Breaking News

နိုင်စွမ်း ● ဦးထုပ်လူ

နိုင်စွမ်း ● ဦးထုပ်လူ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၉

လူကိုယ်တိုင် အလုပ်လုပ်ဖို့ မလိုပါ။  ဦးထုပ်ကလေးကိုသာ ခိုင်းလိုက်ရင် အားလုံးအဆင်ပြေပါတယ်။  ဦးထုပ်ဆိုတာက ဆောင်းသူ ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်နေသေးတော့ အလုပ်ကိစ်္စအားလုံး ပြီးမြောက် စေပါတယ်။  ဆိုပါတော့၊ ညစောင့်တစ် ယောက်ရဲ့အလုပ်ကို သူ့ရဲ့ဦးထုပ်က လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။  ဥပမာဗျာ၊ ဘုရှ်ရဲ့ ဦးထုပ်က ဘုရှ်လုပ်ရမယ့် အလုပ်တွေကို လုပ်ကိုင်ပေးသလို အိုဘား မားရဲ့ ဦးထုပ်က အိုဘားမားရဲ့ အလုပ်ကို လုပ်ပေးနိုင်သလိုမျိုးပေါ့။  ဒါပေမဲ့ ဘုရှ်ရဲ့ ဦးထုပ်က အိုဘားမားရဲ့ အလုပ်တွေကို လုပ်မပေးနိုင်ဘူး။  အိုဘားမားရဲ့ ဦးထုပ်ကလည်း ဘုရှ်ရဲ့ အလုပ်တွေကို လုပ်ပေးလို့ မရပါဘူး။  ထားပါတော့၊ ပြောချင်တာက ဦးထုပ်တစ်လုံးရှိရင် ကိုယ်တိုင် အလုပ်လုပ်ဖို့ မလိုဘူး။  ဦးထုပ်ကို ခိုင်းရုံပဲဆိုတာကို ပြောချင်တာပါ။ဒါပေမဲ့ သတိပြုဖို့က...။

ကျွန်တော့်မှာ ဦးထုပ်တစ်လုံးရှိတယ်။  နေပူပူ၊ မိုးရွာရွာ အကာ အကွယ်လည်းရတော့ အမြဲဆောင်းပါတယ်။  ဒီလို နေပူသက်သာစေတဲ့၊ မိုးအရွှဲသက်သာစေတဲ့ ဦးထုပ်တစ်လုံးတော့ ရှိသင့်ပါတယ်။  ပိုင်ဆိုင် သင့်ပါတယ်။  ကျွန်တော် ဒီလို ယူဆမိတယ်။  ပြီးတော့ ဦးထုပ်ရှိနေတဲ့ အတွက် ရုပ်ရှင်မင်းသား ဘရက်ပစ်နဲ့ လူမှားပြီး နှုတ်ဆက်ခံရမှာ မစိုးရိမ် ရတော့ဘူး။  အိန်္ဒိယရုပ်ရှင်မင်းသား ရှရွတ်ခန်းနဲ့လည်း ကွဲကွဲပြားပြားဖြစ် အောင်လို့ ကျွန်တော် ဦးထုပ်ဆောင်းပါတယ်။  ကျွန်တော်တစ်ယောက် တည်း ဦးထုပ်ဆောင်းတာတော့ မဟုတ်ဘူး။  အိုဘားမားရဲ့ ညီမ ညိုဘား မားနဲ့ တူမှာ စိုးလို့ဆိုပြီး စာရေးဆရာမ နှင်းရိုင်းချို(ရမည်းသင်း) လည်း ဦးထုပ်နဲ့၊ မြို့မငြိမ်းနဲ့မတူတဲ့ ဖက်ရှင်ပညာရှင် ကိုစိုးကြီးလည်း ဦးထုပ်နဲ့၊ ကဗျာဆရာ ကိုမင်းထက်လည်း ရာဘင်ဒြာနတ်တဂိုးနဲ့ မမှား အောင်လို့ ဦးထုပ်နဲ့၊ ကိုရီးယားရုပ်ရှင်မင်းသား ဂျွန်စောနဲ့မတူတဲ့ ပန်းချီဆရာကိုဖိုးလည်း ဦးထုပ်နဲ့။ ပြောရရင် ကျွန်တော်တို့အားလုံး  ဦးထုပ်တွေနဲ့ချည်းပါ။  အရေးအကြီးဆုံးက အကြွေးရှင် ကြွေးလာ တောင်းရင် မမှတ်မိအောင် ဦးထုပ်နဲ့ ဖုံးထားလို့ရတာကိုး။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ချိန်းထား တယ်။  ထုံးစံအတိုင်း တာမွေလေးတံတားအောက်က အရက်ဆိုင်လေး မှာပေါ့။  သူငယ်ချင်း ပန်းချီဆရာ ကိုဖိုးရယ်၊ ကဗျာဆရာ ကိုမင်း ထက်ရယ်၊ ကဗျာဆရာလေး ဇော်လတ်ရယ် ဆုံကြဖို့ပေါ့။  ဒါပေမဲ့ ခက်တာက ရေးလက်စဝတ်္ထုက မပြီးသေးတော့ ကျွန်တော့်ကိုယ်စား ဦးထုပ်ကိုပဲ သူငယ်ချင်းတွေဆီ လွှတ်လိုက်ရတယ်။  အဲဒီမှာ အရက် သောက်သူတွေ၊ အရက်ရောင်းသူ တွေအားလုံး ဦးထုပ်ကိုယ်စီနဲ့တဲ့။  ရောင်းသူ၊ သောက်သူ အသံတူရုံတင်မကဘူး။  ဦးထုပ်ဆောင်းထားကြ တာချင်းပါ တူနေပါရောတဲ့။  ကျွန်တော့်ဦးထုပ် ဆိုင်လေးထဲ ဝင်သွား တော့ ပန်းချီဆရာ ကိုဖိုးဦးထုပ် ရယ်၊ ကဗျာဆရာ ကိုမင်းထက်ဦးထုပ် ရယ်၊ ကဗျာဆရာလေး ဇော်လတ်ဦးထုပ်ရယ်တို့ စားပွဲမှာ ယိမ်းထိုးယိမ်း နွဲ့တောင် ဖြစ်နေကြပြီတဲ့။

““လာ လာ ဆရာနိုင်စွမ်းဦးထုပ်”” ဆိုပြီး ဇော်လတ်ဦးထုပ်က ခေါ်တယ်တဲ့။  ကျွန်တော့်ဦးထုပ်လည်း သူတို့နဲ့ ပူးပေါင်း လိုက်ပြီး ဝိုင်းထိုင်ဖြစ်ကြတော့တယ်တဲ့။  ဦးထုပ်တွေ ပူးပေါင်းဝိုင်းထိုင်ကြတာ ဘယ်လောက်ကြာသွားသလဲ မသိတော့ဘူး။  ကျွန်တော် ဦးထုပ်ကို သတိရလို့ နာရီကြည့် လိုက်တော့ ည (၁၀) နာရီခွဲနေပြီ။  ဦးထုပ်က ပြန်မလာသေးဘူး။  ကျွန်တော် ဦးထုပ်ကို စိတ်ပူမိတယ်။  ဒါပေမဲ့ ဘာလုပ်ရမယ် မသိသေးဘူး။

ဦးထုပ်ပျောက်ကြော်ငြာသတင်းစာမှာ ထည့်ရမလား၊ မဟုတ်သေး ပါဘူး။ ဒီလိုလုပ်မှ ကိုယ့်အထုပ် ကိုယ်ဖြေပြ၊ ကိုယ့် ပေါင်ကို ကိုယ်လှန် ထောင်းဆိုသလို ဖြစ်နေမှာစိုးရိမ်ရသေးပြန်တယ်။  ရဲစခန်းကို ဖုန်းဆက်တိုင်ကြားရင်ရော၊ ဒါလည်း မဖြစ်သေးပါဘူး။ ဒီကိစ်္စက ရဲစခန်းတိုင်ကြား လောက်အောင်လည်း မဖြစ်သေးပါဘူး။ အင်း... ခဏနေလို့မှ ပြန်မလာရင် ဦးထုပ်နောက် လိုက်သွားမယ်။  လမ်းဘေး မှာ မူးလဲနေလို့လား၊ ပြန်လာဖို့ ဘတ်စ်ကားစောင့်နေတာ မရလို့လား၊ တစ်ခုခုများ ဖြစ်နေရော့သလား စသဖြင့် တွေးရင်းတွေးရင်း ရင်မောနေရ တယ်။  ဒါနဲ့ စိတ်မချနိုင်လို့ ဦးထုပ်နောက် လိုက်ရှာဖို့ဆုံးဖြတ်လိုက် တယ်။ မြန်မြန်ရောက်အောင် ဘတ်စ်ကားနဲ့ သွားမှ။

ဟင်...ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေကြတာ ဦးထုပ်တွေ၊ ထိုးဆိုက်လာတဲ့ ဘတ်စ်ကားထဲမှာလည်း ခရီးသွား ဦးထုပ်တွေအပြည့်၊ စပယ်ယာဦးထုပ်က လူခေါ် အဲ.. ဦးထုပ်ခေါ်လို့၊ ဒရိုင်ဘာဦးထုပ်ကြီးကလည်း ဘတ်စ်ကားကြီးကို မောင်းလို့၊ ကွမ်းသွေး တောင် ဗျစ်ခနဲ ထွေးလိုက်သေး။  ဦးထုပ်မပါတာဆိုလို့ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်လည်း မထူးပါဘူးဆိုပြီး ထိုးဆိုက်လာတဲ့ ဘတ်စ်ကားပေါ်ကို အမြန်ပြေးတက်လိုက်တယ်။  ကျွန်တော့်အမှားက ဘတ်စ်ကား ဘယ်ကိုရောက်သလဲလို့ မမေးမိခြင်းပါ။  ကားပေါ် ရောက်တော့မှ စပယ်ယာဦးထုပ်ကို တာမွေလေးရောက်လားလို့ မေးလိုက်တော့ ““တံတားလေးတော့ မရောက်ဘူး၊ စိတ်ကျန်းမာရေး ဆေးရုံတော့ ရောက်တယ်”” တဲ့။

““ဟိုက်””

ကျွန်တော် ချက်ချင်းပဲ နောက်မှတ် တိုင်တစ်ခုမှာ ဆင်းလိုက်တယ်။  ဘယ်မှတ်တိုင်လဲ၊ ဘယ်ရောက်နေသလဲဆိုတာ လုံးဝမသိဘူး။ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်ကားစီးမယ် မသိနဲ့ ယောင်ချာ ချာ ဖြစ်နေပါတော့တယ်။  အချိန်မသိ၊  နေရာ မသိနဲ့ မှတ်တိုင်တစ်ခုမှာ ငေါင်စင်းစင်းနဲ့ပေါ့။  အဲဒီအချိန်မှာ ဦးထုပ်ကိုယ်စီဆောင်းထားတဲ့ လုံခြုံ ရေးအဖွဲ့တစ်ဖွဲ့ ရောက်လာပြီး ကျွန်တော့်ကို မသင်္ကာလို့ စစ်ဆေးတယ်။

““ဟေ့လူ၊ ဦးထုပ်မပါ ဘာမပါနဲ့၊ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်ကိုသွားမှာလဲ”” လို့ မေးတယ်။

““ကျွန်တော် နိုင်စွမ်းပါ၊ စာရေးဆရာပါ၊ ကျွန်တော့်ဦးထုပ် အရက် ဆိုင်မှာမို့ ...”” လို့ ရှင်းပြလိုက်ပါတယ်။ ကျွန်တော့် ရှင်းပြချက်ကြောင့် သူတို့ (ဦးထုပ်တွေ) ပြုံးသွားသလား၊ ရယ်သွားသလား မသိပေမယ့် ““ဒါဆိုလည်း သွားတော့ဗျာ၊ ညကြီး အချိန်မတော် ဦးထုပ်မပါဘဲ သွားရတယ်လို့”” ဟု ပြောဆိုခဲ့ပြီး သူတို့ ထွက်သွားကြတယ်။

ကျွန်တော် မှတ်တိုင်မှာ ကျန်ရစ်ခဲ့တယ်။  ဆေးရုံတစ်ခုခု၊ ဆေး ခန်းတစ်ခုခုမှာများ ရောက်နေလေမလားဆိုပြီး ဆေးရုံတွေ၊ ဆေးခန်း တွေကို သွားပြီး ရှာပေမယ့် ကျွန်တော့်ဦးထုပ်ကို မတွေ့ရဘူး။ မီးရထား တွေ၊ ဘူတာတွေမှာများ ရှိလေမလားဆိုပြီး လိုက်ရှာပေမယ့် မတွေ့ ရဘူး။  ဒါနဲ့ ဈေးတွေထဲ၊ ရုပ်ရှင်ရုံတွေထဲ၊ သင်္ဘောဆိပ်၊ လှေဆိပ် အားလုံးအားလုံး နေရာအနှံ့ လိုက်ရှာပေမယ့် တခြားဦးထုပ်တွေကလွဲလို့ ကျွန်တော့်ဦးထုပ်ကို မတွေ့ရဘူး။  ဒါနဲ့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန် လာခဲ့တယ်။

အဲ...အိမ်ပြန်ရောက်တော့ ကျွန်တော့်ဦးထုပ်က ကျွန်တော့် အိပ်ရာပေါ်မှာ အိပ်လို့ဗျ။  ကျွန်တော် ဒေါသထွက်သွား ပြီး ...

““ဟေ့ကောင် ဦးထုပ်၊ မင်း ဘယ်လျှောက်သွားနေသလဲ။  ငါ့မှာ မင်းကိုရှာ ရတာမောနေပြီ”” လို့ အော်ဟစ်ဆူပူလိုက်တယ်။

ကျွန်တော့်ဦးထုပ်က ““အာစရိက ကျွန်တော်မပါဘဲ သွားလာနေ တာကိုးဗျ။  ကျွန်တော်မပါတော့ အာစရိမှာ ဦးထုပ်ဆောင်းစရာ ခေါင်းမရှိတာ သိကုန်တော့တာပေါ့”” တဲ့။

ကျွန်တော် ယောင်ယမ်းပြီး ကျွန် တော့်ခေါင်းကို စမ်းလိုက်မိတယ်။

နိုင်စွမ်း