Breaking News

မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အမြင်

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၄

မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အမြင်

ခုရက်ပိုင်းမှာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ စစ်ကောင်စီရဲ့  ကိုယ်စားလှယ်အဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်အဆင့်ရှိသူ တက်ရောက်နေပြီး အာဆီယံ အစည်းအဝေးမှာ မြန်မာ့အရေးကို ဆွေးနွေးလျက်ရှိတဲ့အကြောင်း နိုင်ငံတကာနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့သဘောထား၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်ပြီး တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေအပေါ် သြဇာရှိတဲ့ တရုတ်နိုင်ငံရဲ့ သဘောထား၊ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့သဘောထားတွေက မြန်မာ့အရေးအပေါ် ဘယ် လောက် သက်ရောက်မှုရှိကြပါသလဲ။ နိုင်ငံတကာ အဖွဲ့ကြီးဖြစ်တဲ့ ကုလသမဂ္ဂကရော မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လိုအခြေခံမူနဲ့ ရပ်တည်ပြီး ဘယ်လောက် သြဇာရှိမှာပါလဲ အစရှိတဲ့ မေးခွန်းတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တလျှောက်လုံး မေးခွန်းထုတ်ခဲ့ကြပြီး လေ့လာအကဲခတ်သူ၊ ကျွမ်းကျင်သူတွေက အမျိုးမျိုးသော မှန်းဆချက်တွေ ခန့်မှန်းမှုတွေ လုပ်ခဲ့ကြတာလည်း သတင်းမီဒီယာတွေမှာ အများအပြား ဖတ်ရှုနားဆင်နိုင်တာ ဖြစ်ပါတယ်။ 

ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက မြန်မာ့အရေးမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက် နိုင်သလဲ၊ ဘယ်လောက် သြဇာရှိသလဲ ဆိုတာတွေက ရပ်တည်ချက်၊ ယူဆချက် ကြိုက်ခြင်း မကြိုက်ခြင်းနဲ့ အကျိုးစီးပွားတွေ အပေါ် မူတည်ပြီး အမျိုးမျိုး ပြောဆိုနေကြတာက အများစုဖြစ်ကာ လက်တွေ့ အခြေခံတဲ့မူဝါဒ၊ အကျိုးစီးပွားအပေါ် အခြေခံတဲ့ အချက်အလက်မျိုးကို တစိတ်တပိုင်းသာ သိရှိကြပြီး ပြည့်ပြည့်စုံစုံ မသိရှိနိုင်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အများသိရှိအောင် ပြောဆိုချက်၊ ထုတ်ပြန်ချက်လိုမျိုးနဲ့ လက်တွေ့ ထည့်သွင်းစဥ်းစားတဲ့ အကျိုးစီးပွားကိုဦးစားပေးပြီး စံနှုန်းတွေကို ဒုတိယထားတဲ့ မူဝါဒလိုမျိုးက တခါတရံမှာ ကွာဟမှုကြီးမားလေ့ ရှိတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားလာတဲ့ စစ်ပွဲ အရှိန်မြင့်လာတာ၊ မြို့တွေ ပျက်စီး လူသိန်းသောင်းနဲ့ ချီ မြို့တွေကို စွန့်ခွာကြရတဲ့ အဖြစ်အပျက်တွေ၊ လက်နက်နဲ့ စစ်သည်အင်အား အစွမ်းကုန်သုံးပြီး တဖက်နဲ့ တဖက် ထိုးစစ်ဆင်၊ ခုခံကြတာ၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အစွမ်းကုန် သုံးလာတာ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေကို ဒုတိယ တတိယ စဥ်းစားရမယ့် အချက်တွေ နေရာမှာထားပြီး စစ်ရေး အသာစီးရဖို့၊ နယ်မြေထိန်းချုပ် စိုးမိုးနိုင်ဖို့ကိုသာ ဦးစားပေးနေကြတဲ့ အနေအထားတွေက အိမ်နီးချင်း နိုင်ငံတွေ နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောရမယ့် ဝတ္တရားရှိတဲ့ နိုင်ငံတွေက စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ စိုးရိမ် တယ်ဆိုတဲ့ စကားလုံးက သံတမန် စကားလုံးဖြစ်ပြီး စိုးရိမ်မှုက မူဝါဒတွေ ပြန်လည်ချိန်ညှိတာ၊ ထိတွေ့ဆက်ဆံနေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းတာ၊ ဒါလုပ်မှ ဒါပေးမယ်၊ မကြိုက်တာလုပ်ရင် ပိတ်ဆို့မယ်၊ ကန့်သတ်မယ် ဆိုတာမျိုးတွေ အထိ သက်ရောက်စေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစု နားလည်သလို စိုးရိမ်တယ် ဆိုတဲ့ စကားလုံးက ဘာလက်တွေ့ လုပ်ဆောင်မှုမှာ မပါ၊ စစ်ရေးတိုက်ပွဲတွေမှာ ပါဝင်စွက်ဖက်မှုမရှိပဲ နှုတ်က ပြောဆိုတဲ့ စကားလုံးသက်သက် အဖြစ်နဲ့ ရှုမြင်ကြပေမယ့် လက်တွေ့မှာ စိုးရိမ်မှုတွေက မူဝါဒတွေဆီ အနည်းနဲ့ အများသက်ရောက်လေ့ ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

လတ်တလော မြင့်တက်လာတဲ့ စစ်ရေးတိုက်ပွဲတွေ၊ စစ်ဆင်ရေး၊ အပျက်အစီး ပမာဏ အတိုင်းအတာနဲ့ လူသေဆုံးမှု အရေအတွက်တွေ၊ သိန်းနဲ့ ချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ထိခိုက်ပျက်စီးမှုတွေက ဒေသတွင်း နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်စပ်မှု အများဆုံး နိုင်ငံတွေမှာ သတိပေးချက် ပေါ်ထွက်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်နေလိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။ 

စစ်အာဏသိမ်းပြီးနောက် အကြပ်အတည်းကျရောက်နေတဲ့ မြန်မာနိုင်ငံအရေး နဲ့ပတ်သက်လို့ ကုလသမဂ္ဂလို အလားတူ လုပ်ဆောင်ဖို့ ဝတ္တရားရှိတဲ့ အဖွဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ အနေနဲ့ ၃ နှစ်ကျော်ကြာ တိုက်တွန်းလာတဲ့ ဆုပ်ကိုင်လာတဲ့ အာဆီယံ မူ ၅ ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသော်လည်း အကောင်အထည်ဖော်မှုတွေကို အလုံးစုံ ပြန်လည် သုံးသပ်ဖို့ ဆွေးနွေးမှုတွေ ယခုကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ စတင်ပေါ်ထွက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံး အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။ 

အရင်ကလည်း တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တာဖြစ်ပြီး အခု တကြိမ် ထုတ်ပြန်ချက်ထဲပါတဲ့ တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းချက်က လက်တွေ့ လုပ်ဆောင်ချက်နဲ့  မြန်မာ့အရေးက အလှည့်အပြောင်းတခု ပိုမိုအရေးကြီးတဲ့ အချိုးအကွေ့တခုကို ရောက်ရှိနေပြီဆိုတဲ့ သဘောလို့ ယူဆကောင်းယူဆလာကြတဲ့ သဘောဖြစ်ပါတယ်။ ကာယကံရှင်မြန်မာနိုင်ငံ အပါအဝင်  အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံက အာဆီယံလက်ရှိဥက္ကဌနဲ့ မတိုင်ခင် ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ နိုင်ငံတို့ပါဝင်တဲ့ ၃ နိုင်ငံက ပူးတွဲတိုင်ပင်ကာ ဖြေရှင်းမယ့် ၃ နိုင်ငံမူကို အဆိုပြုခဲ့တယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံပြီးနောက် ပါဝင်ပတ်သက်တဲ့ နိုင်ငံ၊ အကောင်းအဆိုး ဒဏ်ခံစားရတဲ့ နိုင်ငံ၊ မြန်မာနိုင်ငံက တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို အချိန်ကာလ အတိုင်းအတာတခုထိ လက်ခံစောင့်ရှောက်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသည့်တိုင် မြန်မာ့အတိုက်အခံတွေ အနေအထားတခုနဲ့ နေထိုင် ခိုလှုံနိုင်တဲ့ နိုင်ငံလည်း ဖြစ်လို့ မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိဥက္ကဋ္ဌ အပြင် ပါဝင်ဖို့ လိုအပ်တဲ့ နိုင်ငံလို့ ယူဆထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ အပြင် မြန်မာ့အရေးမှာ အတိုင်းအတာတခုထိ သြဇာရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ သုံးစွဲနေတဲ့ လက်နက်ခဲယမ်းတွေရဲ့ အရင်းအမြစ် နိုင်ငံလို့ အချို့က ယူဆကြတာကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ လတ်တလော တိုက်ခိုက်မှု အပြင်းအထန် ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသ နဲ့ ကချင်ပြည်နယ် အရှေ့တောင်ပိုင်း ဒေသတွေက တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်ရာမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ က ဆင်နွှဲနေတာ ဖြစ်သလို တရုတ်နိုင်ငံ အနေနဲ့  ၄င်းတို့မျှော်လင့်တာထက် လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အရှိန်အဟုန်က ပိုမိုကျော်လွန်နေတဲ့ အနေအထားလို့ သုံးသပ်ကောင်း သုံးသပ်နေမယ့် အနေအထား ဖြစ်ပြီး လတ်တလော တိုက်ပွဲတွေ ရပ်နားဖို့ ၄င်းလက်ထဲမှာရှိတဲ့ နှိပ်နိုင်တဲ့ ခလုတ်တွေကို နှိပ်ဖို့ ဆန္ဒရှိနေတဲ့ သဘောလို့ တရုတ်ရဲ့ မြန်မာ့အရေးနဲ့ဆိုင်တဲ့ သဘောထားကို မှန်းဆကြည့်ရပါတယ်။ 

မန္တလေးတိုင်းထဲက မြို့နဲ့ သိပ်မဝေးလှတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီတခုက ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို မကြာခင် ရက်တွေအတွင်း ဖြစ်ပွားတဲ့ MDY-PDF က သိမ်းယူခဲ့ပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖက်ဖက်က အဆောက်အဦတချို့ကို မီးရှို့သွားခဲ့တယ်လို့လည်း သတင်းအချို့မှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲ မှာ ပါဝင်တဲ့ ထီးချို့င့်မြို့နယ်ထဲမှာလည်း တရုတ်ကုမ္ပဏီ တခုက ပိုင်တဲ့ နီကယ်စက်ရုံတွေ တဝိုက် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထဲက လုပ်ငန်းတွေ အချို့ ထိခိုက်မှုတွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ခုရက်ပိုင်းမှာပဲ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးကို ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးဖို့ တိုက်တွန်းပြောဆိုချက် ရှိနေတာလည်း ဖြစ်ပြီး လတ်တလော တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ သက်ရောက်မှု ဘယ်လောက်ရှိမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar