Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁ မြင်ကွင်း

(မိုးမခ) မေ ၂၊ ၂၀၂၂


(မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ရက်စွဲမြင်ကွင်းခေါင်းစဉ်ကနေ မြန်မာနွေဦး ခရိုနီကယ် မြင်ကွင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်)

ကမ္ဘာ့အလုပ်သမားနေ့ နဲ့ မြန်မာ့အလုပ်သမားအခွင့်အရေး ၊ စစ်ပွဲမဟုတ်တဲ့ သတ်ဖြတ်မှုတွေ ပိုများလာနိုင်ခြေရှိနေ 

မေဒေးနေ့ လို့ခေါ်ကြတဲ့ မေလ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားလို့ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ မေဒေးနေ့ အထိမ်းအမှတ်နေ့မှာ စုဝေးကာ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းတွေထဲမှာ ပါရှိပါတယ်။  

မြန်မာနိုင်ငံထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေး ကိစ္စတွေပါ လွတ်လွတ်လပ်လပ် တောင်းဆိုလှုပ်ရှားလို့မရတော့တာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ပထမဆုံး ဆန္ဒပြမှုတွေမှာ ပါဝင်လာတာ အလုပ်သမားတွေ အများအပြား ပါဝင်ခဲ့ပါတယ်။ မတ်လ ၊ ဧပြီလနောက်ပိုင်းမှာတော့ အလုပ်သမားအရေးကိစ္စတွေ လုပ်ကိုင်တဲ့ အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းတွေလည်း ရှာဖွေခံရ ဖမ်းဆီးခံရ၊ ပြည်ပကို တိမ်းရှောင်ရတာတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုဟာ တိတ်ဆိတ်သွားခဲ့ရတာတွေ့ ရပါတယ်။  

အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ၊ တနှစ်တာအတွင်း ငွေဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ အစစအရာရာ ကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားရှိတဲ့ အနိမ့်ဆုံးလုပ်ခလစာလိုမျိုးနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်တာမျိုးတွေ စတဲ့အလုပ်သမားအခွင့်အရေး ကိစ္စတွေအခုလိုကာလမှာ ပြောဆိုနိုင်တဲ့ အခြေအနေမရှိတော့တာ တွေ့ရပါတယ်။  

ကိုဗစ်ကူးစက်ကပ်ရောဂါ ကာလမှာကတည်းက  အလုပ်သမားအခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဌာနတွေက ဆောင်ရွက်မှုတွေ နှောင့်နှေးလာခဲ့ပြီး ဆန္ဒပြမှုလို အခွင့်အရေးတောင်းဆိုမှုတွေလည်း ကိုဗစ်ကူးစက်မှု ကန့်သတ်ချက် စည်းမျဥ်းတွေကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြတော့ရာက စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ အလုပ်သမားအခွင့်အရေးကိစ္စတွေဟာ နိုင်ငံရေး ဖိနှိပ်မှုတွေ ပဋိပက္ခတွေရဲ့ အောက်ကို ရောက်သွားခဲ့ပါတယ်။ 

ဘဏ်တွေ ငွေသားမထုတ်ပေးနိုင်လို့ လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲရှိတာတွေ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာကြောင့် လုပ်ခလစာတွေက အရင်ကျပ်ငွေတန်းဖိုးတုန်းကလောက် အသုံးမခံတော့တဲ့ အခြေအနေတွေ ရင်ဆိုင်နေကြရပေမယ့် နိုင်ငံရေး တိုက်ပွဲ လက်နက်ကိုင် ပဋိပက္ခ၊ လက်နက်ကိုင် တော်လှန်ရေး စတဲ့အကြောင်းအရာတွေက အလုပ်သမားအခွင့်အရေး၊ လူမှုဘဝ အခြေအနေခက်ခဲမှုတွေကို ဖုံးလွှမ်းသွားခဲ့တာ မျိုးကြုံကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။  

၂၀၁၁ နောက်ပိုင်း ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ခွင့်ရလာတာ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ တရားဝင် တည်ထောင် လှုပ်ရှားလာနိုင်ကြရာက အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် အလုပ်ချိန်၊ အလုပ်ခွင် အခြေအနေတိုးတက်မှု စတဲ့ ကိစ္စရပ်တွေကို အလုပ်သမားတွေ မိမိတို့ဘာသာ တောင်းဆိုညှိနှိုင်း လုပ်ဆောင်လာခါစမှာ စစ်အာဏာသိမ်းမှုက အားလုံးနောက် ပြန်ဆုတ်သွားစေခဲ့သလို ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။  

ဒီနေ့အတွက် အခြားသောသတင်းတွေကတော့ လက်နက်ကိုင် တိုက်ပွဲမှာ မဟုတ်ဘဲ မြို့တွေမှာ ကျေးရွာတွေမှာ အရပ်သားတွေ သတ်ခံရတဲ့ အဖြစ်အပျက်တွေ ပိုမိုများပြားလာနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီနေ့ သတင်းတပုဒ်ထဲမှာ မြို့နယ်တမြို့နယ်အတွင်းမှာကိုပဲ တနှစ်ကျော်ကာလအတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရသူ လယ်ကွင်းတွေထဲ ဆည်ရေပေးတဲ့ မြောင်းတွေထဲ စွန့်ပစ်ခံထားရတဲ့ အလောင်း ၁၀၀ နီးပါး တွေ့ရှိသင်္ဂြိုဟ်ခဲ့ရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေ ကို သတ်ဖြတ်တာလို့ ယေဘုယျအားဖြင့် ယူဆရပြီး နိုင်ငံရေး ရပ်တည်ချက် လုပ်ဆောင်ချက် အကြောင်းကြောင့် သတ်ဖြတ်ခံကြရတာလို့ ယူဆရပါတယ်။ ပစ္စည်းယူ၊ လုယက် လူသတ်တာလို ရာဇဝတ်မှုမျိုးမဟုတ်ဘဲ နိုင်ငံရေး ဘက်မတူသူ၊ တဖက်လက်နက်ကိုင် အဖွဲ့ဝင်လို့ ယူဆသူ၊ ထောက်ခံသူ အားပေးသူ သတင်းပေးသူလို့ ယူဆခံရတဲ့ အရပ်သားတွေ ၊ အချို့သော အခြေအနေမှာ ၄င်းတို့ရဲ့ လုပ်ဆောင်မှုတွေကို မြင်တွေ့လို့ သက်သေခံ ပြောဆိုမှာကို စိုးရိမ်ပြီး နှုတ်ပိတ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။  

ဒီလိုအဖြစ်မျိုးတွေက ကျေးရွာတွေတင်မကပါဘူး၊ ရန်ကုန်တိုင်းထဲမှာလည်း နေ့စဥ်လိုလို ဖြစ်ပျက်နေတာပါ။ စည်ပင် နယ်နိမိတ်ထဲက မြို့နယ်တွေမှာလည်း ဖြစ်နေသလို ရန်ကုန်မြို့နဲ့မဝေးတဲ့ သန်လျင်၊ ခရမ်း၊ သုံးခွ ဒေသတွေမှာလည်း နေ့စဥ်လိုလို သတ်ဖြတ်ခံရတဲ့ သတင်းတွေ ကြားသိနေရတာ ဖြစ်ပါတယ်။  

မြို့ပြပြောက်ကျားအဖွဲ့အချို့က ဒလန်ရှင်းလင်းရေး လုပ်ဆောင်ကြရာက ရယက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကြံ့ခိုင်ရေးပါတီဝင် စတဲ့သူတွေထဲက လုပ်ကြံသတ်ဖြတ်ခံရသူတွေကို သတင်းပေးလို့ စွပ်စွဲပြီး လုပ်ကြံ သတ်ဖြတ်ကြတာဟာ နိုင်ငံရေးအရ အကျိုးရလဒ်ထက် လက်စားချေမှုတွေလည်း ထွက်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေ ရှိနေတာ ဖြစ်ပါတယ်။ အခုသီတင်းပတ်တွေမှာ အလားတူ လက်တုံ့ပြန် သတ်ဖြတ်မှုတွေ စတင်လာနေပြီး ကာယကံရှင် မဟုတ်တဲ့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေကိုပါ ပစ်မှတ်ထား  လက်စားချေ လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ တခုပြီးတခု ကြားသိလာနေရပါတယ်။  

ဒီလို လူသတ်၊ လက်စားချေတဲ့ အစဥ်အလာ ခုထက်ပိုမကြီးထွားလာခင်မှာ နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့တွေ လူပုဂ္ဂိုလ်တွေအနေနဲ့ ဒီလို အစဥ်အလာဆိုး အငြိုးတွေပိုမများလာခင် ထိန်းသိမ်းကြဖို့ အရေးတကြီး လိုအပ်နေပြီလို့ ယူဆမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar