နေသွင်ညိဏ်း - သက်ဆင် ပြည်တော်ပြန်ခရီး ( အဝေးမြင်)
သက်ဆင် ပြည်တော်ပြန်ခရီး ( အဝေးမြင်)
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၃
သက်ဆင်နဲ့ ယင်းလပ်တို့ဆီကနေ ထိုင်းစစ်တပ်က အာဏာသိမ်းတော့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ ကမ္ဘာမှာ စစ်တပ်က အာဏာသိမ်းတာ ဖြစ်တတ်ပေမယ့် လူတယောက်တည်းဆီကနေ ၂ ကြိမ်၂ ခါ အာဏာသိမ်းတာကတော့ သက်ဆင်တယောက်ပဲ ကြုံလိုက်ရတယ်လို့ ရေးထားတယ်။
မြန်မာပြည်မှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ဆင်လိုပဲ ၂ ကြိမ် ၂ ခါ အာဏာသိမ်းခံရလိုက်ရတော့တာပဲ။ တယောက်တည်းမှ တကယ်တယောက်တည်းပါပဲ။
ထိုင်းမှာ သက်ဆင်နဲ့ သူ့ရဲ့အဆက်အနွယ်တွေဟာ လုပ်သမျှရွေးကောက် ပွဲတိုင်း နိုင်ခဲ့တယ်။ အခု နောက်ဆုံးရွေးကောက်ပွဲအထိလည်း အနိုင်ရပါတီတွေထဲ ပါနေတုန်းပဲ။ သက်ဆင်ဆီက ပထမဆုံး အာ ဏာသိမ်းတုန်းက အပျိုပေါက်လေးရှိသေးတဲ့ သူ့သမီးဟာ သူ့အဖေနဲ့ သူ့အဒေါ် ခြေရာကို နင်းနေပြီ။
ကျနော်အမှတ်မမှားရင် သက်ဆင်ဟာ ပြည်သူတွေ ( အထူးသဖြင့်မြောက်ပိုင်းနဲ့ဆင်းရဲးသား) တွေကြား လူကြိုက်များသလို အဲ့ဒီအချိန်က ထိုင်းအိမ်ရှေ့စံ (အခု ဘုရင်) နဲ့ အလွန်ရင်းတယ်လို့ဖတ်ဖူးတယ်။ တချိန်တည်းမှာ အခမ်းအနားတခုမှာ ဘုရင်စနစ်ကိုဝေဖန်တယ်ဆိုပြီး ရေးသားကြတယ်။
ဘုရင်ကြီး နာမကျန်းချိန် အာဏာအလွှဲအပြောင်းဖြစ်ခါနီးမှာ စစ်တပ်က လက်ဦးမှုယူပြီး အာဏာသိမ်းခဲ့တယ်လို့ယူဆကြတယ်။ အခုတော့ မင်းပြောင်း မင်းလွှဲလည်းဖြစ်ပြီး ဘုရင်စနစ်ကို ပြောင်ဝေဖန်တဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာပါပြီ၊
ဒေါ်စုနဲ့ ယင်းလက်၊ ဒေါ်စုနဲ့ သက်ဆင်ကို ကျနော့် မိတ်ဆွေထိုင်းတချို့က မျဉ်းပြိုင်ဆွဲပြီး ပြောတာ နားထောင်ဖူးတယ်။
လွတ်လပ်တဲ့ရွေးကောက်ပွဲတိုင်း နိုင်တာ၊ စစ်တပ်က အနိုင်ကျင့် အာဏာ သိမ်းတာ ခံရတာချင်းတူတာကို သူတို့က တူတယ်လို့ပြောကြတာပါ။
၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့အခါ အဂတိမှုနဲ့ တရားစွဲခံရတာချင်းပါ တူသွားပါတယ်။ ဒါပေမယ့် စီးပွားရေး သောင်းကျန်းတဲ့နေရာမှာတော့ သက်ဆင်ဟာ မြန်မာပြည်က အာဏာသိမ်းခေါင်းဆောင်နဲ့ ပိုပြီးတူပါလိမ့်မယ်။ ပထမဆုံးအမှုတခုက တယ်လီကွန်မြူနကေးရှင်းကုမ္ပဏီတခုကို ရောင်း စားရာက စခဲ့တာမှတ်မိပါတယ်။ မြန်မာပြည်က အာဏာသိမ်းခေါင်း ဆောင်နဲ့ သားသမီးတွေဟာ တယ်လီကွန်မြူနကေးရှင်းကနေ အနုပညာလုပ်ငန်းတွေအထိ လက်တံတွေဖြန့်ထားတာ တွေ့ရပါလိမ့်မယ်။
ဒါပေမယ့် စီးပွားရေးလုပ်ငန်းလည်း မရှိ၊ လာဘ်ပေးလာဘ်ယူတဲ့ကိစ္စမျိုးဗီဇထဲပါမလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုတ်ချည်းချမ်းသာလာတဲ့သူတို့က လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲကြတယ်။ သူခိုးက လူဟစ်တဲ့ ဇာတ်လမ်းပါပဲ။
ကမ္ဘာမှာ အာဏာသိမ်းမှု အများဆုံးလုပ်တဲ့ ထိုင်းစစ်တပ်ကြောင့် ထိုင်းနိုင်ငံမှာ နစ်နစ်ရတယ်ဆိုပေမယ့် ထိုင်းစစ်တပ်ဟာ တိုင်းပြည်ကို မီးလောင်တိုက်မသွင်းခဲ့ပါဘူး။ မြန်မာဗိုလ်ချုပ်တွေကတော့ အာဏာတခါသိမ်းတိုင်း တိုင်းပြည်ဟာ ကျောက်ခေတ်ကို ပြန်ပြန်ရောက်အောင် လုပ်နိုင်ကြပါတယ်။
အခုလည်း သက်ဆင်ဟာ ပြည်တော်ပြန်ခွင့်ရပါတယ်။ ဘုရင်ကို ဂါရဝပြုနေတဲ့ သဘောမျိုးတွေရတယ်။ ထိုင်းဘုရင်စနစ်ကို မျိုးဆက်သစ်တွေက ဝေဖန်နေချိန်မှာ ဒါက သင်္ကေတသဘောဆောင်ပါတယ်။ (ဟိုး အရင်တခါက လေဆိပ်အဝင်မှာ မြေကြီးကို ကုန်းပြီး နမ်းနေတဲ့ ဓာတ်ပုံတွေက မီဒီယာတွေ ဖော်ပြခဲ့ဖူးပါတယ်။)
ထိုင်းနိုင်ငံရေးက အတန်ရှုပ်ထွေးတာကြောင့် အပြင်လူတယောက်အနေနဲ့ နားလည်ဖို့ မလွယ်ပါဘူး။ ခန့်မှန်းကြည့်သလောက် သူတို့ နိုင်ငံရေးကို နိုင်ငံရေး ဘောင်ထဲကနေပဲ ဆက်သွားနေကြပုံရပါတယ်။
ဒါကို the only game in town လို့ ပြောနိုင်ပါတယ်။ ဒါက မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် အဓိက ကွာခြားချက်ပါပဲ။ အာဏာသိမ်း ခေါင်ဆောင် ပရာယွတ်ကတော့ ရွေးကောက်ပွဲမှာ အခြေမလှတဲ့နောက် စစ်တန်းလျား ပြန်သွားပြီးလို့ သတင်းတွေ ဖတ်ရပါတယ်။ မြန်မာပြည်က အာဏာသိမ်းခေါင်ဆောင်ကတော့ ရုပ်တည်နဲ့ ဆက်လိမ်နေတုန်းပါပဲ။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar