၁၅ နှစ်အတွင်း ဒုတိယမြောက် အဆိုးဆုံးကျရောက်မည့် သဘာဝဘေးအန္တရာယ်
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၃ မြင်ကွင်း
(မိုးမခ) မေ ၁၄၊ ၂၀၂၃
၁၅ နှစ်အတွင်း ဒုတိယမြောက် အဆိုးဆုံးကျရောက်မည့် သဘာဝဘေးအန္တရာယ်
ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် ဖေ့စ်ဘွတ်ရဲ့ ဝေါလ်တွေမှာ တက်လာနေတဲ့ မုန်တိုင်းမိုခါ နဲ့ ပတ်သက်သည့် နောက်ဆုံးအခြေအနေကို စောင့်ကြည့်နေမိသည်။ စစ်တွေတွင် နေထိုင်သည့် အသိမိတ်ဆွေတချို့ရဲ့ ရေးတင်ကြသည့် မုန်တိုင်းနောက်ဆုံး အခြေအနေ၊ ရခိုင်ပြည်နယ် အခြားဒေသတွေ ဖြစ်သည့် ကျောက်ဖြူ၊ သံတွဲ၊ ဂွတို့ဘက်က အခြေအနေ စသည့် နောက်ဆုံးပြောင်းလဲနေသည့် မုန်တိုင်းရဲ့ အခြေအနေကို သိချင်စိတ်က မိနစ်နဲ့အမျှ နာရီနှင့်အမျှ ဖြစ်ပေါ်နေသည်။
ကုန်ဆုံးသွားသည့် ဒီနေ့ မေလ ၁၃ ရက်နေ့တနေ့တာ သတင်းတွေမှာတော့ စစ်တွေ နှင့်အခြားသော ရခိုင်မြောက်ပိုင်းမှာ နေထိုင်သူတွေ၏ ရွှေ့ပြောင်းမှုသတင်းတွေအများစုက ဆိုရှယ်မီဒီယာမှာ သတင်းဌာနသတင်းတွေမှာ ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ စုစုပေါင်း လူဦးရေ ဘယ်လောက်မှာ ဘယ်လောက်ရာနှုန်း ရွှေ့ပြောင်းနိုင်ကြသလဲ ဆိုသည့် ကိန်းဂဏန်းတွေ ရှင်းရှင်းလင်းလင်း မရှိ။ ရက္ခိုင့်တပ်တော် အေအေက ၄င်းတို့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိသည့်ဒေသများတွင် ၄င်းတို့ ကူညီပေးသော၊ စာရင်းမှတ်တမ်းတင်သော ကိန်းဂဏန်း တခုက ၁ သိန်းစွန်းစွန်း ဖြစ်သည်ကိုတွေ့ရသည်။ စစ်ကောင်စီက အန္တရာယ် ကျရောက်နိုင်သည့် နေရာများတွင် နေထိုင်သူများကို ရွှေ့ပြောင်းမှုအတွက် အကူအညီပေးသည့် သတင်းတချို့တွေ့ရသော်လည်း မည်ရွှေ့မည်မျှ ရွှေ့ပြောင်းသည် မည်သည့်နေရာများသို့ ရွှေ့ပြောင်းသည်ဆိုသည့် အချက်အလက်တခုမျှ မပါရှိ။ စစ်ကောင်စီကလည်း မုန်တိုင်းအန္တရာယ်ကာကွယ်ရေး ရွှေ့ပြောင်းရေးတွေ လုပ်နေသည် ဆိုသည့်ပြစရာရှိဖို့ရာအတွက် စစ်တွေမြို့ အချို့နေရာကို ပြည်နယ် ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူးတို့ သွားရောက်ပြီး သတင်းဓာတ်ပုံရိုက်ခံကြသည့် သဘောမျိုးလောက်သာ တွေ့ရသည်။
မုန်တိုင်း မကျရောက်မီ မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ လူထုထံ ရှင်းလင်း ပြည့်စုံစွာအသိပေးရေး၊ ကြိုတင်ကာကွယ်ရေးတွေကို ထိရောက်စွာ မလုပ်နိုင်သည့် အနေအထားဟု ဆိုရမည် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မြို့နှင့် ကျေးလက်ဒေသမှ လူထုတွေအနေဖြင့် စစ်ကောင်စီအပေါ် ယုံကြည်မှု၊ အားကိုးမှုလည်း မရှိခြင်း၊ စစ်ကောင်စီကိုယ်၌ကလည်း ပြီးခဲ့သည့် ၇ နှစ် ၈ နှစ်ခန့်အတွင်း ရခိုင်ပြည်နယ်တွင် လူထုဆန့်ကျင်ရေး လုပ်ဆောင်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နေအိမ် ကျေးရွာများ မီးရှို့ဖျက်ဆီးမှုအစရှိသည့် ကျူးလွန်မှုများ ကျူးလွန်ခဲ့သည့် လက်နက်ကိုင် တပ်ဖြစ်နေသဖြင့် ရခိုင်ပြည်နယ် လူထုနှင့် အစေးမကပ်သည့် လက်နက်ကိုင်တပ်က ကူညီကယ်ဆယ်ရေး လုပ်ကိုင်မည့် ဆိုသည်ကို ယုံကြည်မှုရဖို့ ခဲယဥ်းလှသည်။
နိုင်ငံတကာတွင် အချို့သော လက်နက်ကိုင် ပဋိပက္ခတွေ လက်နက်ကိုင် ယှဥ်ပြိုင်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်တပ်တွေ၊ သူပုန်နှင့်အစိုးရတပ်တွေ သဘာဝဘေးအန္တရာယ်ကျရောက်ချိန် ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေး အတူလုပ်ဆောင်ကြပြီး လက်နက်ကိုင် ပဋိပက္ခပြေငြိမ်းသွားခဲ့ဖူးသည့် သာဓက အချို့ရှိခဲ့သည်။ ဒေသအားဖြင့်ရော အချိန်ကာလအားဖြင့်ပါ အနီးဆုံးအဖြစ်အပျက် တရပ်မှာ ၂၀၀၄ ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသက လက်နက်ကိုင် ပဋိပက္ခမှာ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ကယ်ဆယ်ရေး ကူညီရေး ကိစ္စရပ်များကို လုပ်ဆောင်ရင်း အာချေးသူပုန်များနှင့် အင်ဒိုနီးရှား အစိုးရ၊ လက်နက်ကိုင် တပ်ဖွဲ့အကြား ပဋိပက္ခပြေငြိမ်းသွားခဲ့ပြီး သဘာဝဘေးအန္တရာယ်က နိုင်ငံရေး၊ စစ်ရေး ပြဿနာကို အဖြေရဖို့ အထောက်အကူပြုခဲ့သည့် သာဓက ဖြစ်သည်။
မြန်မာနိုင်ငံက အဆိုပါ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က အဖြစ်မျိုး၊ သဘာဝဘေးအန္တရာယ်ကိုအကြောင်းပြုပြီး ငြိမ်းချမ်းရေး အဖြေရသွားသည့် အဖြစ်မျိုး ဖြစ်နိုင်စရာ အလားအလာ နည်းပါးလှသည်။ လက်ရှိ မိုခါ မုန်တိုင်း အဆိုးရွားဆုံး ကျရောက်မည့် ဒေသသည် ၂၀၁၈၊ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း AA နှင့် စစ်တပ်အကြား လက်နက်ကိုင် ပဋိပက္ခ အကြီးအကျယ်ဖြစ်ပွားခဲ့သည့် ဒေသ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ၊ စစ်ကောင်စီ၏ ဖြတ် ၄ ဖြတ်စီမံချက်၊ သံသယရှိသူများ ဖမ်းဆီး၊ ရိုက်နှက် သတ်ဖြတ်မှု အများအပြားဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။ လက်ရှိအချိန်တွင် နှုတ်ကတိဖြင့် အပစ်ရပ်ထားကြသည့်ကာလ ဖြစ်သည်။
မိုခါမုန်တိုင်း ကုန်းတွင်းဝင်ရောက်ခဲ့လျှင် ရခိုင်ပြည်နယ်ပြီးလျင် ဒုတိယမြောက် ကုန်းတွင်းမုန်တိုင်း ဒဏ်ခံစားရမည့် ဒေသသည် ချင်းပြည်နယ်နှင့် မကွေးတိုင်း မြောက်ပိုင်းတို့ ဖြစ်သည်။ ချင်းပြည်နယ်သည် စစ်ကောင်စီတပ် ယာဥ်တန်းကို လမ်းခရီးတွင် ဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နေအိမ်မီးရှို့တာတွေ သတ်ဖြတ်မှုတွေ ကျူးလွန်သည့် ဒေသဖြစ်ပြီး၊ မကွေးတိုင်း မြောက်ပိုင်းသည်လည်း စစ်ကောင်စီနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည့်ဒေသ ဖြစ်သည်။
ရခိုင်ပြည်နယ် ပြီးလျှင် ကုန်းတွင်းမုန်တိုင်း အဖြစ်ခံကြရမည့် အဆိုပါဒေသများတွင် ကယ်ဆယ်ရေး ကူညီရေးတွေကို မည်သို့မည်ပုံ လုပ်ဆောင်ကြရမည်ကို အခုချိန်တွင် မည်သူမျှ ခန့်မှန်းပြောဆိုနိုင်မည် မဟုတ်ပေ။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကျရောက်ချိန်ထက်စာလျှင် ဆက်သွယ်ရေး နည်းပညာတွေ ပလက်ဖောင်းတွေ လက်လှမ်းမီမှုတွေက အားသာချက်ဖြစ်ပြီး မည်သည့်နေရာမဆို သတင်းအချက်အလက် ရောက်ရှိနိုင် ပြန်လည်ပေးပို့နိုင်သည့် အခြေအနေက နာဂစ်ကာလထက် အပြတ်အသတ်သာလွန်နေပြီး စိတ်မကောင်းစရာ အချက်က သဘာဝဘေးအန္တရာယ် ကျရောက်ချိန်၊ ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန်မှာ နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်နေသည့် လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar