Breaking News

ဇင်လင်း - အမျိုးသား ရင်ကြားစေ့ရေးအတွက် NCA တွင် အားလုံးပါဝင်ရေးမူ ကို လက်ခံသင့်သည်



ဇင်လင်း - အမျိုးသား ရင်ကြားစေ့ရေးအတွက် NCA တွင် အားလုံးပါဝင်ရေးမူ ကို လက်ခံသင့်သည်

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၉

စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်၏ ၉-လကြာ အပစ်ရ့ပ်သက်တမ်း ကုန်ဆုံးပြီးနောက် တပ်မတော်အနေဖြင့် အပစ်ရပ် ကြေညာမှု ထပ်မံ သက်တမ်း တိုးခြင်းမလုပ်တော့ပေ။ ထိုသို့ အပစ်ရပ်သက်တမ်း ထပ်တိုးခြင်းမလုပ်ရန် ဆုံးဖြတ် ရခြင်းမှာ တအာင်းအဖွဲ့(TNLA)၊ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့(AA)တို့၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး အတွက် အပြုသဘောမဆောင်၍ ဖြစ်သည်ဟု စက်တင်ဘာ ၂၈ ရက်တွင်နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့သည်။ အပြုသဘောဆောင်ခြင်း/ မဆောင်ခြင်း ဆိုသည့် သတ်မှတ်ချက်မှာ နှစ်ဖက်စလုံးတွင် မတူညီသော သဘောများရှိနေနိုင်သည်။ တိုင်းရင်းသားအဖွဲ့ အသီးသီး၏ လိုလားချက်များတွင် ‘ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်’ (Self-determination) ဆိုသည့် အချက် ပါဝင်သည်ကို တပ်မတော်က သတိမပြု မိ၍လား၊ သို့မဟုတ် သဘောမတူခြင်းလား၊ တစ်ခုခု ဖြစ်ပေမည်။

ကိုးလကြာ အပစ်ရပ်ထား ချိန်အတွင်း ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ဆွေးနွေးစေလိုကြောင်း တပ်မတော် ဘက်က ကြေညာချက်များ ထုတ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း TNLA၊ AA နှင့် MNDAA အဖွဲ့များ၏ လုပ်ရပ်များ သည် အပြုသဘော မဆောင်ဘဲ၊ ခိုင်မာသည့် ဆုံးဖြတ်ချက် ချလာသည်ကို မတွေ့ရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ က ပြောသည်။ ဘက်အသီးသီးမှ ကိုယ်စားလှယ်များတွင် အစည်အဝေး၌ တစ်ထိုင်တည်း ဆုံးဖြတ်ချက် ပေးနိုင်ခြင်းမရှိကြပါ။ မိခင်ဌာနသို့ပြန်လည်တင်ပြပြီးမှ ဆုံးဖြတ်ကြရသည့် သဘာဝမှာ၊ ယခုအခါ ဓလေ့ တစ်ခုပင် ဖြစ်နေပြီ။ တပ်မတော်ကိုယ်စားလှယ်များတွင်လည်း အရေးကြီးကိစ္စများဆုံးဖြတ်ရာ၌ တစ်ထိုင်တည်း မဆုံး ဖြတ်နိုင်ပါ။ အဆင့်ဆင့်ပြန်လည်တင်ပြကြရသည်သာ ဖြစ်ပါသည်။ ထို့ကြောင့် အပြုသဘော မဆောင်ဘဲ၊ ခိုင်မာသည့် ဆုံးဖြတ်ချက် ချလာသည်ကို မတွေ့ရသဖြင့် အပစ်ရပ်သက်တမ်း ထပ်မတိုးဟု ဆိုခြင်းမှာ အလွန်ယျေဘုယျဆန်ပါသည်။

တပ်မတော်က အပစ်ရပ် ကြေညာခဲ့သည့် ၉ လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းတို့ အပါအဝင် တိုင်းစစ်ဌာန ချုပ် နယ်မြေ ၅ ခု အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု ၂၂၂ ကြိမ်၊ တိုင်းရင်းသား အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၄၅ ကြိမ်အထိ ရှိကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီကပြောခဲ့သည်။

ရခိုင်ဒေသတွင် စစ်ပွဲများနှင့်ဆက်စပ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ဒုက္ခသည် အရေ အတွက်နှင့်ပက်သက်၍ “ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး”(REC) က စက်တင်ဘာ ၁၆ ရက်အထိ နောက်ဆုံး ကောက်ယူရရှိထားသည့် အချက်အလက်များကို ထုတ်ပြန်ရာတွင် ဒုက္ခသည် ၆၅,၀၀၀ ခန့် ရှိသည်ဟု သိရသည်။

ဤသို့ဖြင့် အစိုးရအနေဖြင့် မမျှော်လင့်ဘဲ၊ စစ်ရေးပဋိပက္ခများ ကျယ်ပြန့်လာသည့် ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရမည့် အခြေအနေ ဖြစ်လာသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြား စောင့်ရဲကင်းစခန်းလေးခုကို ၂၀၁၉ ခုနှစ် (လွတ်လပ်ရေးနေ့) တွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ အစပြု၍ စစ်ရေး ပဋိပက္ခ နယ်ကျယ်လာသည်။ မတ် ၂၁ ရက်က နေပြည်တော်တွင် AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ နေပြည်တော် ဆွေးနွေးပွဲပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၈ ကြိမ် ထပ်မံ ဖြစ်ပွားသည် ဟု AA ၏ သတင်း/ပြန်ကြားတာဝန်ခံ ခိုင်သုခ က ဧရာဝတီ သတင်းသို့ ပြောခဲ့သည်။

NCA အပစ်ရပ်လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့(NCA-NS EAOs)နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူများ မတ်လ ၂၁ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံ ရာ၌ ‘ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်သည်ဟု NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ပြောကြားခဲ့ကြောင်း RFA သတင်းက ဆိုသည်။ စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည့် ကျိုင်းတုံဆွေးနွေး ပွဲတွင် Bilateral အပစ်ရပ် နှစ်ဖက် သဘောတူညီချက် ထိုးနိုင် ရန် တပ်မတော်တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့သော်လည်း မြောက်ပိုင်းအဖွဲ့များဘက်က ရေရာသည့် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းမျိုး မတွေ့ရဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။ တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အမှန်လိုလားပါက စိတ်ရှည်သည်းခံဖို့တော့ လိုမည်ထင် သည်။ အထူသဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြဿနာသည် လွန်စွာ ရှုပ်ထွေး သိမ်မွေ့သောကြောင့် စိတ်ခံစားချက်များဖြင့် လွယ်လွယ်မှတ်ချက်ပေးခြင်းမျိုး မလုပ်သင့်ပေ။

လက်ရှိ မြေပြင်ပေါ်ရှိ အနေအထားသည် နိုင်ငံရေးပဋိပက္ခများကို စစ်ရေးအမြင်ဖြင့် ဖြေရှင်းနေခြင်းကြောင့် အနာတခြား ဆေးတခြား ဖြစ်နေပြီး နိုင်ငံနှင့် ပြည်သူတို့ စစ်ဘေးဒုက္ခ သံသရာမှ ရုန်းမထွက်နိုင် ဖြစ်နေရသည်။ EAOs အဖွဲ့များအား စစ်ရေးအရ ဖိအားပေးသည့်နည်းဖြင့် လက်နက်ချခိုင်းနေခြင်းသည် အကြီးမားဆုံး အမှားဖြစ်သည်။ စစ်ရေးဖိအားပေးမှု ကြောင့် အမုန်းတရားများ ကြီးထွားလာစေသဖြင့် စစ်ရေးဖိအားပေးမှုများ ရပ်သင့်ပြီ။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော် ခေါင်းဆောင်များက ယုံကြည်လက်ခံလာ အောင် အသေအချာ ဆွေးနွေးညှိနှိုင်းသင့်သည်။ ယနေ့ပြည်သူတို့အမြင်တွင် အစိုးရနှင့် တပ်မတော်တို့သည် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ကြရာ၌ စည်းဝါးမကိုက် ဖြစ်နေ သည်ဟု မြင်နေကြသည်။ အစိုးရ၏ မူဝါဒနှင့် ကတိကဝတ်များကို တပ်မတော်ကလည်း လက်ခံစောင့်ထိန်းလျှက်ရှိကြောင်း သက်သေပြမှသာ တိုင်းရင်းသားတို့ ယုံကြည်မည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် NCA ပြင်ပအကြောင်းအရာများ ဖြစ် သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ၊ ပြည်ထောင်စုမှ ခွဲ မထွက်ရေးကိစ္စ၊ တပ်မတော် တစ်ခုထဲ ထားရှိရေး ကိစ္စများကို ညီလာခံတွင် ထည့်သွင်း ဆွေးနွေး လာခဲ့ပြီးနောက်၊ EAOs များနှင့် အစိုးရ တပ်မတော်တို့အကြား ယုံကြည်မှုပျက်ပြားလာခဲ့သည်။ ငြိမ်းချမ်းရေးကိစ္စတွင် ပါဝင် ပတ်သက်သည့် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် NCA စာချုပ်ပါ သဘောတူညီချက်များကို လက်ခံ လိုက်နာ ဖို့လိုသည်။

၂၀၁၅ အောက်တိုဘာ ၁၅ တွင် အစပျိုးခဲ့သည့် NCA စာချုပ်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် EAOs ၈ ဖွဲ့သာ လက် မှတ်ရေးထိုးခဲ့သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ‘အားလုံးပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရေး’ ဆိုသည့် မူ အပေါ် တပ်မတော်နှင့် သဘောကွဲလွဲကြပြီးနောက်၊ ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊တို့အပါအဝင် EAOs များ NCA စာချုပ်တွင် လက်မှတ်ထိုးရန် ကျန်နေခဲ့သည်။ စစ်အင်အား တောင့်တင်းသည့် အဖွဲ့များက NCA လက်မှတ်မထိုးသည့် အုပ်စု (NCA-NS-EAO) တွင် ကျန်ရစ်ခဲ့သည်။ လက်ရှိ အစိုးရ လက်ထက် ၂၀၁၈ ဖေဖေါ်ဝါရီ ၁၃ ရက် တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA စာချုပ် တွင် ပါဝင်လက်မှတ်ထိုးခဲ့သည်။ ထို့ကြောင့် NCA-S-EAO လက္မွတ္ထိုးအဖွဲ့အစည်း ၁၀ ဖွဲ့ဖြစ်လာခဲ့ သည်။

ယခင် သမ္မတ ဦးသိန်းစိန်လက်ထက် ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် NCA စာချုပ် လက်မှတ်ရေးထိုးပွဲသို့ ကချင်အဖွဲ့ KIA ကို ဖိတ်ကြားခဲ့သော်လည်း ရခိုင်အဖွဲ့(AA)၊ တအာန်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ကို ချန်ထားခဲ့သည်။ ထိုကဲ့သို့ အဖွဲ့အားလုံးကို NCA စာချုပ် တွင် ပါဝင်လက်မှတ်ထိုးခွင့် မပေးခဲ့သဖြင့် KIA ကလည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။ အကယ်၍ ထိုစဉ်က ရေရှည်အမြင်ဖြင့် အားလုံးပါဝင် လက်မှတ်ထိုးခွင့်ပြုခဲ့ပါက ယခု အချိန်တွင် တစ်နိုင်ငံလုံးအပစ်ရပ်ကိစ ္စ အတော်ပင် ခရီးပေါက်နေလောက်ပြီဟု ထင်သည်။ အားလုံးပါဝင်ခွင့်မူ ကို တပ်မတော်က သဘောမတူခဲ့ရာမှ ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခ ထပ်မံပေါ်ပေါက်ခဲ့ရသည်။

NCA-S-EAO အဖွဲ့အစည်းများသည် ချင်းမိုင်မြို့၌ ၂၀၁၉ ခုနှစ် မတ်လ ၅ မှ ၇ ရက်အတွင်း PPST အထူး အစည်းအဝေး ပြုလုပ်ခဲ့ပြီး၊ မတ်လ ၇ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ မည်သည့် သက္ဆိုင္သူကိုမွ် ချန်လှပ် မထားသော အခြေခံမူ (Non-Exclusive Principle)ကို တစိုက်မတ်မတ် ကိုင္စြဲ ကြိုးပမ်းသွား မည် ဖြစ်သည်။” ဟု ယင်းကြေညာချက်၌ ဖေါ်ပြထားသည်။ ထိုအချက်ကို အစိုးရနှင့် တပ်မတော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ အလေးထားစဉ်းစားရန် လိုမည် ဖြစ်ပါသည်။

AA၊ TNLA နှင့် MNDAA မဟာမိတ် ၃ ဖွဲ့က ၂၀၁၉ သြဂုတ် ၁၂ ရက်နေ့စွဲဖြင့် “မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ” အမြန်ဆုံး ရပ်တန့်ပေးရန် ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ဖူး သည်။ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MNDAA သုံးဖွဲ့က မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်မှုများ ပြုလုပ်နေသောကြောင့် ငြိမ်းချမ်းရေးဆောင် ရွက်ရာ၌ ယုံကြည်မှု ပျက်ပြားနေသည်ဟု ဆိုသည်။ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ထိုးစစ်များ အမြန်ရပ်ရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အ တွင်း AA မရှိမီက တိုက်ပွဲများမရှိကြောင်း၊ AA ဝင်ရောက်လာပြီးမှ ယခုကိစ္စများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာမျာအား ပြောကြားသည်။ သို့သော် ရခိုင်လက်နက် ကိုင် တော်လှန်ရေးအဖွဲ့အနေဖြင့် ရခိုင်ပြအတွင်း ဝင်ရောက် အခြေစိုက်သည့်ကိစ္စအတွက် အပြစ်တင်ရန် မသင့်ပေ။ ပဋိပက္ခပြေငြိမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ တံခါးဖွင့်ပေးထားရန် တွန့်ဆုတ်မနေသင့်ဟု ထင်သည်။

တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ တိုးတက်ကောင်း မွန်လာဖို့လိုသည်။ ၂၁ ရာစု ပင္လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကောင်းမြင်လာမှသာ အပြန်အလှန်ယုံကြည်မှု တိုးတက်ခိုင်မာလာမည်။ အပြန်အလှန် ယုံကြည်မှုခိုင်မာမှလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းနိုင်မည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်မှသာ လက်ရှိ ကြုံတွေ့ နေရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ဆို့ရပ်တန့်နေမှုများကို ဖယ်ရှားနိုင်မည်။ ထိုသို့မဖြစ်စေရန် အစိုးရ အနေဖြင့် အမြော်အမြင်ရှိဖို့လိုသည်။ EAOs အားလုံး တစ်ဖွဲ့မကျန် ၂၀၂၀ တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်စေရန် အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းရမည်။ AA၊ TNLA၊ MNDAA တို႕အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေးကို အနည်းဆုံး ၆-လခန့် ထပ်မံ ကြေညာသင့်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ချက်ချင်းရပ်ပစ်ခြင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲဆိသို့ လမ်းကြောင်းပေးသင့်သည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းးဖြင့် တင်းမာစွာ ဖြေရှင်းရန် မကြိုးစားသင့်။ အထက်၌ ဆိုခဲ့သလို NCA စာချုပ်တွင် “အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူ” ကို တပ်မတော်က လက်မခံခဲ့ သောကြောင့် NCA လုပ်ငန်းစဉ် အချိန် မကြာသင့်ဘဲ ကြာခဲ့ရသည်။ ယခုလည်း အာဃာတစိတ်ထားကို လွှတ်မချနိုင်ဘဲ ‘အပြုသဘော မဆောင်’ ၍ဟု အပြစ် ဆိုနေပြန်သည်။ စင်စစ် တပ်မတော်အနေဖြင့် အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူရန်လိုသည်။ ငြိမ်းချမ်းရေး ကိစ္စဆောင်ရွက်ရာ၌ ရန်ကို ရန်ချင်း တုန့်ပြန်လိုသော စိတ်ခံစားမှုများကို ချိုးနှိမ်ထားသင့်သည်။ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ပြဿနာအတွက် အဖြေရှာရန် ခက်နေရသည်မှာ နိုင်ငံ၏ အကျိုးကို ရှေးရှုရမည့်အစား ကိုယ့်ပါတီ ကိုယ့်အဖွဲ့အစည်း အကျိုးကို ရှေ့တန်းတင်စဉ်းစားနေ၍ ဖြစ်သည်။ ဖြစ်သင့်သည်မှာ ကိုယ့်အကျိုးထက် အများအကျိုး ရှေးရှုရမည်။ ကိုယ့်အဖွဲ့အစည်းအကျိုူးထက် ပြည်ထောင်စုအကျိုး ရှေးရှုရမည်။ ငါမာနကဲနေသည့် အတ္တအစွဲများကို ရှေ့တန်းတင် စဉ်းစားနေကြသမျှ ငြိမ်းချမ်းရေးခရီး နီးလျှက် ဝေးနေရဦးမည်ဟု သုံးသပ်မိပါသည်။


ထို့ကြောင့် တပ်မတော်က ရခိုင်စစ်မျက်နှာအပါအဝင် အပစ်ရပ် ကာလ ထပ်မံတိုးမြှင့်ခြင်းဖြင့် အားလုံး ပါဝင်ခွင့် ရမည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုသင့်ကြောင်း သုံးသပ်မိပါသည်။။။။။

အောက်တိုဘာ ၇ ရက်၊ နေ့ထုတ် ဒီလှိုင်းစာစောင် ၌ ဖေါ်ပြသည့် ဆောင်းပါး။