Breaking News

မြတ်စံ - နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၅)





မြတ်စံ -  နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၅)

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၉

ပဲခူးဘူတာကနေပြန်လည်ပြီး အရှိန်နဲ့ခုတ်မောင်းနေတဲ့ ရထားပြုတင်းပေါက်ကနေဝင်လာတဲ့လေတွေက လတ်ဆတ်နေသလို အိပ်ခြင်စိတ်တွေမရှိတော့ပဲ ငယ်စဉ်က အဖေနဲ့အတူ မြို့ပတ်ရထားကိုမိသားစုအားလုံး အပျော်တမ်း စီးခဲ့ကြတာများသတိရနေမိတယ်…

ကျနော်တို့ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်နဲ့တိုက်ဆိုင်ချိန်ရက်မျိုးတွေမှာ မြောက်ဥက္ကလာနဲ့ ရန်ကင်း/တောင်ဥက္ကလာဖက်မှာရှိတဲ့ကျနော်တို့အဖွား နှစ်ယောက်ဖြစ်သူ အဖေရဲ့အမေ( အမေကြီးဒေါ်စိန်ကျော့) နဲ့ အမေ့ရဲ့အမေ(အဖွားဒေါ်မြကြည်)တိုဆီကို အလည်အပတ်သွားတဲ့အခါ ဆူးလေမှတ်တိုင်ကနေ ဘတ်စ်ကား လိုင်းကားစီးပြီးသွားလို့ရပေမဲ့ တခါတရံ မိသားစုအလိုက်မြို့ပတ်ရထားစီးကာသွားတတ်တယ်။၃၁ လမ်းအထက်လမ်းမြို့ထဲနေအိမ်ကနေ ရန်ကုန်ဘူတာကြီးကိုဖြစ်စေ။ ဗိုလ်ချုပ်ဈေးအနောက်ဖက်ရှိဘုရားလမ်းဘူတာကိုဖြစ်စေ လမ်းလျှောက်သွားရင် ဆယ်မီနစ် ဆယ်ငါးမီနစ်သာကြာတယ်။ ဘူတာမှာရထားလာတဲ့အချိန်ဆို ရထားပေါ်ကို ကျနော်တို့ညီအကိုတွေ မျက်နှာချင်းဆိုင်ခုံနေရာရအောင်တက်ယူပြီး အကိုနှစ်ယောက်နဲ့ကျနော်က တဖက်။အဖေအမေညီလေးနဲ့ ညီမလေးတို့ကတဖက်ထိုင်ကာ မြို့တပတ်စီးကြတယ်။လမ်းမှာလည်း စာကလေးကြော် ဆီထမင်းကြော် စားစရာတွေဝယ်စားရင်း ရထားပြတင်းပေါက်ကနေ ဟိုဒီလျှောက်ကြည့်လို့ပေါ့…ရန်ကင်း ကံဘဲ့ဘူတာရုံမှာဆင်းပြီးအဖွားဒေါ်မြကြည်အိမ်ကိုသွားသလို ပုရွက်ဆိတ်ကုန်းဘူတာမှာဆင်းပြီး ကားတဆင့်ထပ်စီးကာ အမေကြီးဒေါ်စိန်ကျော့အိမ်ကိုလည်းသွားကြတယ်…မြို့ထဲနေအိမ်က သွားလာရေးအတွက် ဘယ်ကိုမဆိုအဆင်ပြေတယ်။

ရန်ကုန်တမြို့လုံးသွားလာသမျှဘတ်စ်ကား လိုင်းကားတွေဟာ ဘယ်ကနေပဲလာလာ ရုပ်ရှင်ရုံမှတ်တိုင်နဲ့ ဆူးလေမှတ်တိုင်။လမ်း၃၀ မှတ်တိုင်တွေကိုဗဟိုပြုလာရတော့ ကိုယ့်ဆီကနေပဲသွားသွား ကိုယ့်ဆီကိုပဲလာလာ ဒီမှာတင် Center ဖြစ်နေတယ်။မြို့ပါတ်ရထားစီးတဲ့အခါ ရထားပေါ်မှာကြုံတွေ့ရတဲ့ လူအမျိုးမျိုး ဘဝအထွေထွေရဲ့နေ့စဉ်ဖြတ်သန်းနေရတာတွေကို မြင်တွေ့ရသလို မြို့ပတ်ရထားဘူတာအစဉ်လိုက် ဘူတာနာမည် နေရာတွေကို အဖေမှရှင်းပြရင်း ပတ်ဝန်းကျင်နေရာဒေသတွေကိုလည်း လေ့ကျင့်မှတ်သားမိနေခဲ့တယ်။နောက်ပိုင်း အကြောင်းကိစ္စရှိလို့ သွားဖို့လာဖို့ အဖေအမေတို့မှခိုင်းခဲ့တဲ့အခါမှာ ရထားလမ်းကြောင်သင့်တဲ့နေရာမျိုးတွေဆို ရထားစီးသွားနိုင်ခဲ့တာဟာ ငယ်စဉ်ကတည်းက အဖေအမေတို့နဲ့သွားလာခဲ့တဲ့အလေ့အကျင့်ကောင်းတခုလည်းဖြစ်သလို Downtown မြို့ထဲမှာနေသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့သွားလာတတ်ခဲ့တယ်။အခုချိန်အထိလည်း ကားလမ်းပိတ်တတ်တဲ့အချိန်မျိုးဆိုရင် ရထားနဲ့သွားနေဆဲ…
မြို့ထဲ ၃၁ လမ်းအထက်လမ်းနေအိမ်ဟာ အကွက်အကွင်း အချက်အချာကြတဲ့နေရာလေးဖြစ်တယ်။ဒီအိမ်လေးကို အကိုအကြီးဆုံး နဲ့ အကိုလတ်ဖြစ်သူတို့ မွေးပြီးတဲ့အချိန် ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက အဖေဟာ သတင်းစာဆရာ/စာရေးဆရာဘဝကနေ ခြစ်ခြုတ်စုစောင်းထားတဲ့ ငွေကလေးနဲ့ဝယ်ယူခဲ့ပြီး စတင်နေထိုင်ခဲ့တာဖြစ်တယ်။ နောက်ပိုင်း အမေနဲ့အတူ အမေ့ရဲ့လုပ်ငန်းဖြစ်တဲ့ ဂီတနဲ့အကနည်းပြသင်တန်းကျောင်းလေးဖွင့်ပြီး စီးပွားရေးလေးက အဆင်ပြေလာချိန် ညီမလေး မူလတန်းကျောင်းသူအရွယ်လောက်မှာ ဘေးချင်းကပ်လျှပ်အခန်းကိုပါ ထပ်ဝယ်လိုက်တော့ နှစ်ခန်းတွဲဖြစ်သွားတယ်။ကျနော်တို့ညီအကိုတွေ လူပျိုပေါက်အရွယ်လောက်မှာ တခန်းကို အကနည်းပြတဲ့ သင်တန်းအခန်းလုပ်ပြီး အခြားတဖက်ခန်းမှာ အဒေါ်ဖြစ်သူနဲ့အတူ ကျနော်တို့ညီအကိုတွေနေကြတယ်။

(1994 ခုနှစ်လောက်မှာတော့ ကျနော်နဲ့ကျနော့်ညီ… ညီအကိုနှစ်ယောက်ကိစ္စ နဲ့ နှစ်ရှည်လများ နယ်ထောင်တွေဆီကို ထောင်ဝန်စာလိုက်တွေ့နေရင်း စီးပွားရေးလုပ်ငန်းကိစ္စတွေကလည်း အဆင်မပြေသလို ရေရှည့်မိသားစုဘဝအတွက် ၃၁ လမ်းရှိအိမ်ခန်းနှစ်ခန်းတွဲကို ရောင်းလိုက်ပြီး လမ်း ၃၀ အထက်လမ်းဖက်က ဈေးနှုန်းသင့်တော်တဲ့ အခန်းလေးမှာပြောင်းရွှေ့နေထိုင်ခဲ့။အဲဒီအချိန်မှာ ကျနော်က တောင်ငူထောင်မှာရောက်နေသလို ညီလေးက သရက်ထောင် နယ်ထောင်များကိုပြောင်းရွှေ့ခံထားရချိန်ဖြစ်နေခဲ့တယ်)အခုချိန်အထိ မြို့ထဲဖက်ရောက်ရင် အနော်ရထာလမ်းထိပ်ဖက်ကနေ ၃၁ လမ်းအိမ်လေးကို လွမ်းမောစွာငေးမောကြည့်နေမိသေးတယ်…
ကျနော်တို့ ငယ်စဉ်ကျောင်းသားဘဝ… အဲ့ဒီခေတ်ကာလတုန်းက မိသားစုများ အပန်းဖြေဖို့ အခုခေတ်လိုမျိုး TV Channel တွေ…Shopping Marketတွေ အခြား Entertainment များတွေမရှိပေမဲ့ မြို့လယ်ကောင်တဝိုက် ရုပ်ရှင်ရုံ ဆယ်ငါးရုံကလည်း အနီးအနားမှာရှိနေတယ်။

ကျနော်တို့ ၃၁ လမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ နာရီလက်တံအတိုင်းကြည့်လိုက်ရင် တော်ဝင် နဲ့ ယုဇန ရုပ်ရှင်ရုံ( 1974 ဦးသန့်အရေးအခင်းအချိန်မှာ မီးလောင်ပျက်စီးသွားကာ နှစ်ပေါင်းများစွာ လဟာနယ်ကွပ်လပ်ပြင်ကြီးဖြစ်နေခဲ့ပြီး ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ Central Hotel ဟုဖြစ်လာခဲ့) ၃၂ လမ်းထိပ် ပြည်သူ့မုန့်တိုက်။ပြီးလျှင် ပပဝင်း နဲ့ ဂုဏ် ရုပ်ရှင်ရုံ။လက်ရွေးစင်ကဖီး။အောင်ကြီးကိတ်မုန့်တိုက်။မြဝတီ ပုံနှိပ်တိုက်။ အာမေးနီးယန်းသချင်္ ိုင်းကို ပြန်ပြင်ဆောက်ထားတဲ့ ကလေးပန်းခြံ( ကြော်ငြာပန်းခြံဟုလည်းခေါ်သေးတယ်) တို့ဖြစ်တယ်။ ( ယခုတော့ ပြည်သူ့မုန်တိုက်မှ ကလေးပန်းခြံအထိနေရာကို Sule Shan-gari La Hotel ကြီးကနေရာဝင်ယူသွား)…


အလယ်ဆူးလေလမ်းမကြီးတဖက် ကျောက်တံတားရဲစခန်းမှ နာရီလက်တဲအတိုင်းကြည့်လိုက်မယ်ဆိုရင် ရှေ့ဆောင်။နေပြည်တော်။ရဲရင့်ရုပ်ရှင်ရုံ( ယခု Sakura Tower )ပြီးလျှင် ဝဇီရာ။ဘုရင့်တို့ဖြစ်ကြပြီး ၃၅ လမ်းမှ ပန်းဆိုးတန်းလမ်းအထိ ရွှေဂုန်။သွင်… စသဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများပြသတဲ့ ရုပ်ရှင်ရုံ လေးရုံရှိကြတယ်။ နောက်ပြီး ဖရေဇာလမ်းမကြီး( အနော်ရထာလမ်းမကြီး)နဲ့ လမ်း ၄၀ ထိပ်မှာ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းများကိုဦးစားပေးပြသတဲ့ သီဟ ရုပ်ရှင်ရုံ။ 

ဆူးလေးလမ်းမကြီးကနေ ယောက်လမ်းဖက်ကို သွားတဲ့ ဂုံးတံတားကြီးကိုကျော်လိုက်ရင် ယနေ့အထိ ထူးရှယ် (Special ) ရှိနေဆဲ သမတ ရုပ်ရှင်ရုံ…ရုပ်ရှင်ပြပွဲချိန်တွေကလည်း မနက် ၈နာရီခွဲကနေ ညဆယ်နာရီ ခွဲအထိရှိတယ်။ 

တပတ်တခါရုံတင်တဲ့ဇာတ်ကားတွေကို မိသားစုနဲ့အတူသွားကြည့်ဖို့ အဖေဟာအမြဲတမ်းဦးဆောင်စီစဉ်တယ်။မြို့ထဲနေတဲ့သူတွေဆိုတော့ ညပိုင်းနောက်ဆုံးပွဲချိန် ညဆယ်နာရီပွဲကိုကြည့်ဖြစ်ကြတယ်။ အနည်းဆုံးတစ်ပတ်ကို သုံးရက်လောက် မိသားစုနဲ့အတူကြည့်ဖြစ်တယ်။ မူလတန်း အလယ်တန်း အထက်တန်းကျောင်းသားဘဝမှာ တနေ့တာကျောင်းသင်ခန်းစာများကိုပြန်လုပ်။ အိမ်စာ Homeworkများပြီးတဲ့အချိန် ညရှစ်နာရီကျော်ပြီဆိုရင် အဖေက သားသမီးများကိုလက်တွဲပြီး ရုပ်ရှင်ရုံကိုဦးဆောင်ကာ သွားကြည့်ကြတယ်။ကျောင်းသားတစ်ယောက်အတွက် သူ့အချိန်နဲ့သူလုံလောက်ပြီဟု အဖေမှပြောလေ့ရှိတယ်။ 

ကျနော်တို့ခေတ်အခြေအနေတုန်းက အပြင်ကျုရှင်တက်ကြတယ်ဆိုတာ ၈ တန်း ၉ တန်းအထက်တန်းလောက်ကျမှ အင်္ဂလိပ်စာ။သချင်္ာလောက်ကိုသာူတက်ကြ။အခြား ရူပ/ဓါတုဗေဒကိုလည်း လိုအပ်တဲ့သူက ကျုရှင်တက်ကြ။တနေ့စာ တနေ့အချိန်မှန်မှန်လုပ်ရင် သိပ်အခက်အခဲမရှိပါ။ဒါကြောင့် အဖေက သူ့သားသမီးတွေကို တနေ့အလုပ်တနေ့ကိုယ့်တာဝန်ကျေအောင်လုပ်ခ်ုင်းပြီး ညပိုင်းမှာအေးဆေးစွာ မိသားစုနဲ့ရုပ်ရှင်ကြည့် တခါတရံ ညနေပိုင်းအောင်ဆန်းကွင်းဖက်ကို လိုက်ပို့ပေးကာ ဝန်ကြီးဌာနပေါင်းစုံ အောင်ဆန်းဒိုင်း နဲ့ ပြည်နယ်နှင့်တိုင်းဘောလုံးပွဲတွေကိုလိုက်ပြပေးတယ်။ လိုက်ပြပေးတိုင်းလည်း အောင်ဆန်းကွင်းတောင်ဖက်တန်းက ဝက်ခြေထောက်ဆန်ပြုတ်ကလည်း ကျနော်တို့အတွက် အဆာပြေ Crazy ဖြစ်စရာတခုပေါ့…အခုထက်ထိ တောင်ဖက်တန်းက ဝက်ခြေထောက်ဆန်ပြုတ်ကိုတမ်းတနေမိသေးတယ်…
ညပိုင်းရုပ်ရှင်ကို မြို့ထဲနေတဲ့သူများကကြည့်ကြပြီး ရုပ်ရှင်ပြီးချိန် ပြန်လာရင်လည်း မဂိုလမ်းထိပ်(ရွှေဘုံသာလမ်းထိပ်) က အင်းဝဖါလူဒါ။ကူလ်ဖီးနဲ့ရေခဲမုန့် ဒါမှမဟုတ် လဟာပြင်ဈေးထဲ(ယခု Junction City နေရာ) မောင်မြင့် ဆိုင်ကခေါက်ကဆွဲကြော်။ တခါတရံ ၃၆ လမ်း အလယ်လမ်းက ကြေးအိုးဆိုင်မှာ စားသောက်ကြတယ်။မိသားစုနဲ့သားသမီးများအပေါ် အဖေဟာ အမြဲလိုလို ဂရုတစိုက်ပြုစုနေထိုင်ခဲ့တာကို ပြန်အမှတ်ရမိတယ်။
အား/ကာဦးစီးဌာနမှ အဖေ့မိတ်ဆွေဖြစ်သူတစ်ဦးက အထူးတန်းပွဲကြည့်စင်မှ ဘောလုံးပွဲကြည့်လို့ရအောင်စီစဉ်ပေးထားပေမဲ့ အဖေဟာ သားသမီးများနဲ့အတူ တောင်ဖက်တန်းကကြည့်ရတာကိုပဲနှစ်သက်ခဲ့တယ်။နောက်ပိုင်း ညီမလေး ၂ တန်း ၃ တန်းအရွယ်ရောက်တော့လည်း ညီမလေးပါ ကျနော်တို့နဲ့လိုက်လံကြည့်ပြီး ဂိုးသွင်းတဲ့အချိန် တဂိုး ဂိုးနဲ့အော်နေတာကိုကြည့်ပြီး အဖေ ပီတိဖြစ်နေတာကို သတိထားမိခဲ့တယ်။ဘောလုံးပွဲကြည့်တဲ့နေရာမှာလည်း ဘယ်အသင်းကြောင့် ဘယ်သူဘယ်ဝါပါလို့မဟုတ်ပဲ ဘောလုံးကစားနေခြင်းအရသာကိုသာ ခံစားကြည့်တတ်ဖို့လိုကြောင်း။အဓိကကတော့ ဘောလုံးပွဲကြည့်နေတာဟာ ကြည့်ရှုှုသူအတွက် စိတ်ဓါတ်တက်ကြွစေခြင်လို့ဖြစ်ကြောင်း ရှင်းပြပေးတယ်။ 

သားသမီးများရဲ့ ပညာရေးလမ်းကြောင်းနဲ့ပက်သက်ပြီး မျှခြေတစ်ခုနဲ့ဖြစ်နိုင်ခြေကိုသာ လမ်းကြောင်းပေးခဲ့တဲ့အတွက် ကျနော်တို့ညီအကိုမောင်နှမများအားလုံး အတန်းပညာအောင်မြင်ပြီးအသီးသီးဘွဲ့ရခဲ့ကြတယ်။အကိုကြီးဖြစ်သူက ဌာနဆိုင်ရာတစ်ခုမှာ လက်ထောက်အုပ်ချုပ်ရေးမှုး။အကိုလတ်က ဆရာဝန်။ညီမလေးမှာ မဟာသိပ္ပံ နဲ့နိုင်ငံခြားဘာသာသင်တက္ကသိုလ်တခုမှ ဘွဲ့လွန်ထပ်ယူနိုင်ပြီး MRTV မှာတာဝန်ထမ်းနေတယ်။ညီလေးကတော့ ဆယ်တန်းနဲ့ပဲရပ်တန့်သွားတယ်။ ကျနော်ကတော့ ၂၀၀၅ခုနှစ် ဒုတိယအကြိမ် တောင်ငူထောင်မှပြန်လွတ်လာပြီး ရာသက်ပန်ကျောင်းထုတ်ခံထားရခြင်းကို ပြန်လည်ပယ်ဖျက်ပေးလိုက်ကြလို့ နောက်ဆုံးနှစ်ပြန်ဖြေကာ ၂၀၀၆ ခုနှစ်မှာအောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ သိပ္ပံဘွဲရခဲ့တယ်။ဒါပေမဲ့ ၂၀၀၇ ခုနှစ်ရွှေဝါရောင်သံဃာတော်လှန်ရေးအပြီးမှာ ထပ်မံဖမ်းဆီးထိန်းသိမ်းခံရပြီး ဘွဲ့နှင်းသဘင်တော့တက်ရောက်ယူနိုင်ခဲ့ခြင်းမရှိခဲ…အဲ့ဒီလိုမျိုးနေ့ရက်တွေမှာ အဖေဟာ ဝမ်းနည်းကြေကွဲစွာဖြစ်နေခဲ့ကြောင်း အမေမှကျနော့်ကိုပြန်လည်ပြောပြလို့သိခဲ့ရတယ်…
( ဆက်လက်ဖော်ပြပါမယ်)
အစဉ်အမြဲလွမ်းဆွတ်ခြင်းများဖြင့်
ကိုမြတ်စံ
23/11/2019( 3:20 pm )