်သြခဲ့ပါသည်။ ထိုအတောအတွင်းမှာပင် မစ္စတာယာစင်က ရုတ်တရက် ပါတီချင်း ပူးပေါင်းမှုကိုလုပ်ဖြစ်ခဲ့လျှင် နိုင်ငံရေးဆွေးနွေးပွဲမှာ ပိုမိုဆိုးရွားသွားဖွယ်ရှိနေပါသည်။ ထို့ကြောင့် ပုတ်သင်ညို လို ခေါင်းညိမ့်တတ်သည်ဟု နာမည်ကြီးနေသော အန်နဂါ မှာ ဝန်ကြီးချုပ် လုပ်ရန်ကို ၂၄ နှစ် အကြာစောင့် ဆိုင်းပြီးမှ နောက်ဆုံးတွင် လုပ်ခွင့်ရသွားခဲ့ပါသည်။ သူ၏ ညီညွတ်ရေး အစိုးရတွင် ပါကတန် ဟာရပန် Pakaran  Harapan က ၈၂ နေရာ၊ ဘာရီဆန်နေရှင်နယ် (Barison National  BN) ကနေရာ ၃၀၊ ဂါဘူဂန် Gabungan Parti Sarawak က ၂၃ နေရာနှင့် စုစုပေါင်း ၁၃၅ နေရာ ရရှိပါသည်။ လူ ၂၂၂ ဦးမျှရှိသော မလေးရှား ပါလီမန်တွင် အစိုးရဖွဲ့ရန် အမတ်နေရာ ၁၄၈ မျှ လိုပါသည်။

ရိုးရိုးမဲသာသောပါတီ (Simple majority ) အနေဖြင့် အမတ်နေရာ ၁၁၂ ဦးရှိရန် လိုအပ်ပြီး အစိုးရ ဖွဲ့ရန် ခြေလှမ်း လှမ်းနိုင်သည်။ ဤသို့ဖြင့် အခက်အခဲများကို ရင်ဆိုင်ရင်း အချိန်ကုန်တော့မည်ဟု ခြိမ်းခြောက်မှုတိုင်းကို အတည်မယူနိုင်သော အန်နဝါ (Datuk Seri Anwar Ibrahim) သည် မလေးရှားနိုင်ငံ၏ ၁၀ကြိမ် မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။ ၎င်းနှင့်အတူ မလေးရှားနိုင်ငံအတွက် အာရုဏ်သစ် ဖြစ်လာပြီလား ဟုမပြောနိုင်သေးပါ။ သို့သော် အပြောင်းအလဲကိုချက်ခြင်းမမြင်ရသေးသည့်တိုင် တနေ့တွင်တွေ့ရမည် ကား အန်နဝါ အုပ်ချုပ်သော မလေလးရှားအဖို့သေချာလှပါသည်။ နိုင်ငံရေး ပဋိပက္ခတို့သည် နိုင်ငံအတွက် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေဖြစ်ခဲ့ပြီးပြီ။ ထိုအဖြစ်များကြောင့် နိုင်ငံအပေါ်တွင် ရေရှည် အကျိုးသက်ရောက်မှု မရှိစေရန်ဟု အန်နဝါအစိုးရအတွက် အဓိကရည်မှန်းချက်ဖြစ်နေပေသည်။


( ၂ )

အန်နဝါ၏ နိုင်ငံရေးဦးဆောင်မှုကို ယူခဲ့ချိန်တွင် မလေးရှားနိုင်ငံနှင့် နိုင်ငံရေး၌ လူမျိုးစုံတို့၏ ဝါဒများ တဖြည်းဖြည်းကျယ်ပြန့်လာနေသော ပြုပြင်ပြောင်းလဲရေးဝါဒ ( Reformasi ) ပရောဂျက်များနှင့် ပတ်သက်နေပါသည်။ မလေးရှားနိုင်ငံတွင် ၁၉၅၇ နှင့် ၁၉၆၃ နှစ်များတွင် ဖယ်ဒရယ်နိုင်ငံအဖြစ် ပြောင်းလဲခဲ့ရာ၎င်းသည် နိုင်ငံရေးတည်ငြိမ်ခြင်းနှင့် လူအမျိုးမျိုး ကွဲပြားနေမှုကိုထိန်းချုပ်နိုင်လိမ့်မည်ဟုမျှော်လင့်ခဲ့ကြပါသည်။ နိုင်ငံ၏ ပေါင်းစည်းမှုတွင် ဖယ်ဒရေးရှင်းသည် အဓိကနေရာမှ ပါဝင်ခဲ့ပါသည်။

သို့သော် ၁၉၆၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူမျိုးစုအဓိကရုဏ်းများ၏ နောက်တွင် အစိုးရကို ဗဟိုက ဦးစီးလုပ်ကိုင်သည့်အစိုးရအဖြစ် ပြောင်းလဲခဲ့ရခြင်း၊ မလေးလူမျိုးတို့၏ ပထဝီအနေအထားနှင့် လူဦးရေ အရေအတွက် များပြားနေခြင်း၊ သူတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် မလေးလူမျိုးများလုပ်ငန်းခွင်တွင် အောင်မြင်မှုရရန် ကြိုးစားခဲ့ရသည်။ ၎င်းသည် တိုင်းပြည်အတွက် အရေးကြီးသော မူတစ်ခုအဖြစ် ပေါ်ခဲ့ရပြီး အခြားအရေးအရာများထက် မဲရရှိရေးအတွက် မျိုးချစ်စိတ်ဓာတ်သည် အရေးကြီးသောအစိတ်အပိုင်း ဖြစ်ခဲ့ရပါသည်။ 

မည်သို့ပင် အမျိုးမျိုး ကွဲပြားနေသည်ဆိုစေ၊  မလေးလူမျိုးများသည် အခြားပြည်သူများထက် သာလွန်ရမည်ဟူသော ဝါဒကို ထိုစဉ်က ခေါင်းဆောင်များ သတိပြုခဲ့ကြပါသည်။ သူတို့အတွက်မူ လူထုကို ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်ရေးသည် ဖယ်ဒရယ်မူဝါဒများအပေါ်တွင် မူတည်ခဲ့ပါသည်။ ၁၉၇၀ မှ ၁၉၇၅ အထိ လူမျိုးစု အဓိကရုဏ်းအပြီး ချမှတ်ခဲ့သော အစီအစဉ်တွင် ဘူမိပူထရာ (Bumiputra) တို့သည်သာ အဓိကဖြစ်သည်ဟူသော မူဝါဒ လမ်းအသစ်ပေါ်သို့ တက်လှမ်းစေခဲ့ပါသည်။ ထိုပေါ်လစီ၏ ရည်ရွယ်ချက်မှာ လူမှုရေး ကွဲပြားမှု ပြဿနာများသူတို့သည် လူတို့ကို ကွဲပြားသွားအောင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်သော်ငြားလည်း ထိုဝါဒအရ ဘူမိပူထရာ လူမျိုးကြီးဝါဒတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။

တိုင်းပြည်၏ ဒီမိုကရေစီရေးအတွက် ပြောင်းလဲခဲ့ရာ ကျောင်းသားများ၏ နိုင်ငံရေး စိတ်ဓာတ်များကို ထိန်းချုပ်ရေးကို တိုင်းပြည်၏ ၁၉၇၁ ပါလီမန် (debate) တွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထိုပေါ်လစီ ရေးရာများကို ထိခိုက်မှု ရှိမရှိနှင့် မလေးရှားလူမျိုးတို့အကြားတွင် လူမျိုးရေးဝါဒ၏ ကြီးစိုးမှုကို ဆွေးနွေးခဲ့ကြပါသည်။

သို့တိုင် မလေးရှားနိုင်ငံအနေဖြင့် စီးပွားရေးတွင် အောင်မြင်မှုများကို တစ်နှစ်ပြီးတစ်နှစ် ရလာခဲ့ပါသည်။ အကယ်၍ လူမှုရေးကွဲပြားမှုများကိုသာ လျစ်လျူရှုနိုင်ပါက ဤစနစ်ကြီးသည် စီးပွားရေးတွင် အောင်မြင်သော ရလဒ်ကို ထွက်စေနိုင်ပါသည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ကုန်ဆုံးသောအခါ မလေးရှားနိုင်ငံသည် အရှေ့အေရှား ဒေသဆိုင်ရာ နိုင်ငံများနည်းတူ အောင်မြင်မှု များ ရနိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ 

ထို့နောက်တွင် ၁၉၉၇ ခုနှစ် စီးပွားရေးအကျပ်အတည်းကာလကို ကြုံခဲ့ရပါသည်။ ထိုအချိန်တွင် ခေါင်းဆောင်နှစ်ဦးအကြား၌ ခါးသီးစွာ သဘောထား ကွဲလွဲခဲ့ကြသည်။ ထိုအချိန်တွင် ဤကွဲလွဲမှုတို့က မလေး ဦးဆောင်ပါသည့် Umno ပါတီအတွင်း အတွင်းကြီးမားစွာ ဂယက်ရိုက်ခဲ့သည်။

ထိုအချိန်တွင် ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာက အန်နဝါ ကို ရာထူးမှ ထုတ်ပယ်ပစ်ခဲ့ပြီး ပါတီတွင်း အခက်အခဲများမှာ ၂၀၂၂ ခုနှစ်အထိ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရပါသည်။ အန်နဝါကို ထုတ်ပယ်ခြင်း နှင့် ထောင်ချပစ်ခြင်းတို့ကြောင့်ပြုပြင်ပြောင်းလဲရေး ( Reformasi ) မှာ လေးလူသားထုအတွင်း ပျံ့နှံ့ခဲ့သည်။ 

ထိုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆူဟာတို ပြုတ်ကျခြင်းနှင့်အတူ  Reformasi ၏လုပ်ငန်းများ အောင်မြင်ခြင်းကို အတုယူ၍ ထိုလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံရေးလောကမှ အန်နဝါ ပျောက်ကွယ်မသွားရအောင် ကျိုးစားခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံတခု၏ ပြည်တွင်း၌လည်း အလားတူ ဗဟိုမှ ဦးစီးသည့်စနစ်၊ ဒီမိုကရေစီစနစ်တစ်ခု အောင်မြင်နေသည်ကို တွေ့နေရပါသည်။ အန်နဝါ ဇာတ်ခုံပေါ်မှ ဆင်းသွားရန် ငြင်းဆန်ရခြင်းတွင် အခြားသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းများစွာကို တွေ့ရမည် ဖြစ်သော်လည်း ဤပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်က သူ့ကို အမြဲဦးဆောင်ခဲ့ကြောင်း ရှိရပါသည်။

သူ့ကို ဆိုဒိုမီ အမှုများ၊ ခြစားခြင်းအမှုများနှင့် စွဲထားခဲ့ပါသည်။ သူသည် ထောင်သက်တမ်း ၂ ကြိမ် ခံခဲ့ရပြီး သူသည်အတိုက်အခံနှင့် နိုင်ငံရေးသက်တမ်းရှည် တည်တံ့ရေးကို ကြံ့ကြံ့ခံခဲ့ပါသည်။


( ၃ )

၂၀၀၄ ခုနှစ်တွင် ထောင်မှ လွတ်လာခဲ့ပြီးနောက် သူသည် နိုင်ငံရေးအတိုက်အခံတို့၏ လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ နောက်တကြိမ် ဆိုဒိုမီ အမှုဖြင့် အစွဲခံရသော်လည်း သူ့လုပ်ငန်းများမှာ အခြေခံ ခိုင်မြဲနေပါပြီ။ အန်နဝါနှင့် သူ၏ထောက်ခံသူများက အကောင်းဆုံးပေးနိုင်ကြသည်မှာ မဟာသီယာ အစိုးရ၏ အုပ်ချုပ်မှု၊ ထင်သာမြင်သာရှိမှု၊ တာဝန်ယူမှုများအပေါ် ၎င်းတို့၏ထင်မြင်ချက်နှင့် အယူအဆ ကွဲပြားနေခြင်းတို့ပင် ဖြစ်သည်။ သူသည် အစိုးရနှင့် အတိုက်အခံတို့အကြား ဆက်သွယ်ရေး ပေါင်းကူးတံတားဖြစ်အောင် အမြဲကျင့်ဆောင်နေခဲ့ပါသည်။

တိုင်းပြည်က ပြဿနာပေါင်းစုံဖြင့် ပွက်လောရိုက်နေချိန်တွင် ခေါင်းအေးအေးထားကာ မိမိ ပန်းတိုင် မပျောက်သွားရေးကို တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ခဲ့ရာမှ နောက်ဆုံးတွင် အောင်ပွဲနှင့် မလွဲမသွေ တွေ့ ဆုံရမည်ဖြစ်ကြောင်း အန်နဝါ၏ဥပမာက ကမ္ဘာကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်ပါသည်။


ကိုသန်းလွင်

Ref: Anwar Ibrahim resilence of Reformasi movement, Ooi Kee Beng The St times Nov 26 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar