Breaking News

ဖိုးသံ(လူထု) - ကိုလေးမောင်အတွက် အမှာ

ဖိုးသံ(လူထု) - ကိုလေးမောင်အတွက် အမှာ

(မိုးမခ) မတ် ၉ ၊ ၂၀၂၃


ကိုလေးမောင်ရဲ့ ကဗျာစာအုပ်အတွက် (အဲဒီစာအုပ် မထုတ်ဖြစ်ပါ) အမှာရေးပါလို့ ဆိုလာတော့ ခေါင်းတခေါင်းလုံး ချာချာလည်ပြီး ရင်ထဲမှာလည်း လှိုင်းတွေထသွားပါတယ်။ စိတ်ကိုတည်ငြိမ်အောင် ပြန်လုပ်ပြီးတော့ ရေးခိုင်းသူကို ကျေးဇူးတင်စကားတွေ ပြောရင်း ကိုယ့်မှာ ဝမ်းနည်းစိတ်တွေ လွှမ်းနေတယ်ဆိုတာကို သတိပြုမိပါတယ်။ ပြန်သတိရမိတဲ့ အတိတ်က ကွာလှမ်းပေမယ့် ခံစားမှုတွေက တယ်လည်း နက်ရှိုင်းတာကိုး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း၆ခု၊ ၇ခုကအဖြစ်အပျက်တွေကို မနေ့တနေ့ကလို ပြန်တွေးတောရမှာပါလား။ တပါတည်းမှာ အဲဒီတုန်းက ဝမ်းသာစရာ၊ အားတက်စရာတွေဟာ အခုတော့ ဝမ်းနည်းစရာတွေ ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။

တကယ်တော့ ကိုလေးမောင်ရဲ့ စာအုပ်မှာ အမှာစာ ရေးခွင့်ရတယ်ဆိုတာ ရတောင့်ရခဲ ဧရာမဂုဏ်ကြီးတခုပါ။ ဒါပေမဲ့ တဆက်တည်းမှာပဲ ငါက သူ့အကြောင်း ကောင်းတာတွေပဲသိတာ၊ အကောင်းချည်းရေးလိုက်ရင် အကြောင်းသိတဲ့လူတွေက “ဒီကောင် ရေးတာ၊ ဒီလိုပဲရေးတော့မပေါ့”လို့မှတ်ချက်ပြုကြမှာကိုလည်း တွေးလိုက်မိပါတယ်။  

အခုပြန်ထုတ်တဲ့ သူ့ကဗျာတွေကို ဖတ်ရတော့ ၁၉၆၂-၃ လောက်တုန်းဆီက ထုတ်ဖို့ပြင်ဆင်ခဲ့တဲ့ သူ့ရဲ့ “နွေဦးချောင်းနဲ့ ပန်းလောင်းလှေ” ဆိုတဲ့ ကဗျာစာအုပ်ကို သတိရမိပါတယ်။ အဲဒီတုန်းက  မန္တလေးဆိုင်းတန်း၊ ၂၆ အာဇာနည်လမ်းပေါ်က တက်နေလင်းစာပုံနှိပ်တိုက်မှာ ရိုက်ခဲ့ပြီး စာဖောင်တွေကောက်၊ စာအုပ်ချုပ်ဖို့ ပြင်နေတုန်းမှာပဲ ပုံနှိပ်စက်အပါ ရိုက်ထားသမျှ အကုန်မီးလောင်သွားတာနဲ့ မထုတ်လိုက်တာကို အသေအချာ မှတ်မိနေပါတယ်။ အဲဒီပြင်ဆင်နေတုန်းကာလမှာ သူနဲ့ ကျွန်တော် အတော်ကို ရင်းနေပြီမို့ မကြာခဏ ပုံနှိပ်စက်ကို အတူသွားခဲ့တာတွေကိုလည်း မှတ်မိနေပါတယ်။

ကျွန်တော်က ၁၉၆၁ ခုနှစ် တက္ကသိုလ်ရောက်မှ သူနဲ့ သိတာပါ။ သူက အရင် ၃-၄ နှစ်စောပြီးရောက်နှင့်နေတာပါ။ အခုကဗျာတွေထဲမှာ ၁၉၅၉ ခုနှစ်က သူ ရေးခဲ့တာတွေတောင် ပါလေတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မကြံအပ်မစည်ရာတွေများ လုပ်နေမိသလားလို့ တွေးပြီးလန့်သလိုလိုလည်းဖြစ်မိပါတယ်။

ကျနော်နဲ့ ကိုလေးမောင်နဲ့ ရင်းနှီးလာတဲ့အခါကျတော့ တက္ကသိုလ်ပရဝဏ်တွေမှာ သမဂ္ဂ အဆောက်အဦတွေ ဖျက်သိမ်းခံရ၊ သမဂ္ဂခေါင်းဆောင်တွေ အဖမ်းခံရ၊ ပြေးသူပြေး၊ ပုန်းသူ ပုန်းကြရတဲ့ကာလပါ။ ၇ ရက် ဇူလိုင် ကျောင်းသားသတ်ပွဲကြီးလုပ်ပြီးလို့ သမဂ္ဂ-ကျောင်းသား ညီညွတ်ရေးတပ်ဦး စတာတွေနဲ့ ပတ်သက်ခဲ့တဲ့လူတွေ ကျန်ကောင်းလို့ကျန်တဲ့၊ ခပ်လျှိုးလျှိုး နေရတဲ့ကာလလို့ဆိုရင် မမှားပါဘူး။ ကိုယ်ချင်းစကားပြောရင် တိုးတိုးပြောရတဲ့ကာလတွေပါ။ ဒီလိုနဲ့ ၁၉၆၆ ခုနှစ်မှာ အမှုတွဲတခုထဲအဖြစ် အဖမ်းခံကြရပြီး မန္တလေးထောင်ထဲက တိုက်နံပါတ် (၁) ကို အတူရောက်သွားကြပါတယ်။ တခန်းခြား ထင်ပါတယ်။

ကျွန်တော်တဦးချင်းအနေနဲ့ပြောရရင် ထောင်ထဲကို ရောက်သွားတာဟာ ကျွန်တော့်ဘဝရဲ့တကယ့်အလှည့်အပြောင်းကြီးပါ။ နဂိုက ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စလောက် လုပ်မယ်လို့ စိတ်ထဲ ပိုင်းဖြတ်ထားသူဟာ အဲဒီထောင် ဆိုတဲ့ ပတ်ဝန်းကျင်နဲ့ ကိုလေးမောင်လို လူတွေရဲ့ ဆွေးနွေးထောက်ပြမှုတို့ကြောင့် လူတန်းစား တော်လှန်ရေးလမ်းကြောင်းပေါ် လျှောက်ဖို့ ပိုင်းဖြတ်ဖြစ်သွားတာပါ။ အဲဒီအကွေ့အချိုးမှာ ကျွန်တော့်ကို ဦးဆောင်လမ်းပြခဲ့တာဟာ ကိုလေးမောင်တယောက်တည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုလေးမောင်ဟာ အဓိကကျတယ်ဆိုတာကိုတော့ ကျွန်တော် မပြောမဖြစ် ပြောရပါလိမ့်မယ်။ ဟုတ်ပါတယ်၊ အဲဒီ ပုဆိုးကို တိုတိုဝတ်၊ အင်္ကျီရင်ဘတ်ပြဲနဲ့ ဆေးလိပ်တိုခဲနေလေ့ရှိတဲ့ အင်မတန်ရိုးတဲ့ အသား မည်းမည်း အညာသားတယောက်ရဲ့ ရိုးရှင်းတဲ့စကားတွေအရ ကျွန်တော် ပြောင်းလဲသွားတာပါ။ ကျွန်တော့်အထင် သူကိုယ်တိုင်လည်း အဲဒီထောင်ထဲကိုရောက်သွားပြီးနောက် အရင် နွေဦးချောင်းနဲ့ပန်းလောင်းလှေ”ထဲက ကဗျာမျိုးတွေ မရေးတော့ဘူးလို့ ထင်ပါတယ်။ ထောင်ထဲကို မရောက်ခင်တုန်းက ကျွန်တော် သူ့အပေါ်  ဒါလောက် နားမလည်ခဲ့တာကိုလည်း ဝန်ခံချင်ပါတယ်။ မန္တလေးကနေ ကိုကိုးကျွန်းကို ရောက်သွားတော့ သူနဲ့ ကျွန်တော်နဲ့ တဆောင်တည်းမှာ နေကြရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုကိုးကျွန်းနဲ့ အဲဒီခေတ်အခါရဲ့  ရှုပ်ထွေးလှတဲ့ နိုင်ငံရေးဝဲဂယက်တွေထဲမှာပဲ ကျွန်တော် သူနဲ့ မကြာခဏ စကားပြောဖြစ်ကြပါတယ်။ ဆွေးနွေးဖြစ်ကြတဲ့ လက်တွေ့ပြဿနာတွေကလည်း အများကြီးပါ။ ကိုကိုးကျွန်းရဲ့ နောက်ဆုံးတိုက်ပွဲမှာ အာဇာနည် ၈ ဦး ကျဆုံးသွားပြီးနောက်မှာ သူတို့ကို ဂုဏ်ပြုကြတဲ့သီချင်း တွေရေးစပ်သီဆိုကြပါတယ်။ အဲဒီသီချင်း ၈ ပုဒ်ထဲမှာ ကိုလေးမောင်ကို ဂုဏ်ပြုတဲ့တပုဒ်ထဲမှာပဲ သူကိုယ်တိုင် ရေးခဲ့တဲ့ကဗျာစာသားတွေပါ၊ နောက်ပြီး အဲဒီပါဒတွေနဲ့ အစချီထားပါ တယ်။ "ဒီမှာ ပင်လယ်ပြာ၊ ဒီမှာ ငွေလွှာသဲသောင်၊ ဒီမှာ ကျောက်ဆောင်မဟူရာ၊ ဒီမှာ  ဆတ်သွားတော၊ ဘိစပ်တော၊ ရှည်မျောသောင်ကမ်း၊ အုန်းတန်းယှက်မိုး၊ ကျွန်းကိုကိုး" အစချီတဲ့ စာသားတွေကို ကျွန်တော့်တသက် မေ့နိုင်ပါတော့မလား။

သူနဲ့ မန္တလေးထောင် (၁) တိုက်ထဲမှာ အတူနေထိုင်ခဲ့တဲ့ကာလထဲက မပြောမဖြစ်လို့ ကျွန်တော် ယူဆတဲ့ ကာလတခုအကြောင်းလည်း ပြောချင်ပါတယ်။ အဲဒါကတော့ ကဗျာတွေ ရေးကြ၊ ဖလှယ်ကြ၊ ဖြန့်ကြတာပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ ထောင်ထဲမရောက်ခင်က ဆောင်းပါးတပုဒ်တလေရေးဖူးပေမယ့် ကဗျာကိုတော့ မရေးဖူးသလောက် နည်းပါတယ်။ ဒါပေမဲ့၊ ထောင်ထဲရောက်တော့ ကျွန်တော်တယောက် ကဗျာရူး ရူးတော့တယ် လို့ဆိုရမယ် ထင်ပါတယ်။

ဒီလို ဖြစ်ရတဲ့အကြောင်းရင်းတခုကတော့ ထောင်(တိုက်)ထဲမှာက စက္ကူ(စာရွက်)တို့၊ ခဲတံတို့အင်မတန်ရှားပါးပါတယ်။ ဒီတော့ ဆောင်းပါးလို၊ ဝတ္ထုလို နေရာအများကြီး လိုတဲ့ စာ တွေကျွန်တော်တို့ ဘယ်ရေးနိုင်ပါ့။မလဲ။ အိမ်သာသုံးဖို့ ထောင်ကပေးတဲ့(သတင်းစာကို ဖြတ် ထားတဲ့) စက္ကူစလေးတွေရဲ့အနားတွေမှာ ရေးရတာဆိုတော့ လေးလုံးစပ်နဲ့ ကွက်တိလို ဖြစ်နေတာပေါ့။ အဲဒီလိုနဲ့ အဲဒီ တစ် (၁) တိုက်မှာ ကဗျာတွေရေးပြီး တခန်းပြီးတခန်းဖြန့်၊ ဝေဖန် ထောက်ပြကြတာဟာ လှုပ်ရှားမှုလေးတခုလို ဖြစ်လာပါတယ်။ 

အဲဒီမှာ ကဗျာပိုးဝင်စ၊ ကဗျာ အရူးထစ ကျွန်တော်က အရေးအများဆုံးဖြစ်ပြီး စာဖတ်လည်းနာ၊ စာပေ အတွေ့ အကြုံလည်း ရင့်ကျက်တဲ့ ကိုလေးမောင်နဲ့ ဒေါက်တာလှရွှေတို့က ချွန်းကဲ့သို့ အုပ်ပေးခဲ့တယ်လို့ မှတ်မိနေပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့တတွေဟာ ပိန်းပိတ်နေတဲ့ ထောင် တိုက်ခန်းတွေထဲကနေ အလင်းရောင်ကို မှန်းမျှော်ရေးသားကြတာဆိုတော့ ဗီယက်နမ်စစ်ပွဲထဲက ငုယင်ဗန်ထရွိုင်၊ ဒုတိယကမ္ဘာအတွင်း ချက်ကိုစလိုဗက်ကီးယားနိုင်ငံက ယူးလိ ယက်စ်ဖုချစ်ခ်တို့ဟာ ကျွန်တော်တို့ရဲ့ ကဗျာပါဒ တွေထဲမှာမကြာခဏ ပေါ်ထွက် သူတွေ ပေါ့။ ဒါကြောင့် ဒီအမှာစာမှာ နိဂုံးချုပ်အနေနဲ့ ယူးလိယက်စ်ဖုချစ်ခ် ရေးခဲ့တဲ့ အောက်ပါ စာကြောင်းများကို ကိုးကားဖော်ပြလိုက်ပါတယ်။

“---ဤခေတ်ကြီးမှ ကျော်ထွက်နိုင်ကြမည့် ခင်ဗျားတို့တတွေအား - တခုဖြင့်   ကျနော် တောင်းပန်လိုသည်။ မမေ့ကြပါနဲ့။ အကောင်းကိုရော၊ အဆိုးကိုရော မမေ့ကြပါနှဲ့။ (ကိုယ့်) အနေနဲ့သာမက၊ ခင်ဗျားတို့ကိုယ်စားပါ အသေခံသွားကြတဲ့ လူတွေအကြောင်း သက်သေ အထောက်အထားတွေကို စိတ်ရှည်လက်ရှည် ရှာကြ၊ ဖွေကြပါ။ တနေ့တွင် ပစ္စုပ္ပန်သည် အတိတ်အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ထိုအခါတွင် ခေတ်ကြီးတခေတ် အကြောင်း၊ သမိုင်းကို ဖန်တီးခဲ့သော အမည်မဲ့သူရဲကောင်းများအကြောင်းတို့ကို ပြောစမှတ် ပြုကြပေလိမ့်မည်။ သို့သော် အမည်မရှိသော သူရဲကောင်းဟူ၍ မရှိ၊ ထိုသူတို့သည် အမည်များ၊ မျက်နှာများ၊ ဆန္ဒအာသီသများ၊ မျှော်လင့်ချက်များရှိခဲ့ကြသောသူများ ဖြစ်သည်၊ ၎င်းတို့အနက် နောက်ဆုံးပိတ်မှ ပုဂ္ဂိုလ်၏ ဒုက္ခခံစားရမှုသည် အမည်ကျန်ရစ်သော ရှေ့ဆုံးမှ ပုဂ္ဂိုလ်၏ ခံစားရမှုထက် မသေးငယ်ကြောင်း စသည်တို့ကို သိကြစေလိုသည်။ ခင်ဗျားတို့ သိကျွမ်းသူများ၊ သို့မဟုတ် ခင်ဗျားတို့၏ သွေးသားများ၊ သို့မဟုတ် ခင်ဗျားတို့ကိုယ်တိုင်ပင် ဖြစ်ဘိသကဲ့သို့၊ ထိုသူတို့အပေါ် ရင်းနှီးစိတ် အမြဲမပြတ် မွေးကြစေလိုသည်။ သူရဲကောင်းများကား အိမ်ထောင်လုံးကျွတ် အသတ်ခံကြရသည်လည်း ရှိသည်။ 

၎င်းတို့အနက်မှ အနည်းဆုံး တယောက်ယောက်အပေါ်ဝယ်၊ သားများသမီးများသဖွယ် ချစ်ခင်ကြပါ။ ထိုသူကား အနာဂတ်အတွက် နေထိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်သည်ဟူ၍ ဂုဏ်ယူရစ်ကြပါ။ အနာဂတ်အတွက် သစ္စာရှိစွာ နေထိုင်ခဲ့လျက် လှပသော အနာဂတ်အတွက် အသက်ပေးသွားသူတိုင်းကား ကျောက်ဖြင့်ထုထားသော လူရုပ်အသွင်အပြင်များ ဖြစ်ကြသည်။ အတိတ်မှ ဖုန်မှုန့်များကို ရေကာတာပြုလုပ်လျက်၊ တော်လှန်ရေး၏ ဒီရေအဟုန်ကို တားဆီးလိုသူတိုင်းကား ယခုအခါတွင် ပခုံးများ၌ ရွှေချထားသော ရာထူး အဆင့်အတန်းတို့ကို တပ်ဆင်ထားကြသည့်တိုင်အောင် သစ်ဆွေးဖြင့် ထုလုပ်ထားသော ရုပ်တုအငယ်စားကလေးများသာ ဖြစ်ကြသည်။ 

သို့သော် ဤရုပ်တုကလေးများကို ကြည့်ရှုသည့်အခါ၌ပင် ၎င်းတို့၏ အသုံးမကျမှုနှင့် သေးဖွဲမှု၊ ၎င်းတို့၏ ရက်စက်မှုနှင့် ထုံထိုင်းမှုတို့ကို အသက်ဝင်စွာ မြင်တတ်ရန် လိုပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကား အနာဂတ်တချိန်တွင်၊ လက်ငင်းခေတ်ကို ပြန်လည်သရုပ်ဖော်သည့်အခါတွင် အသုံးဝင်လာမည့် အထောက်အထားများ ဖြစ်သောကြောင့်တည်း။”


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar