Breaking News

ဂျူဒီယာ - သေဆုံးနေတဲ့ ပန်းချီကား



သေဆုံးနေတဲ့ ပန်းချီကား
ဂျူဒီယာ
(မိုးမခ) သြဂုတ်လ၊ (၂၆) ရက်


မြင်ကွင်းတွေက ဘောင်ခတ်ခံထားရတယ်။ သို့ပေမယ့် စိတ်အစဉ်က မြင်းရိုင်းလေးတစ်ကောင်လို ဟိုဒီခုန် ပေါက်နေတော့ ရောက်ချင်ရာရောက် လွတ်ချင်တိုင်း လွတ်နေနိုင်သေးတယ်။

သြဂုတ်လရဲ့ မိုးရေစက်တွေက မြင်မြင်ကရာကို ရေနစ်နေတဲ့ ကြွက်စုတ်တစ်ကောင်လို ဖြစ်သွားစေခဲ့ပြီ။ မိုးရေစက်တွေနဲ့အတူ  အသက်သွေးတွေလည်း စီးခဲ့ကြပြီးပြီ။ နောက်ဆုံးအချိန်ထိ စီးရေနဲ့အတူ ဘာတွေကို သယ်ဆောင်သွားမလဲဆိုတဲ့ အတွေးနဲ့ (အငြိုးအတေးနဲ့လည်း ဖြစ်နိုင်တယ်) သည်းသည်းမဲမဲ ရွာချနေသေး တော့။ရပ်ရှစ်ခွင်ကို မျှော်ကြည့်လိုက်ရင် မိုးသားမိုးရိပ်တွေဟာ မှိုင်းလို့မှုန်လို့။  အမုန်းတရားတွေကိုပဲ လာရာ လမ်းအတိုင်း သယ်ဆောင် သွားပြီး ချစ်ခြင်းမေတ္တာကိုတော့ ချန်ထားခဲ့ပေးပါ ငါ့ရှင်မိုးမင်း။

ပြူတင်းပေါက်အပြင်ဘက်က မြင်နေရတဲ့ သပြုပင်ပေါ် မိုးရေစက်တွေ ကျနေပေမယ့် ပန်းချီကားရဲ့ သစ် ရွက်တွေပေါ်မှာ မိုးစက်လေးတွေ စီးကျနေတာကိုတော့ သေချာမမြင်ရ။ ဒါကတော့ ပန်းချီကားကို ဖန်တီးခဲ့ သူရဲ့ လျို့ဝှက်ချက်သာ ဖြစ်ပါလိမ့်မယ်။ မိုးရွာချိန်မှာဖြစ်တည်ခဲ့တဲ့ပန်းချီကားဖြစ်နေတဲ့ အတွက် သူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ စိမ်းလန်းနေပါလိမ့်မယ်။ သို့ပေမယ့် သူမြင်တွေ့နေရတဲ့ ပြူတင်းပေါက်ပန်းချီကား ကတော့ အချိန်ကာလရဲ့ စီးဆင်းတိုက်စားမှုအောက်မှာ သုံးရာသီစလုံး ပြောင်းလဲနေပေလိမ့်မယ်။

ယခင်ဝေဆာခဲ့တဲ့ အကိုင်းအခက်စိမ်းစိမ်းတွေကို နွေလေရူးချိန် အရိုးပြိုင်းပြိုင်းနဲ့ အထီးကျန်ခြင်းရဲ့ အလှ တရားအဖြစ် နွေဦးကံကော်သီချင်းဖွင့်ရင်း စာအုပ်တစ်အုပ်ဖတ်ရင်း မြင်တွေ့ဖူးခဲ့ပြီ။ အဲ့ဒီအချိန်မှာ သစ်ကိုင်း ပေါ် ငှက်ကလေးတစ်ကောင်လာနားမယ်။ ငှက်ကလေးက ဥသြ မည်းမည်း လေးတစ်ကောင်ဖြစ်ချင်ဖြစ် မယ်။ ကျီးကန်းလေးတစ်ကောင်ဖြစ်ချင်ဖြစ်မယ်။ စာကလေး တစ်ကောင် ဖြစ်ချင်ဖြစ်မယ်။ ဆက်ရက်ကလေးတစ်ကောင်ဖြစ်ချင်ဖြစ်လိမ့်မယ်။ အဓိကက ငှက်တစ်ကောင်လာပြီး နားခိုဖို့ပဲလိုအပ် တာပါ။ အဲဒီလွမ်းချင်းဆိုနေတဲ့ ငှက်ကလေးဟာ သူ မဖြစ်သွားဖို့လည်း အရေးကြီးပါသေးတယ်။

မိုးရာသီရဲ့ စိမ်းစိုဝေဆာနေတဲ့ သစ်ရွက်များကို မိုးဖွဲကလေးတွေ တဖောက်ဖောက်နဲ့ လွင့်စဉ် ထိမှန်ခံပြီး ငေးကြည့်ခဲ့ဖူးပြီ။ သူ့တို့လေးတွေ စိမ်းစိုလန်းဆန်းနေကြပုံကို ကြည့်နေရင်း သူဟာ လည်းပဲ သန့်စင်ငြိမ်းချမ်း သွားသလိုလို။ သစ်စိမ်းရွက်တွေ ဝေဆာနေတဲ့ အချိန်မို့လို့ ပန်းချီကားရဲ့ အခြားတစ်ဘက်မှာ ရှိနေတဲ့ တောင်ပေါ်စေတီကိုတော့ မမြင်ရပါ။ သစ်ရွက်တွေ ကြဲပါးသွားချိန် သို့မဟုတ် သစ်ရွက်တွေကြွေသွားချိန်မျိုး ဆို ဟိုးတောင်ပေါ်က သမိုင်းဝင်တန်ခိုးကြီးစေတီတစ်ဆူ တည်ထားတာကို မြင်တွေ့ရနိုင်ပါတယ်။ အဲဒီတောင်ေပါ် စေတီကို ရောက်ဖို့ မြစ်ကိုဖြတ်သွယ်ထား တဲ့ ကြိုးတံတားကို ဖြတ်ကူးရပါတယ်။ ကြိုးတံတားက လူတွေဖြတ်လျှောက်ပြီဆို လှုပ်လီလှုပ်လဲ့နဲ့ နည်းနည်းခါယမ်းနေပေမယ့် ဖြတ်ကူးရတာ အဆင်ပြေပါတယ်။

တစ်ခါတစ်ခါဆို  တောင်ပေါ်ကိုသွားဖို့ ကြိုးတံတားပေါ်မှာ မိန်းမငယ်လေးတွေ လက်နှစ်ချောင်း ထောင်ရင်း ဖိုတိုရိုက်နေတာတွေ တွေ့ရတတ်တယ်။ သူ့ကတော့ တောင်ပေါ်က တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားရဲ့ စနေ ထောင့်မှာ အသားအရေ ရှင်းသန့်ညိုစင်သူတစ်ယောက်အတွက် ကြာညိုပန်းကို တစ်ခါကပ်လှူ ဆုတောင်းခဲ့ ဖူးရုံကလွဲလို့ တောင်ပေါ်ကို သိပ်မရောက်ဖြစ်။

တောင်ပေါ် ရောက်ဖြစ်ခဲ့ရင်လည်း ရှိခိုးဆုတောင်းခြင်းတွေ မလုပ်ဖြစ်တော့ဘဲ ဓာတ်လှေကား စင်္ကြံလမ်း ပေါ်ကနေ မြစ်ငယ်လေး ကွေ့ပတ်ဖြတ်သန်းနေတဲ့ မြို့ငယ်လေးရဲ့ တည်နေပုံရယ်၊ မြစ်ငယ်ကို ဖြတ်သွယ် ထားတဲ့ ကြိုးတံတားလေးရယ်၊ မြစ်ထဲမှာ ကူးခတ်သွားလာနေကြတဲ့ လှေငယ်လေးတွေကိုပဲ ငေးရီမင်တက် ရင်းနဲ့  အတွေးနယ်ချဲ့နေမိတာပါပဲလေ။

သစ်ရွက်ကလေးတွေပေါ် နှင်းငွေ့လေးတွေ ဝေ့နေပုံကို ကော်ဖီပူပူတစ်ခွက်အေးသွားသည်အထိ မလှုပ် မယှက်ထိုင်ကြည့်ခဲ့ဖူးပြီ။ စာရေးခုံပေါ်မှာက ကော်ဖီတစ်ခွက်အပြင် စာအုပ်တစ်အုပ်ကလည်း ပွင့်လျက် သား။ စာအုပ်က ဖတ်နေရင်းနဲ့ ဝါကျတွေ ရှင်းလင်းသွက်လက်နေရာကနေ စကားလုံးတစ်လုံးကြောင့် အဓိပ္ပာယ်ရှာမရဘဲ ထစ်ငေါ့သွားတယ်။ အဲ့ဒီစကားလုံးကိုပဲ အထပ်ထပ်အခါခါ ဖတ်နေရင်း ဝါကျတွေကို ရှေ့ဆက်ပြီး တိုးမဖတ်နိုင်တော့။ ဘဝလမ်းမှာ  တစ်ခါတစ်လေ ဖြစ်ဖြစ်သွားတတ်တဲ့ သူ့အဖြစ်နဲ့ ခပ်ဆင် ဆင်တူသွားတယ်။ သူလည်းပဲ ဘဝလမ်းခရီးမှာ အခက်အခဲမရှိအောင် ကြိုးစားလျှောက်လမ်းနေရာက ဘာမှမဟုတ်တဲ့ အလှည့်အပြောင်းလေး တစ်ခုတစ်လေကြောင့် (မခက်ခဲရပါဘဲ) ခြေလှမ်းတွေ ရပ်ရပ်သွားခဲ့ ရတယ်လေ။ နှင်းမှုန်တွေ ဝေတဲ့အချိန်ဆိုတော့ မြင်ကွင်းတွေက မှုန်ဝါးဝါးနဲ့။ အေးမြမြရာသီမှာ လူသားတွေ ဟာ လေးလေးကန်ကန်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း။

သစ်ရွက်လေးတွေကတော့ စိမ်းရာကနီ၊ နီရာကဝါ၊ ဝါရာက မြောက်ပြန်လေနဲ့အတူ တဖြုတ်ဖြုတ် ဝဲလို့ ...ကြွေလို့ ...... 

ဂျူဒီယာ
20 - 8 - 2019
11 : 15 pm