ကောင်းဇေလူ - တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် နဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး အလားအလာ
ကောင်းဇေလူ - တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် နဲ့ တရုတ်-အမေရိကန်ဆက်ဆံရေး အလားအလာ
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၃
တရုတ်နိုင်ငံရဲ့ အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး ကျင်ကန် (Qin Gang) နဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကို ဇန်နဝါရီ ၆ ရက်နေ့ထုတ် The Star Digital News မှာ ဖတ်ရတယ်။ အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်သံအမတ် ကျင်ကန် (Qin Gang) ကို တရုတ် နိုင်ငံခြားရေးဝန်ကြီး အသစ်အဖြစ် သမ္မတ ရှီကျင့်ဖျင်က ခန့်အပ်လိုက်လို့ ဆိုတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ၁၇-လကြာ တာဝန်ထမ်းဆောင်ပြီးနောက် အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျင်ကန်ကို ၂၀၂၂ ဒီဇင်ဘာ ၃၀ မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ခဲ့တာဖြစ်တယ်။ ဒီအခင်းအကျင်းအရ တရုတ်နိုင်ငံအနေနဲ့ တရုတ်-အမရေိကန် ဆက်ဆံရေး အခန်းကဏ္ဍကို သဘောထားကျယ်ကျယပြန့်ပြန့်ထားပြီး ချစ်ကြည်ရင်းနှီးမှုအခြေခံနဲ့ တံခါးဖွင့် ဆက်ဆံသွားလိုတဲ့သဘောနဲ့ကျင်ကန်ကို နိုင်ငံခြားရေးဝန်ကြီး အသစ်အဖြစ် ခန့်အပ်လိုက်ပုံရတယ်လို့ သုံးသပ်ကြတယ်။ Qin Gang ကိုယ်၌ကလည်း တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်မှု တိုးတက်ဖွံ့ဖြိုးမှုအပေါ်မှာ ကမ္ဘာကြီးရဲ့အနာဂတ် တည်မှီနေတယ်လို့ယုံကြည်နေကြောင်း သိရတယ်။
၂၀၂၃ ဇန္နဝရီလ ၄ ရက်နေ့ထုတ် ‘၀ါရှင်တန်ပို့စ် သတင်းစာ’ မှာ ကျင်ကန် (Qin Gang)က ဆောင်းပါတပုဒ်ရေးခဲ့ပြီး ဆောင်းပါးမှာ - " ကျွန်တော် သံအမတ်တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း တရုတ်အမေရိကန်ဆက်ဆံရေးဟာ အရည်မရအဖတ်မရ အလဟဿ မဖြစ်စေရဘူးလို့ ထင်မြင်ယူဆခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံတခု အနိုင်ရ ကြွယ်ဝ ချမ်းသာစေဖို့အတွက် တခြားနိုင်ငံက ဆုံးရှုံးနစ်နာရတာမျိုး မဖြစ်စေချင်ဘူး။" လို့ ဖေါ်ပြထားတာတွေ့ရတယ်။
"အမေရိကန်ပြည်ထောင်စုအတွက်ရော တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက်ပါ ဖွံ့ဖြိုးတိုးတက်ကြွယ်ဝစေဖို့ ကမ္ဘာကြီးမှာ နေရာအကျယ်အဝန်း လုံလုံလောက်လောက်ရှိပါတယ်။" လို့ "The Planet's Future Depends on a Stable China-US Relationship" ဆိုတဲ့ သူ့ဆောင်းပါးမှာ ရေးသားတင်ပြထားတယ်။
သူ ၀ါရှင်တန်ကို ရောက်သွားခဲ့စဉ်က ‘တရုတ်-အမေရိကန်ဆက်ဆံရေး’ အလွန်ရှုပ်ထွေးတင်းမာနေချိန်ဖြစ်တယ်လို့ Qin Gang က ဆိုတယ်။ အပြန်အလှန် အမြင်ဖလှယ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဗျူဟာ ယန္တရား အစီအစဉ်တွေအားလုံး နီးပါး ပိတ်သိမ်းရပ်ဆိုင်းနေတဲ့ ကာလဖြစ်ပြီး၊ တရုတ်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကိုလည်း တဖက်သတ် ဒဏ်ခတ်ပိတ်ဆို့ ခံနေရချိန်ဖြစ်တယ်လို့ဆိုတယ်။
"အခြားတဖက်မှာ ကိုဗစ်ကပ်ရောဂါဘေးသင့်နေချိန်ဖြစ်တာကြောင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးကဏ္ဍကလည်း အကျဉ်းအကျပ်ထဲ ရောက်နေချိန်ဖြစ်တယ်။ ဒီ့အပြင် တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးတဲ့ ယှဉ်ပြိုင်ဘက် ဖြစ်တယ်လို့ ရံဖန်ရံခါ ကြေညာပြောဆိုခံနေရချိန်လည်းဖြစ်တယ်။” လို့လည်း သူ့ဆောင်းပါးမှာ ရေးထားတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က Qin Gang ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ "တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးတဲ့ ယှဉ်ပြိုင်ဘက် ဖြစ်တယ်" လို့ အမေရိကန်အစိုးရက ပြောခဲ့ရုံမက၊ “ရေရှည် ပထဝီဝင်ဆိုင်ရာ စိန်ခေါ်မှုဖြစ်တယ်” လို့လည်း ဆိုထားကြောင်း ပြောကြားခဲ့တယ်။ အဲဒီလို အမေရိကန်အစိုးရရဲ့ပြောကြားချက်ဟာ "အလွန်ကြီးမားတဲ့ မဟာဗျူဟာမြောက် အကောက်အယူလွဲမှားမှုဖြစ်ရုံမက ချွတ်ချော်လွဲမှားတဲ့ ဆုံးဖြတ်ချက်လည်းဖြစ် တယ်" လို့ Qin Gang က ဝေဖန်ထားတယ်။
"ကျွန်တော်တို့နှစ်နိုင်ငံရဲ့ အောင်မြင်မှုတွေဟာ အခွင့်အလမ်းတွေကို မျှဝေရယူခဲ့တာသာဖြစ်တယ်။ စိန်ခေါ်စမ်းသပ်ခံရမှု တွေကို နိုင်သူအကုန်ယူစတမ်း လုပ်ခဲ့ကြတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တဖက်စောင်းနင်းဘက်လိုက်မှု ဒါမှမဟုတ် မစ္ဆရိယစိတ်ထားမှုတွေကို လက်မခံမိဖို့လိုပါတယ်။ မစ္ဆေရိယစိတ်နဲ့ဘက်လိုက်တာမျိုး လုပ်မိရင် ကြီးမားတဲ့ ပြည်သူလူထု နှစ်ရပ်အကြား ပဋိပက္ခတွေ ပေါ်ပေါက်နိုင်ပြီး မီးလောင်ရာလေပင့် ဖြစ်ပါလိမ့်မယ်။" လို့ သူ့ဆောင်းပါးမှာ ရေးသားထားတာ တွေ့ရတယ်။
နိုင်ငံကြီး နှစ်ခုအနေနဲ့ သက်ဆိုင်ရာနိုင်ငံ သမ္မတများရဲ့ မဟာဗျူဟာ လမ်းညွှန်မှုတွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်။ ဒါမှသာ စည်ပင်သာယာဝပျောတဲ့ ကမ္ဘာကြီးဖြစ်ထွန်းစေမယ့် လမ်းကြောင်းအမှန်ကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်လို့ လည်း ‘ကျင်ကန်’ က ထပ်လောင်း ရေးထားပါတယ်။
‘ကျင်ကန်’ က သူ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခဲ့စဉ်က ပြန်ပြောင်းအောက်မေ့ဖွယ်ရာ မြင်ကွင်းတချို့ကိုလည်း ဖော်ပြထားတယ်လို့ဆိုတယ်။ အမေရိကန် ပြည်နယ် ၂၂ ခု အတွင်း လည်ပတ်ခဲ့စဉ်က သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ မျက်မြင်အခြေအနေတွေဟာ သူ နေထိုင်ခဲ့ရာ ၀ါရှင်တန်မြို့တော်အနေအထားနဲ့ မတူခြားနားပုံတွေကိုလည်း သူ့ဆောင်းပါးမှာ ဖော်ပြထားတယ်လို့ဆိုတယ်။
"နွေဦးပေါက်ရာသီမှာ ကျွန်တော် အိုင်အိုဝါပြည်နယ်က ကင်ဘာလေလယ်တောကို သွားရောက်လည်ပတ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်တုံးက သမ္မတကြီး ‘ရှီကျင့်ဖျင်’ သွားရောက်ခဲ့တဲ့ နေရာပေါ့။ ကျွန်တော်ကိုယ်တိုင် လယ်ထွန်စက် မောင်းကြည့်ခဲ့ပြီး အဲဒီ ဒေသထွက် အသီးအနှံတွေကို မြည်းစမ်းကြည့်ခွင့်ရခဲ့တယ်။ ဆောင်ဦးပေါက်ရာသီမှာ မစ်ဇူရီပြည်နယ်က ပဲစိုက်ခင်းနဲ့ ပြောင်းစိုက်ခင်းတွေကို သွားရောက် လေ့လာခဲ့တယ်။ အဲဒီစိုက်ခင်းပိုင်ရှင်တွေရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ဧည့်ဝတ်ကျေပွန်မှု တွေက ကျွန်တော့် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားစေခဲ့တာ သတိရနေမိတယ်လို့ Qin Gang က သူ့ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့တာ တွေ့ရတယ်။
မီနီယာပိုလစ်မြို့မှာရှိတဲ့ တရုတ်ဘာသာသင်တန်းကျောင်းတခုမှာ သူကိုယ်တိုင် တရုတ်စာသင်ကြားပို့ချပေးခဲ့ဖူးတာကိုလည်း ပြန်ပြောင်းသတိရစရာအဖြစ် ရေးသားဖော်ပြထားသေးတယ်။ ဘော့စတန်နဲ့ လောင်းဘိချ်ဆိပ်ကမ်းတွေမှာ တရုတ် ပြည်နဲ့အပြန်အလှန်ကူးသန်းသွားလာနေကြတဲ့ ကုန်သေတ္တာအစုအပုံကြီးတွေ အမြောက်အမြားကို ကြည့်ခဲ့ဖူးတာ သတိရ နေတယ်လို့ ‘ကျင်ကန်’ က ရေးသားထားသေးတယ်။ ဒီမြင်ကွင်းက တရုတ်-အမေရိကန် စီပွားရေးအရ အပြန်အလှန် အကြီးအကျယ် မှီခိုနေရတဲ့ အချက်အတွက် ထင်ရှားတဲ့သက်သေတခု ဖြစ်တယ်လို့ သူက ဆိုထားတယ်။ ဒါကြောင့် ဒီလို အပြန်အလှန် မှီခိုနေရတဲ့ အနေအထားကို ဖြိုခွဲပစ်လိုက်ခြင်းက ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘူးလို့ သူက ရေးသားထားတသးထယ်။
"ဒီအတွေ့အကြုံတွေက ကျွန်တော့်အဖို့တော့ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အရေးပါတဲ့ ပြန်ပြောင်းသတိရဖွယ်ရာတွေပါပဲ။ ဒီ အောက်မေ့စရာတွေကို ကျွန်တော့်နှလုံးသားထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။" လို့ Qin Gang က သူ့ဆောင်းပါးမှာ ရေးထားပါသေးတယ်။ "တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရေးဟာ ရှေ့သို့ ဆက်လက်လှမ်းချီရမယ့်ကိစ္စ ဖြစ်ပြီး ကျွန်တော့်ရဲ့ရာထူးအသစ်အတွက်လည်း ဒီကိစ္စဟာ အရေးကြီးတာဝန်တရပ်အဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။"
ဒါ့အပြင် သူက အခုလို ဆက်ပြီး ရေးခဲ့သေးတယ်။ တရုတ်ဈေးကွက်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် အသိုက်အဝန်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒပြင်းပြထက်သန်မှုတွေကြောင့် သူ့အနေနဲ့အလွန်အားတက်မိတယ်လို့ Qin Gang က ဆိုတယ်။
ဇန်ဝါရီ ၃ ရက်နေ့က သူ့ရဲ့ တရားဝင် တွစ်တာလူမှုကွန်ယက်စာမျက်နှာကနေ အမေရိကန်ပြည်သူတွေကို နှုတ်ဆက်စာ လွှာရေးသား ခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ Qin Gang က သူ့အနေနဲ့ "တရုတ်-အမေရီကန်ဆက်ဆံရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးရေးကို လိုလားထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးကိုလည်း အားပေးထောက်ခံကြောင်း" ဖော်ပြထားတယ်။
သူ အမေရိကန်ပြည်ထောင်စုမှာ သံအမတ်ကြီးတာဝန် ထမ်းဆောင်နေခဲ့စဉ်အတောအတွင်း ကွန်ဂရက်လွှတ်တော် အမတ် (၈၀)ကျော်နဲ့ တွေ့ဆုံခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ သဘောထားရပ်တည်ချက်နဲ့ စိုးရိမ်ပူပန်ချက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုတယ်။ တချိန်တည်းမှာ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေကိုလည်း ကြားနာခဲ့တယ်လို့ ဆိုတယ်။
သူ ဘေဂျင်းကို ပြန်လည် မထွက်ခွာမီ The National Interest စာစောင်မှာ ဆောင်းပါးတပုဒ် ရေးသားခဲ့သေးတယ်။ အဲဒီ ဆောင်းပါးမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အနေနဲ့ တဦးရဲ့စကားကို တဦး အပြန်အလှန် လေးစားနားထောင်သင့်တယ်။ နားထောင်နိုင်ဖို့ လိုတယ်။ ဒီနည်းအားဖြင့် နိုင်ငံနှစ်ခုအကြား ကွာဟနေနေတဲ့ အမြင်သဘောထားတွေကို လျှော့ချနိုင်မှာဖြစ်တယ်။ အပြန်အလှန်ယုံကြည်လေးစားမှု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု စတဲ့အချက်တွေအပေါ်အခြေခံပြီး သင့်သင့်မြတ်မြတ်နေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်တယ်လို့ ရေးသားခဲ့တာ တွေ့ရတယ်။
ဒါပေမဲ့လည်း ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူတွေကို ထောက်ပံ့ကူညီရေးအတွက် အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြု လက်မှတ် ရေးထိုးခဲ့တဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့တာ တွေ့ရတယ်။ NDAA အက်ဥပဒေဟာ ထိုင်ဝမ်ရေလက်ကြားတလျှောက် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပြင်းထန်စွာ ထိခိုက်စေမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိပ်အပိုင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ပြည်ပနိုင်ငံတခုခုက ဝင်ရောက် စွက်ဖက်တာကို သည်းခံမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်။ ဒီလို စွက်ဖက်လာရင် တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ ရန်စမှုအဖြစ် ယူဆမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုတယ်။ အမေရိကန် အစိုးရအနေနဲ့ NDAA ဥပဒေထဲက တရုတ်နဲ့ပတ်သက်ပြီး အနုတ်သဘောဆောင်တဲ့ ပုဒ်မတွေကို အကောင်အထည် မဖော်ဖို့ ကန့်ကွက်ထားတယ်။ တရုတ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ၊ နယ်မြေလုံခြုံရေးနဲ့ နိုင်ငံ့စီးပွားတိုးတက်ရေးတို့ကို ကာကွယ်ဖို့ ခိုင်မာပြတ်သားတဲ့ အစီအမံတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုတယ်။
ဒီအခင်းအကျင်းအရ တရုတ် နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်လာသူ Qin Gang က "တရုတ်-အမေရီကန်ဆက်ဆံရေး တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမယ်လို့ဆိုသော်လည်း သမ္မတ ရှီကျင့်ဖျင်ရဲ့ တင်းမာတဲ့ နိုင်ငံခြားရေးပေါ်လစီအရ နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေး ဖြစ်နိုင်ဖို့ အလားအလာနည်းကြောင်း နိုင်ငံရေးအကဲခတ်တွေက ယူဆကြတယ်။
ယခု ဇန်ဝါရီ ၅ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို အမေရိကန် စစ်ရေယာဉ်တစင်း ဖြတ်သန်းခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ပြင်ပြင်းထန်ကန့်ကွက်ခဲ့တာ တွေ့ရတယ်။ မကြာမီနှစ်တွေအတွင်း ဘေဂျင်းက ကန့်ကွက်နေသည့်တိုင် ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာပိုင်နက် ရေပြင်ဖြစ် တယ်လို့ အမေရိကန်က တစိုက်မတ်မတ် ပြောဆိုခဲ့ပြီး နှစ်စဉ် အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာနေခဲ့တယ်။ အမေရိကန် အမှတ်(၇)ရေတပ်က ၂၀၂၃ ဇန္နဝါရီ ၅ ရက်နေ့မှာ ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ရာမှာ “အမေရိကန် စစ်ဖက်ဆိုင်ရာအဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေက ခွင့်ပြုထားသော မည်သည့်နေရာဒေသတွင်မဆို လေကြောင်း၊ ရေကြောင်း ဖြတ်သန်းသွားလာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။(RFA)
ဒါကြောင့် တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စနဲ့ ထိုင်ဝမ်ပြဿနာအရေးတို့ကြောင့် တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးဟာ နိုင်ငံခြားရေးဝန်ကြီးအသစ် Qin Gang မျှော်မှန်းသလို အပြန်အလှန် ယုံကြည်လေးစားမှု ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု နှစ်ဦးနှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စတဲ့အချက်တွေအပေါ် အခြေခံပြီး သင့်သင့်မြတ်မြတ်နေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar