နှစ် ၇၀ ကျော်ကြာမြင့်လာတဲ့ ပြည်တွင်းစစ်နဲ့ အနာဂတ် မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၃
နှစ် ၇၀ ကျော်ကြာမြင့်လာတဲ့ ပြည်တွင်းစစ်နဲ့ အနာဂတ် မြန်မာနိုင်ငံ
မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားလာတာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ လွတ်လပ်ရေး နဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်မီးက အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်လိုက်၊ အရှိန်ပြန်သေသွားလိုက် တဖန်ပြန်ပြီးတောက်လောင်လာလိုက် အရှိန်ပြန်လျော့ကျပြီး တငွေ့ငွေ့နဲ့ တောက်လောင်လိုက်နဲ့ သမိုင်း တလျှောက် အတက်အကျ အနိမ့်အမြင့်တွေ အများအပြားနဲ့ တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၉-၅၁ ခုနှစ်တွေလို အရှိန်အဟုန် ပြင်းပြင်းနဲ့ တောက်လောင်တဲ့ ကာလတွေရှိခဲ့သလို တငွေ့ငွေ့နဲ့ တောက်လောင်နေတဲ့ ကာလတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
ပြည်မလို့ခေါ်တဲ့ ဗမာအများစု အစိုးရဘက်မှာလည်း နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ တခုပြီးတခု ပြောင်းလဲခဲ့ကြသလို စစ်တပ်ကလည်း ပြောင်ပြောင်တင်းတင်း အာဏာသိမ်းတာ ၃ ကြိမ်နဲ့ တဖက်လှည့်နဲ့ အာဏာလွှဲအပ်ခိုင်းတာ ၁ ကြိမ် ၄ ကြိမ်ရှိခဲ့ပြီး စစ်တပ်ရဲ့ လက်ထဲမှာ နိုင်ငံရေးအာဏာ နှစ် ၅၀ ကျော် ရောက်ရှိကာ စစ်ခေါင်းဆောင်တွေ တဆက်ပြီးတဆက် ပြောင်းလဲခဲ့ကာ ဗဟိုအာဏာလို့ ခေါ်ဆိုနိုင်တဲ့ အစိုးရအနေအထားကနေ ပြည်တွင်းစစ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးဝါဒရေးအရ လက်နက်ကိုင်တဲ့ ကွန်မြူနစ်ပါတီဗမာပြည်၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်ချစ်အဖွဲ့ နဲ့ ယခုနောက်ဆုံး NUG စသဖြင့် ဒါဇင်နဲ့ ချီတဲ့အဖွဲ့တွေ သမိုင်းအဆက်ဆက် ဖွဲ့စည်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း လွတ်လပ်ရေးရပြီးစကတည်းက ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေရှိသလို ဖဆပလ အစိုးရခေတ်၊ မဆလ အစိုးရခေတ်၊ စောမောင်၊ သန်းရွှေ စစ်အစိုးရခေတ် နဲ့ အခု အာဏာသိမ်း မင်းအောင်လှိုင်ခေတ်ကျမှ ပေါ်ထွက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အမျိုးမျိုး ရှိပြီး မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း တိုက်ခိုက်ခဲ့ကြသလို အဖွဲ့အစည်းတွေရဲ့ အမည်တွေ အဆင့်ဆင့်ပြောင်းလဲခဲ့ကြတာလည်း ရှိသလို၊ ပူးပေါင်းလိုက်တာ၊ ခွဲထွက်လိုက်ကြတာတွေလည်း သမိုင်းတလျှောက်အများအပြား ရှိခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းစစ် ရဲ့ အကြောင်းရင်းခံက ဖဆပလ ခေတ်တုန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ် စနစ်ထူထောင်လိုတဲ့ လက်ဝဲဝါဒကိုယုံကြည်ကြတဲ့ နိုင်ငံရေးအင်အားစုက ဖဆပလအစိုးရကို ဓနရှင်လက်ဝေခံ အစိုးရ အဖြစ်နဲ့ သတ်မှတ်ပြီး လက်နက်ကိုင် လမ်းစဥ်ကိုကိုင်စွဲ တိုက်ခိုက်ခဲ့ကြသလို၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း ပြည်နယ်အဆင့်၊ နယ်မြေသတ်မှတ်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဖက်ဒရယ် အခွင့်အရေးပြည့်ပြည့်ဝဝရှိတဲ့ ပြည်ထောင်စု ဖြစ်ဖို့၊ ဘာသာရေး လွတ်လပ်ခွင့်တန်းတူရှိဖို့ စတဲ့ အကြောင်းအချက်တွေပေါ် အခြေခံပြီး လက်နက်ကိုင် အဖွဲ့အစည်းဖွဲ့စည်းကာ မိမိတို့လူမျိုး လွတ်မြောက်ရေး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်အဖြစ် ပေါ်ထွန်းရေးတို့ကို ကိုင်စွဲကာ နှစ်ရှည်လများ ရပ်တည် ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်ဖို့ရာမှာ လက်နက်ရှိဖို့၊ ငွေကြေးရှိဖို့ အပြင် နိုင်ငံရေးအရ ယုံကြည်မှု တနည်းအားဖြင့် မကျေနပ်မှုလည်း ရှိဖို့လိုအပ်တာဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းထားရုံသာရှိပြီး နိုင်ငံရေးအရ ရပ်တည်ချက်နဲ့ ယုံကြည်ချက်ရယ် အခြေခံကိုင်စွဲတဲ့ ဝါဒဆိုတာတွေ ဘာမှမရှိဘူးဆိုခဲ့ရင် ဓါးပြသာသာ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သွားမယ့် သဘောမျိုးဖြစ်ပြီး အဆိုပါသဘောဆောင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မြန်မာနိုင်ငံ သမိုင်းမှာ တဖွဲ့မက ရှိခဲ့တာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဘိန်းဘုရင် လော်စစ်ဟန်၊ ခွန်ဆာလို အင်အားကြီးတဲ့ အဖွဲ့ကြီးတွေ ရှိသလို ဒေသအလိုက် လူအင်အား ဆယ်ဂဏန်းကနေ ၁၀၀ သာသာလောက် ရှိတဲ့ အဖွဲ့ငယ်တွေလည်း ပြည်နယ်အချို့ နဲ့ တိုင်းအချို့မှာ ပေါ်ထွက်ခဲ့ကြဖူးတာ ဖြစ်ပါတယ်။ အင်အားနည်းနည်းနဲ့ အဖွဲ့တွေကို ပြည်သူ့စစ်အဖြစ်နဲ့လည်း အမည်ပေးပြီး အသုံးချကြတာ ခုချိန်ထိတိုင်ဖြစ်ပါတယ်။ အင်အားကြီးတဲ့ စစ်ဘုရင်လက်နက်ကိုင် အုပ်စုတွေကို အကျိုးစီးပွားအတွက် အာဏာရ စစ်တပ်တွေနဲ့ လက်နက်ကိုင် အဖွဲ့အချို့က ရေတိုသို့မဟုတ် ရေရှည် အကျိုးစီးပွားတခုအတွက် မဟာမိတ်ပြုကြ၊ လက်အောက်ခံ အဖွဲ့အဖြစ်ထားရှိကြတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုရရင် တိုင်းရင်းသားတွေ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO မဟုတ်ပဲ၊ နိုင်ငံရေးရပ်တည်ချက်၊ ရည်မှန်းချက်ရှိတဲ့ အဖွဲ့တွေကိုသာ EAO အဖြစ် သတ်မှတ်နိုင်တဲ့ သဘောဖြစ်ပါတယ်။
ဒါက ယေဘုယျအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတွေကို သရုပ်ခွဲ၊ အုပ်စုခွဲ ရှုမြင်သုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ စတင်စဥ်က တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးရေး၊ တန်းတူအခွင့်အရေးနဲ့ ၄င်းတို့ရဲ့ ခေါင်းဆောင်တွေကို ပြည်မက အစိုးရတွေက နိုင်ငံရေး အရ အသိအမှတ်မပြုတာ၊ နှိပ်ကွပ်တာ၊ နိုင်ငံရေး လုပ်ဆောင်ခွင့်မပြုတာမျိုးတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေကို တည်ထောင်ခဲ့ကြပြီး ရည်မှန်းချက် ပန်းတိုင်အနေနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်စစ်စစ် အဖြစ်ထူထောင်ဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အချိန်ကာလကြာလာသည် နဲ့အမျှ ရည်မှန်းချက် ပြောင်းလဲလာတာတွေလည်း ရှိပါတယ်။ ပြည်မမှာ အစိုးရတရပ်ပြီး တရပ်သာ ပြောင်းလဲပေမယ့် တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်က သိသိသာသာ မပြောင်းလဲတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ရဲ့ ရည်မှန်းချက်တွေကို ပြင်ဆင် သတ်မှတ်တာမျိုးတွေလည်း ဖြစ်လာတဲ့ သဘောတွေ့မြင်လာရပါတယ်။
ပြည်တွင်းစစ် ရှည်ကြာလာလေ စစ်ပွဲတွေ နောက်ထပ်ဖြစ်ဖို့အတွက် လောင်စာဖြစ်တဲ့ အမုန်းတရား၊ နာကြည်းမှု၊ ဒဏ်ရာတွေများ လာလေလည်း ဖြစ်လာပါတယ်။ အနှစ် ၇၀ လောက် လက်နက်ကိုင်လာပြီးနောက်မှာ နောက်ထပ် အနှစ် ၂၀ လောက်လက်နက်ကိုင် အဖြစ်နဲ့ ရပ်တည်ဖို့ ဝန်မလေးတော့ပါဘူး။ အတိတ်က ဒဏ်ရာတွေ နာကျည်းမှုတွေ အတွက်လည်း တာဝန်ရှိသူတွေက အာဏာနေရာမှာ မရှိကြတော့တာအပြင် နောက်ဆက်ခံသူတွေကလည်း သူတို့နဲ့တိုက်ရိုက်မဆိုင်တဲ့ ကျူးလွန်မှုတွေ၊ အမှားတွေအတွက် တာဝန်မခံကြတော့ပါဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် သံသရာက အဆိုးကျော့ကွင်းထဲ တရစ်ပြီးတရစ် ကျဆင်းလာတာမျိုး ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ မတိုင်ခင် အန်အယ်လ်ဒီ အစိုးရအဖြစ် တာဝန်ယူတဲ့ ၅ နှစ်တာကာလမှာလည်း လက်နက်ကိုင် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို အားလုံးနဲ့ ချုပ်နိုင်ဖို့ တွန်းတွန်းထိုးထိုးလုပ်ရင်း စစ်တပ်ရဲ့ ရပ်တည်ချက်နဲ့ တူညီမှုတချို့ ရှိခဲ့ရာက တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်မယ့်အရေးက ဝေးသထက်ဝေးခဲ့ပြန်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းအပြီးမှာတော့ တိုင်းရင်းသား အရေးသာမက ပြည်မက စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေးတွေ အထိရည်မှန်းချက်တွေ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးချည်း သက်သက်သာ မဟုတ်တော့ပါဘူး။ ဒိထက်ကျော်ပြီး မှန်းဆထားတဲ့ ပုံစံတွေ၊ အခင်းအကျင်း၊ ရည်မှန်းချက် အသစ်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြည်မအစိုးရတွေကို မယုံကြည်တော့ရာက ကွန်ဖက်ဒရေးရှင်း အဆင့် ထိမှန်းဆကြတာမျိုးတွေ ရှိလာြပီးဖြစ်ပါတယ်။ အချို့ဒေသတွေမှာလည်း သူ့ဒေသမှာ သူ့စစ်တပ်နဲ့ သူ့မျိုးရိုးစဥ်ဆက် ခေါင်းဆောင်နဲ့ သူအုပ်ချုပ်ဖို့၊ စီးပွားရေးအရ လွတ်လပ်ပြီး ကာကွယ်ရေးအရပါ လွတ်လပ်တဲ့ ဒေသအဖြစ် တည်ထောင်ဖို့ ရည်မှန်းလာကြတာ ဖြစ်ပါတယ်။ အခုလတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေကိုကြည့်ရင် ကွန်ဖက်ဒရေးရှင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ အထိမှန်းဆထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တဖွဲ့မက ရှိလာပြီဖြစ်ပါတယ်။ လတ်တလော စစ်ရေးအရ အောင်ပွဲတွေဟာ ပြည်ထောင်စု အတွက်ရည်မှန်းတဲ့ စစ်ရေးအောင်မြင်မှုချည်း မဟုတ်တော့တာကို သတိပြုနားလည်ထားဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံက ပြည်ထောင်စု မတည်ဆောက်နိုင်ခဲ့ရင် ဘယ်လို ပုံစံနဲ့အချင်းချင်းအကြား ရှေ့ဆက်ကြမလဲဆိုတာ တွေးဆ ပြင်ဆင်ထားကြရန် သတိပြုကြဖို့ အချိန်ရောက်ပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar