Breaking News

အောင်ဝေး - ၁၅ / ၁၆

၁၅ / ၁၆
အောင်ဝေး
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၃

ခေတ်က တင်မိုးနားနီးတင်မိုး၊ ကြင်စိုးနားနီးကြိုးစင်။ 
ကျနော်က
"အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်းရောက်ချေပြီ" ဆိုပြီး "နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း" ဆိုတဲ့ကဗျာရှည်ကြီးထဲ ဆရာဦးတင်မိုးရေးခဲ့တာကို မကြာမကြာအခါခါသတိရနေတတ်သည်။ ဪ... ဆရာကွယ်လွန်ခဲ့တာပင် ၁၆ နှစ်ရှိပါရောလား။ 
(၂၀၀၇ ဇန်နဝါရီ ၂၂၊ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဆရာကွယ်လွန်သည်) 

ယခုကျနော် ပြည်ပြေး ၁၅ နှစ်။ ဆရာဦးတင်မိုးနောက်ဆုံးခေါင်းချခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ကအိမ်ကလေးကို ကျနော်နှစ်ခေါက်ရောက်ခဲ့သည်။ တခေါက်မှာ ဆရာမောင်စွမ်းရည်က ဆရာဦးတင်မိုးလဲကျသေဆုံးသွားသည့် မက္ကစီကန်လက်ဖက်ရည်ဆိုင်ကလေးသို့ ကျနော့်ကိုလိုက်ပို့ခဲ့သည်။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)။ ကျနော်တို့ရှေ့က မန္တလေးကကြယ် တာရာကြီးတွေဖြစ်သည်။ ဆရာဦးတင်မိုးနှင့် ဆရာဦးကြည်အောင်တို့ကွယ်လွန်ခဲ့ပြီ။ ဆရာမောင်စွမ်းရည် နယူးယောက်မြို့မှာနေသည်။ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) တံတားဦးမှာ နာမကျန်းသည် အိုနှင်းဆီ။ 

ယခုအချိန်မှာ ကျနော်တို့ကို(အထူးသဖြင့် အောင်ဝေးကို) ငေါက်နိုင်ဟန့်နိုင်ဆုံးမနိုင်သည့်လူကြီးတွေနည်းသွားပြီ။ ဆရာမောင်စွမ်းရည်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမောင်သွေးသစ်၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)တို့သာကျန်တော့သည်။ ကျနော်လွမ်းပါသည်။ တခါတခါ ပြည်ပြေးဘဝဖြစ်တည်နေမှုကြီးကို ကျနော်မှောက်လှန်ပစ်ချင်သည်။ အဆိုးဆုံးက နွေဦးတော်လှန်ရေးမှာ အဝေးရောက်ဖြစ်နေတဲ့အတွက်၊ ကျည်ကွယ်မျက်ကွယ်မှာ လိပ်ပြာမလုံဖြစ်နေရခြင်းပင်။ ပြည်ပြေးဘဝမှာ ဆရာဦးတင်မိုးသည် ဘယ်အချိန်ဖြစ်ဖြစ်ကဗျာရေးသည်။ ဘယ်နေရာရောက်ရောက်ကဗျာရေးသည်။ တနေ့ကို ကဗျာ ၃- ၄ ပုဒ် အမြဲရေးသည်ဟု သမီးတွေကမှတ်တမ်းပြုသည်။ ကျနော် နွေဦးတော်လှန်ရေးမှာ တနေ့ကိုကဗျာတစ်ပုဒ်ရေးမည်ဟုအဓိဋ္ဌာန်ပြုခဲ့သည်။ ပြုသည့်အတိုင်း ရေးလည်းရေးခဲ့သည်။ ၂၀၂၁ စက်တင်ဘာ ၇၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီးဒူဝါလရှီးလ D-Day ကြေညာပြီးတဲ့နောက် ကျနော့်သန္နိဋ္ဌာန်ကပိုမြဲမြံခိုင်မာသွားသည်။ (ယနေ့အထိ နွေဦးတော် လှန်ရေးကဗျာ ၅၄၂ ပုဒ် ကျနော်ရေးခဲ့ပြီးပြီ။ တစ်အုပ် အပုဒ် ၁၀၀ နှင့် ၃ အုပ်၊ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခမီဒီယာက စာအုပ်ထွက်ခဲ့ပြီးပြီ) ကျနော်လုပ်နိုင်တာဒါပဲရှိသည်။ နွေဦးတော်လှန်ရေးမှာ ကျနော်စိုက်ထည့်နိုင်တာကဗျာပဲရှိသည်။ ဒါသာဖြစ်သည်မဟုတ်လား။ ဆရာဦးတင်မိုး သေတဲ့အထိကဗျာတွေရေးသွားသည်။ အိမ်လွမ်းစိတ္တဇကြီးနှင့် တိုင်းပြည်အတွက်ကဗျာတွေထားသွားသည်။ ဆရာဦးတင်မိုးကိုကျနော်အားကျသည်။ ကျနော်ကြိုးစားပြီးရေးခဲ့သည်။ ရေးနေသည်။ ရေးဦးမည်။ ဆရာဦးတင်မိုးအရိပ်သြဇာ ကျနော့်အပေါ်မှာရှိသည်။ တစ်လောသားမှာတုန်းက "လက်ယက်ကုန်းဂွာယာနီကာ"ဆိုတဲ့ကဗျာကိုရေးသည့်အခါ၊ ကျနော် ဆရာဦးတင်မိုး၏ကဗျာတစ်ပုဒ်ကိုအမှတ်ရသည်။ ကျနော့်ကဗျာထဲမှာ ကောက်နုတ်ထည့်ရေးခဲ့သည်။

"သွားသစ်လဲစ၊ ကျောင်းနေစဟု
လောကနံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာ
ပီကိုဆို၏ဂွာယာနီကာပန်းချီကား"

ဆရာဦးတင်မိုး၏ "ပျက်ပြယ်သွားသောအိပ်မက်ငယ်"ကဗျာရှည်ထဲကဖြစ်ပါသည်။ ဆရာဦးတင်မိုး၏ဘဝသည် လွမ်းစရာအလွန်ကောင်းသည်။ လွမ်းစရာအလွန်ကောင်းသောဆရာ ပြည်ပမှာကွယ်လွန်သွားသောအခါ၊ ပြည်တွင်းကကျနော်တို့ ကြေကွဲလွမ်းဆွတ်ငိုကြွေးခဲ့ကြသည်။ ဆရာသည် ရှစ်လေးလုံးအရေးတော်ပုံလူထုစာဆိုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏လက်ရုန်းကဗျာဆရာဖြစ်သည်။ (၈၈ မတိုင်မီက၊ ဆရာသည် ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဘေးထမင်းဆိုင်ခေါ်သွားပြီးကျွေးတဲ့အထိ၊ စုနဲ့နီးသည်) ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဆရာတို့လူကြီးပိုင်းအချို့နှင့် ကျနော်တို့လူလတ်ပိုင်းအချို့၏ဘဝတစ်ဆစ်ချိုးဖြစ်သည်။ အရေးတော်ပုံကာလကြီးထဲမှာ ဆရာဦးတင်မိုးကအခုလိုကဗျာရေးခဲ့လိုက်သည်။

"ငယ်ငယ်တုန်းက လီနင်နဲ့တွေ့တယ်
ကြီးလာတော့ လင်ကွန်းနဲ့တွေ့ချင်တယ်"

ဒါက စစ်အစိုးရအောက်ခေတ်အဆက်ဆက် လက်ဝဲအတွေးအခေါ်နှင့်စာပေတွေ လေ့လာရေးသားခဲ့သူအများစု၏ ခေတ်ရေကြောင်းမှာ လှေ လောင်းအပြောင်းအလဲဖြစ်သည်။ (ကျနော်နှင့်အမြင်မတူသူများလည်းရှိနိုင်ပါသည်) ဆရာဦးတင်မိုး၏လှေက လော့စ်အိန်ဂျယ်လိစ်ဆိပ်ကမ်းမှာထိုးရပ်သွားခဲ့ပြီ။ လှေတစ်စင်းနဲ့သီချင်းသည်တစ်ယောက် အမိတိုင်းပြည်ရဲ့ကောင်းကင်အောက်ကိုပြန်မရောက်နိုင်တော့။ ဒီလိုနဲ့ ရေပန်းမြစ်ဆိပ်၊ ပွင့်မျောရိပ်မှာ တိတ်တိတ်ကလေးအိပ်ပျော်သွားသောဆရာ့ကို ကျနော်တို့အမှတ်တရဂုဏ်ပြုပွဲလေးလုပ်ကြသည်။ ဆရာနေထိုင်သွားရာ အင်းစိန်က ဂျပန်အိမ်ကလေးမှာ၊ ဆရာကွယ်လွန်ပြီးနောက် ရက်လည်တဲ့နေ့မှာလုပ်ခြင်းဖြစ်သည်။ ထိုနေ့က ဆရာ့အိမ်နှင့်အနီးဝန်းကျင်တွင် စစ်ထောက် လှမ်းရေးတွေခြေချင်းလိမ်နေသည်။ ကျနော်တို့ကလည်းမြွေမြွေချင်းခြေမြင်သည်။ ထိုရက်လည်ဂုဏ်ပြုပွဲသို့ ရန်ကုန်မြို့နေရာအနှံ့က "တင်မိုး၏ ပရိသတ်များ" စုဝေးရောက်ရှိလာကြသည်။ စစ်ထောက်လှမ်းရေးတွေကကျနော်တို့ကိုဓာတ်ပုံလှမ်းရိုက်သည်။ ကျနော်တို့ကသူတို့ကိုဓာတ်ပုံပြန်ရိုက်သည်။ ထိုနေ့ကတော့သူရိုက်ကိုယ်ရိုက်ပဲ။ ဂုဏ်ပြုပွဲစတော့ အောင်ဝေးကအခမ်းအနားမှူးလုပ်သည်။ ဆရာဘိုကလေးဦးလှရွှေနှင့် ဆရာကိုမင်းကိုနိုင်တို့က သူရဲကောင်းဂုဏ်ပြုအမူကွန်းတင်စကားတွေပြောကြသည်။ ထိုနေ့ကလောက် စစ်ထောက်လှမ်းရေးတွေတစ်လှေကြီးနှင့် တော်လှန်သော၊ လူထုသဘောဆန်သော၊ ရဲရင့်သောလူစုလူဝေးမျိုး ရှိခဲ့ဖူးအံ့မထင်ပါ။ ထိုဖီဆန်အန်တုမှုရဲစွမ်းသတ္တိကို ဆရာဦးတင်မိုး၏ကဗျာတွေကပေးသည်ထင်ပါသည်။ ဆရာဦးတင်မိုးအမှတ်တရဂုဏ်ပြုပွဲပြီးတဲ့နောက် ရက်အတန်အကြာမှာ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်သည်။ ကျနော်ပြည်ပြေးဖြစ်သည်။ ပြည်ပြေးဘဝ အမေရိကမှာ ဆရာဦးတင်မိုး၏ အရိုးပြာအိုးကိုပဲဖူးရသည်။ ဆရာမောင်သာရကို တယ်လီဖုန်းထဲကပဲမြင်ရသည်။ အခု ဆရာမောင်သာရလည်းမရှိတော့။ အခုတော့ ဘဝက လီနင်နားနီးလီနင်၊ လင်ကွန်းနားနီးလင်ကွန်း။ လွမ်းဖို့ကောင်းလွန်းတော့ သည်။ ။

အောင်ဝေး
(ဇန်နဝါရီ ၁၄၊ ၂၀၂၃)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar