Breaking News

မောင်လူပေ - ဩစတေးလျှတောမီး ကမ္ဘာပျက်သလို ကောင်းကင်တခုလုံး သွေးချင်းချင်းနီ



မောင်လူပေ - ဩစတေးလျှတောမီး ကမ္ဘာပျက်သလို ကောင်းကင်တခုလုံး သွေးချင်းချင်းနီ

(မိုုုုုုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၀



ဩစတေးလျှနိုင်ငံ အရှေ့ဖက်ကမ်းခြေမှာ လောင်နေတဲ့တောမီးကြီးကြောင့်မိုးကောင်းကင်ဟာ နေ့ဖက်မှာ မင်နက်ရောင်ဖြစ်၊ ညဘက်ဆို သွေးနီရောင်ပြောင်းခဲ့ရတယ်။အရေးပေါ်ကားတွေရဲ့ ဥဩဆွဲသံတွေ၊ ဓါတ်ငွေ့လိုင်းတွေရဲ့ ပေါက်ကွဲသံတွေကလည်း ဆူညံလို့။ ထောင်နဲ့ချီတဲ့ လူတွေဟာ ပြေးစရာနေရာမရှိတော့တဲ့နောက်မှာ အိမ်တွေကိုစွန့်ခွာပြီး ပင်လယ်ကမ်းခြေဘက်ကို ထွက်ပြေးခဲ့ကြရတယ်။

ကမ္ဘာပျက်မဲ့အချိန်မှာ မြင်တွေ့ရမဲ့ မြင်ကွင်းတွေကတော့ ဩစတေးလျှနိုင်ငံအရှေ့ဖက်ခြမ်း ဆစ်ဒနီမြို့နဲ့ မဲလ်ဘုန်းမြို့ကြားရှိ မယ်လာကိုတာ Mallacoota အပန်းဖြေစခန်းမြို့လေးမှာပါ။ ဩစတေးလျှနိုင်ငံရဲ့ ဆယ်စုနှစ်များအတွင်း အပူပြင်းဆုံးဆုံးစံချိန်တင်ခဲ့သော နေ့များရဲ့ နောက်ဆုံးရက်တွေလည်း ဖြစ်ပါတယ်။



နွေရာသီလများက မဆုံးနိုင်သေး၊ အဆိုးဝါးဆုံး မီးလောင်တတ်တဲ့ရာသီ၊ အပူချိန်ကစံချိန်တင်၊ လေကပြင်းထန်၊ မိုးခေါင်နေတာက ကြာလာ၊ ဒါတွေပေါင်းဆုံမိတဲ့အခါတိုင်းပြည်အနှံ့မှာ တောမီးတွေ အများအပြားလောင်မြိုက်ခဲ့ရတယ်။ အစိုးရကလည်း ရေတပ်သင်္ဘောတွေနဲ့ ဟယ်လီကော်ပတာတွေကို မီးသတ်ဖို့နဲ့ ပြည်သူတွေကိုကူညီဖို့ စေလွှတ်ပေးခဲ့တယ်။

မီးလောင်ပျက်စီးမှုက ကြောက်စရာ။ ဆစ်ဒနီမြို့ပါဝင်တဲ့ နယူးဆောင့်ဝေးလ် New South Wales ပြည်နယ်တစ်ခုထဲမှာတင်ပဲ မြေဧက(၉)သန်းကျော် မီးလောင်ခံခဲ့ရပြီဖြစ်ပြီး အိမ်ခြေ(၉၀၀)ကျော် ဆုံးရှုံးခဲ့ရပြီဖြစ်တယ်။ တစ်ပြည်နယ်လုံးမှာတောမီးလောင်နေတဲ့နေရာပေါင်း တစ်ရာကျော်ရှိခဲ့ပြီ။ ကပ်လျှက်ဖြစ်တဲ့ ဗစ်တိုးရီးယားပြည်နယ်ထဲမှာလည်း တောမီးပေါင်း သုံးဒါဇင်ကျော် ကူးစက်လောင်ကြွမ်းနေသေးတယ်။ လူ(၁၅)ဦးပျောက်ဆုံးခဲ့ပြီး လူ(၈)ဦးကတော့ သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီ။

ဩစတေးလျှနိုင်ငံဟာ နွေရာသီမှာ ပူပြင်းချောက်သွေ့တာ သဘာဝပေမဲ့ ရာသီဥတုပြောင်းလည်းဖေါက်ပြန်မှုကြောင့် အပူလွန်ကဲမှုက အချိန်ပိုကြာလာပြီး အခြေအနေတွေ ပိုဆိုးတယ်။ မြက်ပင်သစ်ပင်တွေ ပိုခြောက်သွေ့ပြီး မီးလောင်ဖို့ ပိုလွယ်လာတယ်။ နိုင်ငံသမိုင်းမှာ အခြောက်သွေ့ဆုံးနွေဦးရာသီအဖြစ် စံချိန်တင်ခဲ့တယ်။ ဒီဇင်ဘာလအလယ်ပိုင်းမှာ ပျမ်းမျှအပူချိန် (၄၁.၉)စင်တီဂရိတ်၊ (၁၀၇.၄)ဖာရင်ဟိုက်အထိ အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့တယ်။



လေ့လာမှုစစ်တမ်းတွေအရ ဩစတေလျှနိုင်ငံသား အများစုကတော့ ရာသီဥတုပြောင်းလည်းဖေါက်ပြန်မှုကို အရေးကြီးတဲ့ ခြိမ်းချောက်ခံရမှုအဖြစ် ရှုမြင်သုံးသပ်ကြပြီး အစိုးရရဲ့ ပြင်းထန်သော အရေးယူဆောင်ရွက်မှုတွေမြင်လိုကြတယ်။ တောမီးအကြီးအကျယ်လောင်ကြွမ်းမှုကြောင့် အစိုးရရဲ့ လေထုအတွင်း ကာဘွန်လျှော့ချမှုလုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းကို ပိုပြီးမီးမောင်းထိုးလိုက်သလို ဖြစ်စေတယ်။ လေထုထဲမှာ ကာဘွန်တွေပိတ်မိနေတဲ့အတွက် အပူလွန်ကဲပြီး ကမ္ဘာကြီးပူနွေးလာစေတယ်။

ရှေးရိုးစွဲဝါဒီ ဝန်ကြီးချုပ် စကော့ မောရစ်ဆန် ကတော့ တိုင်းပြည်မှာ တောမီးတွေဝိုင်းနေသည့်တိုင်အောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအတွက် ဆွေးနွေးတိုင်ပင်ကြဖို့အချိန်မတန်သေးဘူးလို့သာ ငြင်းဆိုလျှက် ရှိတယ်။ " ဒီလို သဘာဝဘေးအန်တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပြီးဖြစ်တယ်၊ ကျော်လွှားကြမယ်၊ ပြန်တည်ဆောက်မယ်၊အင်အားရှိတယ်။" လို့သာ နှစ်သစ်မကူးမီ မိန့်ခွန်းမှာ ပြောဆိုခဲ့တယ်။



ဩစတေးလျှမှာ သဘာဝပတ်ဝန်းကျင်အတွက် တက်ကြွလှုပ်ရှားသူတွေ အခုလပိုင်းများအတွင်း ပိုလို့များပြားလာခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့တောင်းဆိုနေသူ တက်ကြွလှုပ်ရှားသူတွေကို အစိုးရက အရေးယူဖို့အထိ ဝန်ကြီးချုပ်က ပြောခဲ့ဖူးတယ်။ နိုင်ငံအနှံ့ တောမီးလောင်နေချိန်မှာ ဟာဝါယီကျွန်းဆီ အပန်းဖြေခရီး ထွက်ခဲ့တယ်။ လုပ်အားပေးမီးသတ်သမား(၂)ဦး သေဆုံးခဲ့မှသာ ခရီးစဉ်ဖျက်ပစ်ပြီး ပြန်လာခဲ့တာဖြစ်တယ်။

လုပ်အားပေးမီးသတ်သမားတွေ သေဆုံးခဲ့မှုကြောင့် မေးခွန်းထုတ်စရာတွေများလာခဲ့တယ်။ တချို့နေရာတွေမှာ တရက်(၁၂)နာရီကျော် လုပ်အားပေးရပြီး ထောင်နဲ့ချီတဲ့လုပ်အားပေး မီးသတ်သမားတွေ လုပ်ဆောင်နေတဲ့ ဒီအလုပ်ကို လူခေါ်လို့မရတဲ့အထိဖြစ်လာတော့မှ နေ့စားလုပ်ခသတ်မှတ်ပြီးပေးပါမယ်လို့ ဝန်ကြီးချုပ်က ကြေညာခဲ့ရတယ်။ (စာဖြည့် - သူတို့ဆီမှာ အချိန်ပြည့်မီးသတ်အင်အားမထားဘူးတဲ့။ လုပ်အားပေးနဲ့ အချိန်ပိုင်းမီးသတ်ဝန်ထမ်းပဲ ထားသတဲ့။ အခု အသေအပျောက်တွေက လုပ်အားပေးတွေချည်း ဖြစ်ကုန်တာပေါ့။ နေရှင်နယ်ဆားဗစ်လို့ခေါ်တဲ့ အရန်စစ်သားတွေကို ဆင့်ပြီး မီးငြိမ်းနေကြတယ် ဆိုပါတယ်။)



တောမီးရဲ့ မီးခိုးလုံးကြီးတွေဟာ မိုင်ထောင့်သုံးရာကျော်ဝေးတဲ့ နယူးဇီလန်နိုင်ငံအထိရောက်ရှိနေကြပါတယ်။ ထောင်ချီတဲ့ပြည်သူတွေကတော့ မီးရှောင်စခန်းတွေရောက်နေကြပြီ။ စစ်တပ်ရဲ့လေယာဉ်၊ သင်္ဘောတွေနဲ့ မီးငြိမ်းသတ်နေကြသလို ကနေဒါနဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့ မီးသတ်အကူအညီတွေပါ ယူနေကြရတယ်။ မိုင်နှစ်ရာပတ်လည် မီးလောင်ပြင်မှာ လျှပ်စစ်မီး၊ အင်တာနက်၊ ဆက်သွယ်ရေးတွေ ပြတ်တောက်နေကြတယ်။

မြို့တော် ဆစ်ဒနီမှာလည်း တောမီးရဲ့မီးခိုးငွေ့တွေကြောင့် နေကမှုန်မှိုင်းလျှက်ရှိတာရက်အတော်ကြာနေပြီ။ နာမည်ကျော် နှစ်သစ်ကူးညမီးပုံပွဲကိုတော့ ဖျက်ပစ်ဖို့ငြင်းဆန်ပြီး ကျင်းပခဲ့တယ်။ ဆစ်ဒနီမြို့ အနောက်ဖက်ပိုင်းအထိ မီးစတချို့ရောက်သွားပြီး လောင်ကျွမ်းခဲ့တဲ့အတွက် အိမ်အချို့ဟာ မီးဘေးသင့်ဖို့ ခြိမ်းချောက်ခံခဲ့ကြရတယ်။



တောမီးက အရမ်းပြင်းထန်တဲ့အခါ မီးလောင်ပြင်မှာ သီးခြားရာသီတစ်ခုလို ဖြစ်ခဲ့ရပြီး မီးမုန်တိုင်းကြီးဖြစ်လာရတယ်။ မမျှော်လင့်တဲ့ ဒီမီးမုန်တိုင်းကြောင့် ဆယ်တန်ကျော်လေးတဲ့ မီးသတ်ကားတောင် ပက်လက်လန်သွားတဲ့အထိဖြစ်ခဲ့ပြီး မီးသတ်သမားတွေ အသက်ဆုံးခဲ့တာ ဖြစ်တယ်။ တောမီးကြောင့် ပြေးစရာမရှိတော့သူ ပြည်သူအချို့ကတော့ လှေသင်္ဘောတွေပေါ်တက်ပြီး ပင်လယ်ပြင်ထဲ ထွက်ခွာခဲ့ကြရပါတယ်။



"ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။ မီးခိုးတွေမဲနက်ပြီး မှောင်နေရော။ အသက်ရှုမဝတော့လို့ နှာခေါင်းဖုံးတတ်ထားရတယ်။"

" မီးလောင်ရင် ဘာလုပ်ရမယ်ဆိုတဲ့ စီမံကိန်းသာကြိုမလုပ်ထားရင် ဒီထက်ပိုပြီး စိတ်လှုပ်ရှားကြောက်မိတယ်ထင်တယ်။"

"အားလုံးကုန်ပြီ။ အိမ်တွေဆုံး၊ လယ်ယာတွေဆုံး၊ အသက်တွေဆုံး အထိ ဖြစ်ကုန်ကြပြီ။"

"ဒီလိုအဖြစ်တွေပြနေတာတောင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုပိုလုပ်ဖို့ မဖြစ်နိုင်သေးဖူးဆိုရင် ဘာလုပ်ရမှာလည်း ဘာမှမပြောနိုင်တော့ဘူး။" စတာတွေကတော့ သူတို့နိုင်ငံသားတွေရဲ့ ပြောစကားတွေပါပဲ။

နယူးယော့ခ်တိုင်းပါ ဆောင်းပါးကို သင့်လျှော်အောင် ပြန်လည်ရေးသားပါတယ်။မူရင်းဖတ်ဖို့

https://www.nytimes.com/2019/12/31/world/australia/fires-red-skies-Mallacoota.html