မိုးမခအမှတ်တရ ရုပ်ပုံလွှာများ - ကေဇော်မိုး "အလှပြင်ရင်းသောက်တဲ့အရက်"
Photo - Crd
မိုးမခအမှတ်တရ ရုပ်ပုံလွှာများ
အောက်တိုဘာ ၁၊ ၂၀၂၁
"အလှပြင်ရင်းသောက်တဲ့အရက်"
ကေဇော်မိုး
စာပေလောကထဲမှာတော့ ကျူရှင်ဆရာတစ်ပိုင်း/ စာရေးဆရာတစ်ပိုင်းအနေနဲ့ ရပ်တည်ခဲ့တဲ့သူတွေ အသင့်အတင့်ရှိကြပါတယ်။ ဒီလို ရပ်တည်မှုနှစ်မျိုးဖြင့် ဘဝကိုတည်ဆောက်ခဲ့ကြသူတွေထဲမှာတော့ ဆရာမင်းသစ်က အထူးခြားဆုံးလို့ပဲဆိုပါရစေ။ (ဒါက ကျွန်တော့်တစ်ကိုယ်စာ ပုဂ္ဂလိကအမြင်ပါ။) ဆရာနဲ့ ကျွန်တော် ဘယ်လိုစတင်သိခဲ့ရတာလဲဆိုတာကို အစပြန်ကောက်ရှာဖွေဖို့ အတော်ခက်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ယခုဆိပ်ကမ်းသာစာပေတိုက်ပိုင်ရှင် " ကဗျာဆရာဦးခိုင်မျိုး" မိတ်ဆက်ပေးခဲ့လို့ သိကျွမ်းခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆို တစ်ချိန်တုန်းက "ဦးခိုင်မျိုး"ကို (၃၈) လမ်းသူကြီးလို့ခေါ်ကြပါတယ်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအကျော်က (၃၈) လမ်းအထက်၊ အာရှပလာဇာရှေ့( ရယ်စရာမဂ္ဂဇင်းတိုက်အောက်)မှာ လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ရှိခဲ့ဖူးပါတယ်။ ဆိုင်ပိုင်ရှင်က " ကိုအရှည်ကြီး" တဲ့။ ကျွန်တော်ကတော့ "အမွှေးတိုင်ဘိုးတော်" လို့ပဲခေါ်ပါတယ်။ ဒီလိုခေါ်ရတာကလဲ တစ်ချိန်လုံးလိုလို အမွှေးတိုင်ထွန်းကာ ပူဇော်ပသမှုလုပ်တတ်လို့ပါ။ ကဗျာဆရာ/စာရေးဆရာများအပေါ် သည်းခံတယ်။ စိတ်သဘောထားပြည့်တယ်။ လက်ဖက်ရည်ဖိုး ရှင်းဖို့မရှိရင်လဲ အကြွေးထားပေးတယ်။ စိတ်သဘောထားပြည့်ဝသူတစ်ယောက်ပါ။ အခုတော့ သူက ဒီလောကအပေါ်ကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဒီဆိုင်ကလေးက " လေထန်ကုန်း" အလွန်မှာ ကဗျာဆရာအများစု စုဝေးစတည်းချရာနေရာလေးတစ်ခုပေါ့။ ဒီဆိုင်လေးကို " လေဆန်ကုန်း" လို့ခေါ်ကြပါတယ်။ နာမည်ပေးသူကို အမှတ်တမဲ့ပါပဲ။ သတိမထားဖြစ်မိခဲ့ပါဘူး။ဒီဆိုင်ကလေးနဲ့တိုက်လေးငါးလုံးအကွာမှာ နာမည်ကျော် " ဟန်နီ"အရက်ဆိုင်ရှိပါတယ်။ " ရနံသစ်" မဂ္ဂဇင်းတိုက်ရှိပါတယ်။ "ဆရာမင်းသစ်" က ဒီဆိုင်ကို တစ်ပတ်ကိုနှစ်ရက်တန်သည်၊ သုံးရက်တန်သည်လာထိုင်တတ်ပါတယ်။ ကျွန်တော်မှတ်မိသလောက်ပေါ့။ " ဆရာမင်းသစ်"နဲ့တွဲထိုင်တတ်သောဆရာတွေက ဆရာသင်းရည်၊ဆရာရွှေဒါးမောင်လေးရည်၊ဆရာတင့်ခိုင်၊ဆရာသင်းအောင်ပန်တို့ပါပဲ။ တခါတရံ ကိုရွှေအောင်သင်းပါ ပါလာတတ်ပါတယ်။ အဲဒီတုန်းက ဘုန်းကြီးဝတ်လိုက်၊ လူဝတ်လဲလိုက်လုပ်နေတဲ့ " ဆရာကြူးနှစ်" ကလည်း ပါလာတတ်ပါသေးတယ်။
အဲဒီကာလတုန်းကထွက်ခဲ့တဲ့ မဟေသီမဂ္ဂဇင်းထဲကဆရာ့ဆောင်းပါးတစ်ပုဒ်ကို အခုထိအမှတ်ရနေတုန်းပါ။ အင်္ဂလိပ်စာ အလွဲတွေကို ထောက်ပြထားတာပါ။ " အလှပြင်ရင်း အရက်သောက်ကြစို့" တဲ့။ အလှပြင်ခန်းကို ရေးရမယ့်စာလုံးအမှန်က (beauty salon) ပါ။ ဒါကို ချော်တော်ငေါ့ပြီး ရေးခဲ့ကြပါတယ်။ ရန်ကုန်တစ်မြို့လုံးအနှံ့ " အလှပြင်ခန်း" ကို (beauty saloon) လို့ရေးသားကြပါတယ်။ နယ်တစ်ချို့မှာ ဒီလိုပဲ သုံးခဲ့ကြတာပါ။ " saloon" ဆိုတာက " သီးသန့်အရက်သောက်ခန်း" လို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုတလွဲတွေသုံးထားတော့ ထေ့ချင်၊ငေါ့ချင်တဲ့ ဆရာမင်းသစ်နဲ့တွေ့ကြရတာပါပဲ။ အဲဒီလိုနဲ့ "အလှပြင်ရင်း အရက်သောက်ကြစို့" ဖြစ်လာရတာပါပဲ။
အဲဒီကာလတုန်းက ကျွန်တော်က တာမွေ(၁၅၄) လမ်းထဲမှာ ကျူရှင်ဖွင့်ထားတာပါ။ မနက်ပိုင်းစာသင်ချိန်ပြီးတာနဲ့ မြို့ထဲထွက်နေကြပါ။ ကျူရှင်ကို နေ့လည်ဖက်စာသင်ချိန်အမီ ပြန်ရတာပေါ့။ တစ်ရက်တော့ ပန်းဆိုးတန်းခုံးတံတားအောက်ကဖြတ်ပြီး မြို့ထဲကအပြန်မှာ " ထူး" ဘီယာဆိုင်မှာ " ဆရာမင်းသစ်" တို့ဝိုင်းကောင်းနေကြတာပါ။ ကျွန်တော့်ကိုတွေ့တော့ လှမ်းခေါ်ပြီးထိုင်ခိုင်းကာ ဘီယာသောက်ခိုင်းပါတယ်။ ကျွန်တော်က ကျူရှင်ပြန်ဝင်ရတော့မှာမို့ သောက်လို့မဖြစ်ကြောင်း ငြင်းမိတော့ ဆရာမင်းသစ်စကားက မှတ်သားစရာဖြစ်ခဲ့ရပါရော။
" သောက်မှာသာသောက်စမ်း။
ငါနှစ်ပေါင်း သုံးဆယ်ကျော် စာသင်လာတာ။ စာသင်လိုက်၊ သောက်လိုက်လုပ်လာတာ။ ကျူရှင်ဆရာဆိုတာ ဘီယာလေးတစ်ခွက်လောက်ချပြီး အတန်းဝင်မှပိုကောင်းတာ။ အာသွက်လျှာသွက်ရှိတယ်။ စကားပြောရတာ လွှတ်ကိုကောင်းတာ။ ရော့ တစ်ခွက်တော့ သောက်သွား" ဆိုတာနဲ့ သောက်ရပါရော။ အမှန်ပဲဗျာ့။ အဲဒီနေ့ ဆရာမင်းသစ်ကျေးဇူးနဲ့ စတိတ်စင်ပေါ် တော်ကီလွှတ်ကောင်းခဲ့ပုံများ ဒီနေ့အထိအမှတ်ရနေမိပါတယ်။ (ကျွန်တော်က အပြင်မှာစကားနည်းတာ ဒီလောကသားတွေသိကြပါတယ်)
တစ်ခါသားပေါ့။ ဆူးလေနားကဆိုင်တစ်ဆိုင်မှာ ကိုဝိုင်ချိုနဲ့ကျွန်တော်နှစ်ယောက်သားသောက်နေကြတုန်း ဆရာမင်းသစ်ရောက်လာပါရော။ သုံးယောက်သား သောက်လိုက်ကြတာ ပုလင်းတစ်လုံးကုန်ပြီး နောက်တစ်လုံးတောင် တစ်ဝက်ကျိုးနေပါပြီ။ ညဉ့်ကလဲနက်စပြုလာပါပြီ။ ကျွန်တော်တို့ဝိုင်းကို ဆေးလိပ်ပရိုမိုးရှင်န်း နှစ်ခါတိတိလာပြီးသွားပါပြီ။ ကျွန်တော်တစ်ဗူးဝယ်ယူအားပေးထားခဲ့ပါတယ်။ တတိယအကြိမ်ထပ်ရောက်လာပြန်ပါတယ်။ ဆရာမင်းသစ်က ဆေးလိပ်ရောင်းတဲ့ကောင်မလေးနှစ်ယောက်ကို တစ်ချက်ငဲ့ကြည့်ပြီး စကားဆိုပါတယ်။
" သမီးတို့ မပြန်ရသေးဘူးလား " တဲ့။ ဆေးလိပ်မကုန်သေးလို့ မပြန်ရသေးဘူးလို့ပြောလာပါတယ်။
" ဘယ်နှဗူးကျန်သေးလဲ" မေးတဲ့အခါ ဆေးလိပ်ကသုံးဗူးတိတိကျန်သေးကြောင်းပြောပါတယ်။ ကျန်နေသေးတဲ့ ဆေးလိပ်သုံးဗူးကို ဆရာမင်းသစ်က ဝယ်လိုက်ပါတယ်။ ကောင်မလေးနှစ်ယောက်က ဆရာ့ကိုကျေးဇူးတင်စကားပြောပြီး ပြန်သွားကြပါရော။ လက်ကျန်ဖြတ်ကာ ဝိုင်းသိမ်းလို့ပြန်ချိန်မှာ ဆေးလိပ်သုံးဗူးကို ကျွန်တော့်ကိုပေးပါတယ်။ အဲဒီနေ့ညက မူးမူးနဲ့ဆေးလိပ်ဆက်သောက်ပါတယ်။ နောက်တစ်နေ့မှာလဲ တစ်နေကုန်ဆေး လိပ်ဆက်သောက်ရတာပေါ့။ ဆေးလိပ်လေးဗူးကို နှစ်ရက်အတွင်းကုန်အောင်သောက်မိပြီးတဲ့အခါ အဆုတ်ပွ၊ချွဲကြပ်ကာ သုံးလေးရက်လောက်အနားယူလိုက်ရပါတော့တယ်။
၂၀၁၅ ခုနှစ်ကပေါ့။ နော်ဝေအစိုးရအထောက်အပံ့နဲ့ " နိုဗယ်မြန်မာစာပေပွဲတော် " ကျင်းပပါတယ်။ အမျိုးသားကဇာတ်ရုံမှာ ကျင်းပတာပါ။ စာပေပွဲမှာ ဖျော်ဖြေရေးအနေနဲ့ စာရေးဆရာတွေက ဆရာဇော်ဂျီရဲ့ "မဟာဆန်သူပြဇာတ်" ကို ကပြတာပါ။ ဒီပြဇာတ်မှာ ဆရာမင်းသစ်က အက ဆရာပါ။ ကိုရွှေအောင်သင်းက "ဇာတ်မင်းသား" ပါ။ မောင်လှမျိုး(ချင်းချောင်းခြံ)၊ ဦးဘုန်း၊ ရွှေကူမေနှင်း ၊ ခင်သန္တာ တို့လဲ ဒီပြဇာတ်ထဲပါပါတယ်။ ကျွန်တော်မှတ်မိသလောက်ပါ။ ကျန်နေသူတွေရှိပါဦးမယ်။ ဆရာမင်းသစ်ဦးဆောင်ပြီး ဇာတ်ရုံနောက်က အလှပြင်ခန်း၊ အဝတ်လဲခန်းထဲမှာ ဇာတ်ဝတ်ဇာတ်စားတွေနဲ့ သောက်လိုက်ကြ၊ စင်ပေါ်ပြေးတက်ကလိုက်ကြနဲ့ ဘဝအတွက် အမှတ်တရနေ့ရက်များဖြစ်ခဲ့ရပါတယ်။ ဆရာရေးဆောင်းပါးအတိုင်း အလှပြင်ရင်း အရက်သောက်ခဲ့ကြတာပါ။ အခုတော့လဲ ဆရာ့ရဲ့နာမည်ကြီးစာအုပ်ခေါင်းစဉ်အတိုင်းပဲ "လွမ်းရတဲ့သူတွေ" ထဲ ကိုယ် တိုင်ကိုယ်ကျ ပါဝင်အသုံးတော်ခံခဲ့ပြီပေါ့။
ကေဇော်မိုး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar