Breaking News

ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ နဲ့ မြန်မာ

⁨⁨⁨⁨⁨

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨


ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ နဲ့ မြန်မာ

မြေနိမ့်ဒေသတွေ မဟုတ်တဲ့ တောင်ပေါ်မြို့ဖြစ်တဲ့ ကလောလို မြို့မှာ ချောင်းရေတက်၊ လူနေအိမ်တွေ မျောပါ၊ မြေကြီးနဲ့ နုံးတွေ ဖုံးလွှမ်းပြီး နေအိမ်တွေ နစ်မြုပ်တာ၊ ဆင်ခြေလျော တောင်စောင်းတွေမှာ တည်ဆောက်ထားကြတဲ့ လူနေအိမ်တွေ မြေပြိုပျက်စီးတာတွေ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ အချို့သော သတင်းဖော်ပြမှုတွေမှာ လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့လည်း ဖေါ်ပြထားကြပေမယ့် အချို့သတင်းတွေကတော့ အဲဒီကိန်းဂဏန်းက အမှန်တကယ် သေဆုံးတဲ့ ပမာဏထက် ပိုပြီးပြောထားတယ်လို့လည်း ဆိုကြသည့်တိုင် အနည်းဆုံး ဒါဇင်နဲ့ သေဆုံးခဲ့တာတော့ သေချာတဲ့ အချက်အလက်ဖြစ်ပါတယ်။ အလားတူ ပျဥ်းမနားမြို့အနီးက ဆင်သေချောင်း တလျှောက်၊ တပ်ကုန်းအနီးတဝိုက်က ကျေးရွာတွေ၊ ရမည်းသင်း စတဲ့ဒေသတွေမှာ လူ့အသက်ဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့တဲ့ ချောင်းရေ၊ တောင်ကျရေ ရုတ်တရက် ကျရောက်လာပြီး အိမ်တွေနဲ့ လူတွေပါ တိုက်စား စီးဆင်းသွားတဲ့ အဖြစ်အပျက်တွေက လူ့သက်တမ်းတခု အတွင်း မကြုံဖူးတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ နေထိုင်ကြတဲ့ အသက် ၇၀၊ ၈၀ အရွယ်လူကြီးတွေအနေနဲ့ အခုလို ဖြစ်ရပ်မျိုး သူတို့တသက်မှာ အခုတကြိမ်သာ ကြုံကြရတယ်လို့ ပြောဆိုကြပါတယ်။ 

၄င်းတို့ရဲ့ သက်တမ်းတလျှောက် ဒီဒေသမှာ အခုလို ရေဘေးအန္တရာယ် ကျရောက်တာ ပထမဆုံးအကြိမ်လို့ ပြောဆိုကြတာ တွေ့ရပါမယ်။ ဒီအချက်က ဘာကို ရည်ညွှန်းသလဲဆိုရင် ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ရေကြီးမှု၊ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှု၊ အင်အားပြင်းထန်လွန်းတဲ့ မုန်တိုင်းရဲ့ အကြွင်းအကျန် စတာတွေက အရင် ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိတာ ထင်ရှားပြီး အခုလို ဖြစ်စဥ်တွေက တသက်တာမှာ ပထမဆုံး အနေနဲ့ ကြုံကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

သိပ္ပံပညာရှင်တွေက ကမ္ဘာရဲ့ အပူချိန်မြင့်တက်မှုနဲ့ ရာသီဥတုအပေါ် သက်ရောက်မှု တနည်းအားဖြင့် ဆိုရရင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း ဖြစ်စဥ်တွေ အကျိုးဆက်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက လေ့လာသိရှိပြီး နိုင်ငံအသီးသီးက အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို နှိုးဆော်ခဲ့ကြတာ ဖြစ်ပေမယ့် တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေး ပြိုင်ဆိုင်မှုတွေ၊ မိမိတို့နိုင်ငံ စီးပွားရေးတိုးတက်မှု နောက်ကျမှာ စိုးရိမ်မှုတွေက ကျောက်မီးသွေး၊ ရုပ်ကြွင်းလောင်စာဆီ သုံးစွဲမှုတွေကို အစားထိုးလျှော့ချဖို့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မအောင်မြင်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျောက်မီးသွေး၊ ရုပ်ကြွင်းလောင်စာ အပြင် သစ်တောပြုန်းတီးမှုကလည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းမှာ အဓိကကျတဲ့အကြောင်းတချက် အနေနဲ့ ပါဝင်နေပြီး ကမ္ဘာမှာ နိုင်ငံရေး ပြဿနာ အုပ်ချုပ်မှုစနစ် ပျက်ပြားနေတဲ့နိုင်ငံတွေ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေလိုမျိုးမှာ ရှိတဲ့ သဘာဝသစ်တောတွေ လျင်မြန်စွာပျက်စီးဆုံးရှုံးလာနေတာ ယခုလက်ရှိအချိန်ထိ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို အားဖြည့်ပေးနေတဲ့ ရုပ်ကြွင်းလောင်စာ ကျောက်မီးသွေးတို့လိုမျိုး အသုံးများတဲ့ နိုင်ငံမဟုတ်ပေမယ့် သစ်တောပြုန်းတီးမှု၊ တရားမဝင် သစ်ခုတ်လှဲမှု၊ ထုတ်လုပ်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံက ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်တွေရဲ့ ဒဏ်ကို မြန်မာနိုင်ငံကသာ ခံရတာမျိုး မဟုတ်သလို၊ အခြားသော နိုင်ငံတွေ မှာ အများအပြားသုံးစွဲကြတဲ့ ကျောက်မီးသွေး၊ ရုပ်ကြွင်းလောင်စာတွေကြောင့် ပူနွေးလာမှုရဲ့ အကျိုးဆက်ကိုလည်း မြန်မာနိုင်ငံအနေနဲ့ ခံစားရမယ့် သဘောဖြစ်ပါတယ်။ 

ခုနှစ်ပိုင်းအတွင်း စံချိန်တင်ရလောက်တဲ့ ပြင်းထန်တဲ့ မုန်တိုင်း၊ စံချိန်တင်ရွာသွန်းတဲ့ မိုး၊ မြေပြိုမှု၊ လူ့အသက်ဆုံးရှုံးမှုနဲ့ အပူချိန် မြင့်တက်မှုတွေ ကမ္ဘာ့နေရာအနှံ့ ဖြစ်ပွားနေတာ သတင်းတွေထဲ ဖတ်ရှု ကြားသိနေရပါတယ်။ အာရှတိုက်၊ ဥရောပ၊ အမေရိက စတဲ့ ကမ္ဘာ့တိုက်ကြီး အားလုံးနီးပါးမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကျိုးဆက်တွေကို တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ မုန်တိုင်း၊ ရေကြီးမှု၊ စိုက်ပျိုးခင်းပျက်စီးဆုံးရှုံးမှုတွေက လူတွေ ပြုလုပ်တဲ့ သဘာဝဝန်းကျင် ထိခိုက်မှုရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ တနည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ 

အပူချိန်မြင့်တက်လာမှုရဲ့ အကျိုးဆက်က လူတွေတင်မကပဲ ပတ်ဝန်းကျင်က သက်ရှိတွေဖြစ်တဲ့ အင်းဆက် ပိုးမွှားတွေမျိုးအထိ အကျိုးသက်ရောက်မှုတွေရှိလာမှာ ဖြစ်ပြီး ခုနေ သတိမပြုမိသေးတဲ့ အကျိုးဆက်၊ ရှုပ်ထွေးတဲ့ဖြစ်စဥ် အကျိုးဆက်တွေလည်း ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ 

ကမ္ဘာကြီးပူနွေးလာမှုက ရိက္ခာဖူလုံမှု ပြဿနာကိုလည်း ထိခိုက်လာစေနိုင်တဲ့ အနေအထားတွေ ပေါ်ထွက်လာ နေတာဖြစ်ပါတယ်၊ အပူရှိန်မြင့်တက်မှု၊ ရေခန်းခြောက်မှုတွေက ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေသလို၊ မုန်တိုင်း၊ မိုးသည်းထန်မှု၊ ရေကြီးမှုတွေကလည်း ရိက္ခာထုတ်လုပ်မှုတွေကို ပျက်စီးစေပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ရေငံဝင်ရောက်မှု တို့ကလည်း ရိက္ခာထုတ်လုပ်မှုတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

ဒီဖြစ်စဥ်တွေ အကြောင်းအကျိုးဆက်နွယ် ဖြစ်ပေါ်မှုတွေက ကမ္ဘာ့အတိုင်းအတာ နဲ့ ဖြစ်ပေါ်နေသလို မြန်မာနိုင်ငံကို ပြန်ကြည့်ရင် ယခုနှစ် မိုးရာသီအတွင်း ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုတွေက နာဂစ်ဆိုင်ကလုန်း ဖြစ်ရပ်နဲ့ နှိုင်းယှဥ်ရလောက်အောင် ကြီးမားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ရှမ်းအရှေ့က စလို့ ရှမ်းတောင်၊ မန္တလေးတိုင်း၊ ကရင်နီ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် တို့အထိ ကျယ်ပြန့်တဲ့ ဒေသတွေအထိ သက်ရောက်မှုကြီးမားပြီး ဆုံးရှုံးမှုလည်း များပြားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဥ်တွေက မြန်မာနိုင်ငံတနိုင်ငံတည်းမှာသာ ဖြစ်ပွားတာ မဟုတ်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ် တို့လိုနိုင်ငံတွေ မှာ နိုင်ငံရေး ပြဿနာ၊ စီမံအုပ်ချုပ်မှု ပြဿနာတွေ မရှိဘဲ မြန်မာနိုင်ငံကတော့ စစ်မက်ဖြစ်ပွားနေချိန် နိုင်ငံရေးအရ စိတ်ဝမ်းကွဲနေကြချိန် ကျပ်တည်းခက်ခဲချိန်မှာ သဘာဝဘေးအန္တရာယ် ခံစားကြရတဲ့ အဖြစ်က ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့ အဖြစ်မျိုး၊ ကံကြမ္မာမျိုးလို့သာ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတော့တယ်။⁩



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar