Breaking News

ထရန့်ခေတ် ၄ နှစ်နဲ့ မြန်မာ့ လက်နက်ကိုင် တော်လှန်ရေး အပေါ် သက်ရောက်မှု

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၁ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅


ထရန့်ခေတ် ၄ နှစ်နဲ့ မြန်မာ့ လက်နက်ကိုင် တော်လှန်ရေးအပေါ် သက်ရောက်မှု

အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ အနိုင်ရသူ ဒေါ်နယ်ထရန့် အာဏာလွှဲပြောင်းရယူတဲ့ ပထမနေ့မှာပဲ သမ္မတအာဏာနဲ့ ညွှန်ကြားထုတ်ပြန်ခွင့် ရှိတဲ့ (executive order )  အမိန့်အများအပြားကို လက်မှတ်ရေး ထိုးခဲ့ပါတယ်။ သမ္မတရာထူး လက်ခံရယူပြီးတဲ့ နေ့မှာတင် အခုလို အလောသုံးဆယ် လက်မှတ်ထိုး ညွှန်ကြားရတဲ့ အဖြစ်က အရင် သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်ဆောင်ရွက်ခဲ့တဲ့ မူဝါဒ၊ ရပ်တည်ချက်၊ ဥပဒေ အစရှိတာတွေကို ပြောင်းပြန်လှန်ဖို့ စိတ်စောနေတာ အထင်အရှား ပြသလိုက်သလိုလည်း ဖြစ်ပါတယ်။ ထရန့် လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်တွေအနေနဲ့ နိုင်ငံတကာကို ရိုက်ခတ်နိုင်တာတွေ ရှိသလို မြန်မာ့အရေးကိုလည်း အတိုင်းအတာ တခုထိ ရိုက်ခတ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ ထရန့်အဖို့ မြန်မာ့အရေးဟာ အရေးမကြီးသလို ၄င်းရဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေတဲ့ အစိုးရအဖွဲ့ဝင် အတော်များများကလည်း မြန်မာ့အရေး မသိသူ၊ စိတ်မဝင်စား အရေးမထားသူတွေ အများစုလို့ဆိုရင် မှားမယ် မထင်ပါဘူး။ ကာကွယ်ရေး ဝန်ကြီးတာဝန်ယူမယ့်သူ ဆိုရင် အာဆီယံအဖွဲ့မှာ ဘယ်နိုင်ငံတွေ ပါဝင်သလဲဆိုတာတောင် မသိဘူးလို့ ဝန်ကြီး တာဝန်ယူဖို့ အဆိုပြုခံရသူကို လွှတ်တော်ကော်မတီက မေးမြန်းကြားနာပွဲမှာ သိကြရတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက မြန်မာ့အရေးမှာ သြဇာပေးနေတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေတာတွေကို ထရန့်အနေနဲ့ ကြားဖူးသလား၊ သိရှိဖူးသလား မသိရပေမယ့် တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတခု ဖြစ်တယ်ဆိုပြီး ထရန့်အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူမယ့်သူက ပြောဆိုနေတာကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာ ပါဝင်စွက်ဖက်မှုတွေ ရှိနေပြီး စစ်ကောင်စီရဲ့ နယ်မြေတွေ စစ်တိုင်းဌာနချုပ်တွေကို သိမ်းယူထားတဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ကို ဖိအားပေးပြီး စစ်ကောင်စီနဲ့ အပစ်ရပ်စေခဲ့တဲ့ အဖြစ်ကြောင့်လည်း မြန်မာနိုင်ငံက လူထု အများအပြားက တရုတ်နိုင်ငံ အစိုးရကို မလိုလား ဖြစ်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်မယ့်သူက အခုလိုပြောဆိုချက်ကို ထောက်ခံကြတာလည်း ဖြစ်ပါတယ်။ 

အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ အပြင်းအထန် အားပြိုင်ကြမယ့် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ် နဲ့ ကုန်သွယ်ရေး ကိစ္စတွေလို အရေးကိစ္စတွေ ရှိပေမယ့် မြန်မာ့အရေးက အမေရိကန်ပြည်ထောင်စုအဖို့ ကမ္ဘာ့အချို့ဒေသ အရေးတွေလောက် အကျိုးစီးပွားဆက်စပ်မှု ရှိမနေတာကြောင့် မျက်စေ့လျှံ ခံရမယ့် အရေးတခုသဖွယ်လည်း ဖြစ်နေတာပါ။ 

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ဆက်ဆံမှုမရှိစေဖို့ ကျော်ဖြတ်မရတဲ့ အနီရောင်စည်း အဖြစ် သတ်မှတ်ပြီး သက်ဆိုင်တဲ့ အဖွဲ့တွေကို အသိပေးထားရှိ ပေမယ့် အဲဒီလိုတရုတ်ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် အစိုးရအဖို့ အရေးတကြီး စဥ်းစားပြီး တုံ့ပြန်ရမယ့် ကိစ္စတခုအဖြစ် မမြင်ခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ 

ဒီလို အခြေအနေတွေ အပြင် နိုင်ငံရေး အကြောင်းကြောင့်၊ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသူတွေ၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဖိနှိပ်အုပ်ချုပ်ခံရတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက ဒုက္ခသည်အဖြစ် လက်ခံခေါ်ယူပေးနေတဲ့ အစီအစဥ်တွေလည်း ထရန့်က ရပ်ဆိုင်းထားဖို့ အာဏာလွှဲယူတဲ့ နေ့ ပထမဆုံး ဦးစားပေး အမိန့်နဲ့ ညွှန်ကြားခဲ့ပါတယ်။ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးနေတာတွေကိုလည်း ရက် ၉၀ ကြာဆိုင်းငံ့ထားပြီး ပြန်လည် သုံးသပ်ပြီး ဖြတ်တောက်တာ ရပ်ဆိုင်းတာ ခွင့်ပြုတာ ဆုံးဖြတ်မယ်ဆိုတဲ့ ညွှန်ကြားချက်ဟာလည်း ထရန့် လက်မှတ်ထိုးတဲ့ အထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ဒီဆိုင်းငံ့တဲ့ သက်ရောက်မှုက မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လူနည်းစု အခွင့်အရေး ကာကွယ်မှု၊ ပညာရေး နယ်ပယ်တို့မှာ အမေရိကန်ပြည်ထောင်စုက ပေးအပ်နေတဲ့ အကူအညီတွေကို သက်ရောက်မှု ကြီးကြီးမားမား ရှိစေမှာ ဖြစ်ပါတယ်။ 

မြန်မာ့ လက်နက်ကိုင်တော်လှန်ရေး အပေါ်မှာတော့ နကိုကတည်းက အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူအညီ တစုံတရာ ပေးအပ်ခဲ့တာ မရှိလို့ သက်ရောက်မှု ကြီးကြီးမားမား မရှိဘူးလို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် စိတ်ဓါတ်ရေးအရ အကူအညီ၊ သံတမန်ရေးအရ ရပ်တည်ပေးခဲ့တာ ဖြစ်လို့ ထရန့် လက်ထက်မှာ အမေရိကန် အကျိုးစီးပွားအတွက် အရေးမကြီးတဲ့ မြန်မာလိုအရေးကိစ္စတွေ အရေးတယူ မလုပ်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အမေရိကန် လွှတ်တော်ထဲက ရီပတ်ဗလစ်ကင်ပါတီအမတ် မစ်ချ်မက်ကော်နယ်လို မြန်မာ့အရေးကိစ္စ ဦးဆောင်လုပ်ကိုင်ခဲ့သူလည်း ကျန်းမာရေး အကြောင်းကြောင့် လွှတ်တော်က အနားယူသွားချိန်မှာ မြန်မာ့အရေးက အာရုံစိုက်ခံရဖို့ အခွင့်အလမ်းနည်းလာနိုင်ပါတယ်။   

ထရန့် အစိုးရဟာ အမေရိကန်ပြည်ထောင်စုထဲရဲ့ အကျိုးစီးပွား တနည်းအားဖြင့် ဘီလျံနာသူဌေးကြီးတွေ၊ နည်းပညာအားပြုတဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေ ပိုင်ဆိုင်တဲ့ အီလွန်မတ်စ် လိုသူတွေ အတွက် အစိုးရရဲ့ မူဝါဒတွေ ပြင်ဆင်ပေးတာ၊ နိုင်ငံတကာပြိုင်ဆိုင်မှုတွေကို ကာကွယ်ပေးတာ စတဲ့အရေးကိစ္စတွေကို ပိုမိုစိတ်ဝင်စား လိမ့်မယ်လို့ အကဲခတ်သူတွေက ယူဆနေကြပါတယ်။ နိုင်ငံတကာအရေးတွေမှာ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို နိုင်ငံရေးကိစ္စရပ်တွေထက် ပိုပြီး အာရုံစိုက်သူ အဖြစ်၊ နိုင်ငံတကာမှာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုးရွားစွာချိုးဖောက်တဲ့ အစိုးရတွေကို ဖိအားပေးတာမျိုးထက် အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ လက်တွေ့ကျင့်သုံးဖို့ကို ပိုမိုစိတ်အားထက်သန် အာရုံစိုက် လုပ်ဆောင်မယ့် သဘောလည်း ဖြစ်ပါတယ်။ 

ချုံ့ပြောရရင် လာမယ့် ထရန့်ခေတ် ၄ နှစ်တာကာလမှာ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို စိတ်ဝင်စားမှု၊ ထောက်ခံမှုနဲ့ စစ်ကောင်စီကို ဖိအားပေးဖို့ အလားအလာ မှေးမှိန်နေတဲ့ အနေအထားဖြစ်ပြီး တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲဖြစ်စေ၊ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတွေမှာ ထိပ်တိုက်တိုး အားပြိုင်ကောင်း ပြိုင်ကြမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာပေးမှု၊ နိုင်ငံရေးသြဇာအာဏာကို လျော့ပါးအောင် လုပ်ဆောင်မယ့်အရေး ထရန့်အနေနဲ့ စိတ်ဝင်စားဖို့ အလားအလာ နည်းပါးနေတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar