Breaking News

လွင်(ဘော်တွင်း) - နှလုံးသားများကို လှုပ်နှိုးခြင်း

Photo - Irrawaddy


လွင်(ဘော်တွင်း) - နှလုံးသားများကို လှုပ်နှိုးခြင်း

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၉

အနုသုတေသနပွဲတော်ကို ဝန်ကြီးများရုံးတွင် ကျင်းပမည်ဟုသိရသည်။ PEN Myanmar အတွက် နေရာတစ်ခု ရသည်။ ထို့ကြောင့် တာဝန်ယူကူညီနိုင်သူတွေ ကူညီပေးကြဖို့ အစည်းအဝေးမှာပြောလာသည်။ “အနုသုတေသနပွဲတော်ဆိုတာ ဘာပါလိမ့်၊ ဘာကို ဦးတည်သလဲ၊ ဘာရည်ရွယ်ချက်လဲ” ဟု အတွေးပွားမိသည်။ ခုတလော ခပ်စိတ်စိတ်ကျင်းပလာသော စာပေပွဲတွေ၊ ပန်းချီပွဲတွေ၊ ဆွေးနွေးပွဲတွေလိုပဲ ဖြစ်လိမ့်မည်ဟု သာမန်မျှသာစိတ်ဝင်စားသည်။ ဝန်ကြီးများရုံးမှာလုပ်မှာဆိုတော့ အများပြည်သူနှင့် သိပ်မဆိုင်လှ ဟုလဲ ထင်သည်။ ပြီးတော့ အနုသုတေသန ဆိုတော့ အနုပညာနှင့်ပတ်သက်သည့် သုတေသနများဟု ယူဆမိသည်။

ဘယ်လိုပွဲမျိုးဆိုတာ သိရဖို့ ကြော်ငြာတွေကိုဝင်ကြည့်သည်။ စီစဉ်သူက Enlightened Myanmar Research Foundation (EMReF) အဖွဲ့ဟုတွေ့ရသည်။ အခမ်းအနားအစီအစဉ်ကို ကြည့်လိုက်တော့ ကိုယ်စိတ်ဝင်စားသည့် ခေါင်းစဉ်တစ်ခုပါလာသည်။ ဒုတိယနေ့ (၁.၁၂.၂၀၁၉) အစီအစဉ်မှာ စကားဝိုင်းဆွေးနွေးပွဲ- ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ဖယ်ထုတ်ခြင်း (ကျား-မဆိုင်ရာ) ဖြစ်သည်။ ဆွေးနွေးသူများမှာ ပန်းချီထိန်လင်း ပါလာသည်။ ထမီများနှင့် ပြုလုပ်သော ပြပွဲတစ်ခုမှာ ဆူဆူညံညံအသံတွေထွက်ဖူးတော့ ဒါကိုစိတ်ဝင်စားသည်။ နောက် Hilary Faxon & Collaborators၊ သူက နိုင်ငံခြားကဖြစ်မလား၊ မြန်မာပဲလား မသိ။ ပြီးတော့ Seng Mai Maran၊ ကချင်လူမျိုးဆိုတော့ စစ်နှင့် စစ်ဘေးရှောင်တွေထဲက အမျိုးသမီးတွေဘဝကိုပြောလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

ဒီလိုနှင့် ပွဲနေ့ရောက်တော့ PEN ရဲ့ ပြခန်းငယ်မှာ ဝင်ကူရင်း ဆွေးနွေးပွဲကို နားထောင်သည်။ ဆွေးနွေးပွဲမစမီမှာ Seng Mai Maran ၏ Documentry၊ မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုကို ပြသသည်။ နာမည်က No Country for Women။ ကိုယ်က လတ်တလော ဘာသာပြန်နေသည့်အကြောင်းအရာထဲမှာ No Women’s Land ဆိုတာ ပါတော့ ဒီလို ဆင်တူယိုးမှား အကြောင်းအရာတွေပဲ ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။

ပြကွက်မှာ ဖားကန့်မြေ၊ ကျောက်တူးသူများ၊ မြေတူးစက်ကြီးများ၊ ယောက်ျားတွေချည့်။ ကလေးတွေပါတဲ့ ပြကွက်မှာတောင် ယောက်ျားလေးတွေချည့်။ အဲဒီနောက်မှာ အမျိူးသမီးငယ်တစ်ယောက် သမီးငယ်ကို လက်ဆွဲကာ လမ်းလျောက်နေပုံ။ နောက်ကျောဘက်မှ ရိုက်ချက်များ။ ဒီပြကွက်တွေအထိ ကိုယ့်အတွက် ဘာမှမဆန်း။ အမျိုးသမီးများဖယ်ကြဉ်ခံရမှု၊ အစဉ်အလာမှာ ပိတ်မိနေမှု၊ နေရာမရမှုတွေကို အချိန်များစွာ ဖတ်ခဲ့ရေးခဲ့၊ပြောနေခဲ့သူပဲ။ ဒီနောက်မှာတော့ ကိုယ့်မှာ ပါးစပ်ဟောင်းလောင်း၊ မျက်ရည်ဝေသီ။ ထိတ်လန့်အံ့ဩ။ Shock၊ ရှော့ရသွားတယ်ဆိုတဲ့ခံစားမှု။

လေးငါးနှစ်အရွယ်သမီးငယ်ကို လက်ဆွဲပြီး လမ်းလျောက်နေသော အမျိုးသမီးသည် တစ်နေရာတွင် ထိုင်လိုက်သည်။ သမီးငယ်လည်း ထိုင်သည်။ အနီးအနားမှာ လူသူမရှိ။ ထိုအမျိုးသမီးသည် သူမ၏သွေးကြောထဲသို့ မူးယစ်ဆေးကို ကိုယ့်ဘာသာထိုးလိုက်သည်။ သမီးငယ်သည် သူ့အမေကိုကြည့်လျက်။

မြစ်ကြီးနားထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျသူများတွင် ၅၀ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်သည်။ ဆိုင်းမိုင်သည် ဘာ့ကြောင့်အမျိုးသမီးတွေများနေရသလဲ ဆိုတာကိုမေးခွန်းထုတ်ကာ ဆက်လက်အဖြေရှာလေသည်။ ကချင်ပြည်နယ်၊ အထူးသဖြင့် ဖားကန့်သည် ကျောက်စိမ်းအပြင် မူးယစ်ဆေးဝါးကြောင့်လည်း နာမည်ကြီးသည်မဟုတ်ပါလား။ ဒီတော့ မူးယစ်ဆေး၏သားကောင်တွေကို ဆေးဖြတ်စခန်းတွေ၊ ပြန်လည်ထူထောင်ရေးစခန်းတွေလည်းရှိလာသည်။ ထိုစခန်းတွေမှာ အမျိုးသားများအတွက်သာဖြစ်နေပြီး အမျိုးသမီးများအတွက် မရှိ။ အမျိုးသမီးများအတွက် နေရာမရှိ။

ဒီတော့ အမျိုးသားများသည် ဆေးဖြတ်စခန်းတွင် ပြေးဝင်ခိုလှုံစဉ် အမျိုးသမီး ဆေးစွဲသူများကူညီမည့်နေရာမရှိ။ ဒီမူးယစ်ဆေးဝါးနှင့်ပဲ လမ်းကြိုလမ်းကြားတွေမှာ အဖမ်းခံကြရသည်။ မူးယစ်ဆေးမှုက အနည်းဆုံး ၁၀နှစ်။ ဒီတော့ နောက်ဆက်တွဲပြဿနာတွေသည် တသီတတန်းကြီးဆက်လက်လိုက်ပါလာသည်။

မရေးချင်၊ မတွေးချင်၊ မခံစားချင်ပါ။ မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးလက်ကိုဆွဲလျက် တတန်းလန်းလန်း လိုက်ပါနေသော သမီးငယ်၏ အနာဂတ်ကို လည်း ဆက်မတွေးချင်ပါ။ တွေးနိုင်စွမ်းမရှိပါ။ ဆုတောင်း၊ ကိုယ်တတ်နိုင်သည့် အလုပ်မှာ ဆုတောင်းရုံ။ ဆုတောင်းနေရင်းဖြင့်ပင် ဆုတောင်းလေ၊ ဆုတောင်းဟူ၍သာ ခပ်ရွဲ့ရွဲ့အော်ဟစ်လိုက်ချင်တော့သည်။

တကယ်တော့ ကိုယ်ကသာအခုမှကြည့်ရသည်။ ဒီဇာတ်လမ်းတိုက ၂၀၁၇ ခုနှစ်ကတည်းက ထွက်ခဲ့ခြင်းဖြစ်သည်။ ဆုတွေလဲ ရခဲ့သည်။ ရုပ်ရှင်ပွဲတော်တွေမှာလဲ ပြခဲ့သည်။ အမေဒေါ်အောင်ဆန်းစုကြည်ပင် ကြည့်ပြီးပြီ။ Seng Mai သည် သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ စောင့်မျှော်နေခဲ့သည်။

ဆန်းမိုင် (Seng Mai) ကတော့ ကချင်ပြည်နယ်၏ အနာဂတ်ကိုပါ ပြောသွားသည်။ တခြားပြည်နယ်နှင့်တိုင်းတွေမှာရော ဘယ်လိုအခြေအနေရှိမလဲ ဆိုတဲ့ မေးခွန်းက စိတ်ထဲမှာ ပေါ်လာသည်။ တနိုင်ငံတည်းသားခြင်း ဒုက္ခခံရတာ အတူတူပါပဲ ဟု မပြောနိုင်။ ပြောလျှင် ကိုယ့်ရဲ့ မသိနားမလည်မှု၊ ဗဟုသုတနည်းပါးမှုကို ထင်းထင်းကြီး ဖော်ပြနေသလို ဖြစ်တော့မည်။ သာမာန်တွေးကြည့်ရုံနှင့် လက်လှမ်းမမီနိုင်လောက်အောင် အဆများစွာ ဒုက္ခကြီးလှပါသည်။ မင်းတို့ဗမာတွေဟု ပြောချင်လည်း ပြောပါစေတော့။ ဘယ်လောက်ပဲ ကိုယ်ချင်းစာသည်ဆိုဆို သူတို့ဒုက္ခကို စာနာနိုင်ပါသည်ဟု အရှက်မရှိမပြောနိုင်တော့ပါ။ မပြောလိုတော့ပါ။ ဒီလို ဒုက္ခဆင်းရဲတွင်းထဲ ရောက်စေအောင် ကိုယ့်ပယောဂမပါ ဟု ပြောရမှာပင်စိတ်မလုံ။ ဘယ်လိုတစ်ထောင့်တစ်နေရာကနေ ဒုက္ခပေးမိရက်သားဖြစ်နေမလဲဟု ပြန်တွေးနေမိသည်။ ကျောက်စိမ်းဝယ်ဖူးပါသလား။ ကျောက်စိမ်း လက်ဝတ်ရတနာတွေ၊ အသုံးအဆောင်တွေကို နှစ်သက်ပါသလား။ ဒါဆိုရင် သူတို့ကို အတိဒုက္ခရောက်စေသော သူတွေထဲမှာ ပါနေပြီ။

ရင်ကိုထိသော တခြားတခြားပြကွက်တွေ ဆွေးနွေးပွဲတွေ ရှိသော်ငြား ကိုယ့်အတွက်တော့ ဒီဇာတ်လမ်းရုပ်ရှင်သာ စွဲသည်။ ရုပ်ရှင်ပွဲတော်လိုနေရာမျိုးထက် နေရာတကာ၊ အိမ်တွေထဲက ဗီဒီယိုပြစက်တွေမှာ ဒီလို ဇာတ်လမ်းမျိုးတွေ ရောက်နေစေချင်သည်။ NGO အသိုင်းအဝိုင်းထက်၊ အနုပညာ အသိုင်းအဝိုင်းထက် သာမာန်လူထုကြားမှာ ပျံ့နှံ့စေချင်လှပါသည်။

အနုသုတေသနပွဲတော်သည်မပြီးသေးပါ။ နောက်နှစ်ရက်ကျန်သေးသည်။ ဆွေးနွေးပွဲတွေရှိသေးသည်။ ပြခန်းတွေရှိသေးသည်။ ဝန်ကြီးများရုံးထဲမှာ ဖြစ်နေ၍ နောက်မတွန့်စေချင်။ သွားစေချင်သည်။ ကြည့်စေချင်သည်။ နားထောင်စေချင်သည်။ လူသားတို့ အကြောင်းကို လူသားပညာဖြင့် လူသားများနှင့် အနီးဆုံးသို့ရောက်စေရန် ရည်ရွယ်လျက်ဟု ရည်မှန်းချက်ကိုဖော်ပြထားသည်။

ကိုယ်ထင်မိခဲ့သလို အနုပညာနှင့် ပတ်သက်သည့် အကြောင်းအရာတွေကို သုတေသနပြုထားခြင်းမဟုတ်။ သုတေသနပြုထားသည့် အကြောင်းအရာတွေကို အနုပညာနှင့် တင်ပြခြင်းဖြစ်သည်။ သုတေသနအကြောင်းအရာတွေကို လှေကြီးထိုးရိုးရိုး အစီရင်ခံစာများ စာတမ်းများဖြင့် ပျင်းရိငြီးငွေ့ဖွယ် ပြန်လည်တင်ပြခြင်းမဟုတ်။ အနုပညာနှင့်ပေါင်းစပ်လိုက်တော့ ရင်ထဲကို ဒိုင်းကနဲ ထိလေသည်။ နှလုံးသားကို နှိုးဆွနိုင်ပြီဆိုလျှင် ဦးဏှောက်ကို အလုပ်လုပ်စေဖို့ သိပ်ပြီးမခက်တော့။ တဆက်တည်းမှာပင် နားလည်စိတ်၊ စာနာစိတ်တွေ တွဲပါလာကာ သူ့ဖက်ကိုယ့်ဖက် ရှုမြင်တတ်လာမည်။

ဒီလို စိတ်တွေနိုးကြားလာလျှင် ကိုယ်တို့မျှော်မှန်းသည့်ငြိမ်းချမ်းရေးပန်းတိုင်သည် မဝေးနိုင်တော့ပြီ။ ကိုယ်တို့မျှော်ရည်သော ရွှေပြည်တော်သည် ….