Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၁

၂၀၂၁ဟာ တိုင်းရင်းသားတွေအဖို့ အခွင့်အလမ်းလား


စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် လူနေအိမ်တွေကို မီးရှို့ခဲ့ပြီး နေအိမ် ၁၉ လုံးလောက် မီးလောင်ပြာကျခဲ့ပါတယ်။ မီးလောင်နေစဥ် အတွင်းမှာ မီးငြိမ်းသတ်ဖို့ သွားရောက်တဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဖြစ်သူ စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အသက်ဆုံးရှုံးပြီးနောက်မှာ လက်စွပ်၊ ဖုန်း၊ စတဲ့ ပစ္စည်းတွေကိုပါ လက်ချောင်းကို ဖြတ်ပြီးယူဆောင်သွားတဲ့ အဖြစ်ကြောင့် ဖလမ်းအခြေစိုက် ခရစ်ယာန်အသင်းတော်တွေက အဲလို စစ်ကောင်စီတပ်တွေက ပစ်သတ်တဲ့ အဖြစ်နဲ့ သေဆုံးပြီးနောက် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဆောင်သွားတာကို ပြင်းထန်စွာ ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ဖြစ်ရပ်ဟာ ချင်းတိုင်းရင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ နာကျည်းမှုဖြစ်စေပြီး စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ စည်းလုံးမှုပိုရရှိစေမှာ ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပိုမိုခိုင်မာဖို့ စည်းရုံးပေးသလို ဖြစ်စေမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့် အုပ်ချုပ်ခွင့်တွေ အထိနိုင်ငံရေး ရည်မှန်းချက်တွေကို ပိုမိုခိုင်မာစေပြီး တိုင်းရင်းသားတွေကို သူတို့နယ်မြေတွေ လွတ်မြောက်အောင် လုပ်ကြဖို့ နှိုးဆော်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။

အစိုးရစစ်တပ်တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာကြတာ ဆယ်စုနှစ်၇ ခုမျှရှိနေခဲ့ပါပြီ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ အခုနောက်ဆုံးအဖြစ်အပျက်က ချင်းပြည်နယ် ဖြစ်ပါတယ်။ ဒါက ပြည်နယ် အဆင့်ရှိတဲ့ ဒေသတွေကိုသာ ဖေါ်ပြတာဖြစ်ပြီး ပြည်နယ် မဟုတ်ပေမယ့် လူမျိုးစုတွေ ဖြစ်တဲ့ ပလောင်လူမျိုး၊ ပအို့ဝ်လူမျိုး စတဲ့ လူမျိုးစုတွေ အပေါ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အများအပြားရှိခဲ့လို့ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် သမိုင်းလို့ဆိုရင် စစ်ပွဲတွေ စစ်ရာဇဝတ်မှုတွေ၊ ဒုက္ခသည်တွေ၊ အသက်ဆုံးရှုံးရမှုတွေ ဖမ်းဆီးခံရမှုတွေ စစ်ဘေးရှောင်နေကြရတဲ့ အဖြစ်တွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းပဲ ဖြစ်ပါတယ်။

ဒီသမိုင်းတွေက ဂုဏ်ယူစရာမဟုတ်ပါဘူး။ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ စကားလုံး နဲ့ စည်းရုံးရေးစကားနောက်မှာ ဗဟိုအင်အားစု တနည်းအားဖြင့် အကြီးမားဆုံးစစ်အင်အားကို ချုပ်ကိုင်ထားတဲ့ အစိုးရသို့မဟုတ် စစ်တပ်က လူထုကို တိုင်းရင်းသားတွေကို ဒရွတ်တိုက်ဆွဲလာတဲ့ သမိုင်းလိုဖြစ်နေပါတယ်။

သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ ၊ ရွာမီးရှို့မှုတွေ ၊ ဖြတ်၄ ဖြတ် လုပ်တာေတွ၊ ဒုက္ခသည်စခန်းတွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တိုးပွားလာတာ ယာယီအပစ်ရပ်တာတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခသမိုင်းက ခဏအမောဖြေလိုက် ပြန်တိုက်လိုက်ကြနဲ့ မျိုးဆက် ၂ ခု ၃ ခု ပြောင်းသွားသည့်တိုင် တကယ်စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာကို မတည်ထောင်နိုင်ခဲ့ကြပါဘူး။

ဒီလိုအခြေအနေမှာ အိမ်နီးချင်းနိုင်ငံရဲ့ မဟာဗျူဟာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး စိတ်ဓါတ်ရေးအရ ထောက်ပံ့မှု နဲ့ ကွန်ဖက်ဒရေးရှင်းလို့ခေါ်တဲ့ ကိုယ့်ကိုယ်ပိုင် စစ်တပ်နဲ့ ကိုယ့်အုပ်ချုပ်ေရး ကိုယ့်ဟာကိုယ် ထူထောင်နိုင်တဲ့ ဝပြည်နယ် (ပြည်နယ်လို့ မြန်မာအစိုးရက တရားဝင် အသိအမှတ်မပြုသော်လည်း) လိုမျိုး ဒေသတွေ ဆယ်စုနှစ်များအတွင်း တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီး အလားတူ ဒုတိယ သာဓကအနေနဲ့ ရခိုင်ပြည်နယ်ကလည်း ဝပြည်နယ် လမ်းကြောင်းမျိုးပေါ် ကြိုးစားနေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဟာ ဆယ်စုနှစ်၇ ခုကြာရှည်လာတဲ့ တိုင်းရင်းသားတွေအဖို့ “စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု” ဆိုတဲ့ စကားလုံးအပေါ် ဆက်အိပ်မက်မမက်ကြတော့ဖို့ နှိုးဆော်လိုက်သလို ဖြစ်စေနိုင်ပါတယ်။

ပြည်ထောင်စုဆိုတဲ့ စကားလုံးဟာ လှည့်စားမှု ဝါဒဖြန့်စကားလုံးတလုံးအဖြစ်သာ ရှုမြင်ကြတဲ့ အမြင်မျိုးတွေ ပိုအားကောင်းလာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေ ရှိကြတာ မှန်ပေမယ့်လည်း မြန်မာနိုင်ငံက အဲလို အခြေအနေကို ရောက်ရှိဖို့ လိုအပ်တဲ့အခြေအနေတွေ မပြည့်စုံဘူးလို့ပဲ ကောက်ချက်ချရေတာ့မယ့် အခြေအနေ ဖြစ်နေပါတယ်။ ဗဟိုအာဏာ ကို စစ်တပ်ကပဲ ဆယ်စုနှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတာ ဖြစ်နေပြီး အဲဒီကာလတွေဟာ မလှပတဲ့ နာကျည်းစရာ သမိုင်းအဖြစ်အပျက်တွေချည်းနဲ့ ပြည့်နှက်နေခဲ့လို့ ခုတဖန် စစ်အာဏာသိမ်းမှုက တိုင်းရင်းသားတွေကို ဆက်ပြီး စိတ်ကူးမယဥ်ကြဖို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ရုန်းထကြဖို့ နှိုးဆော်သလို ဖြစ်စေခဲ့တယ်လို့ မြင်ပါတယ်။

NCA, Union Peace Accord ၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေး သဘောတူစာချုပ် ၊ စတဲ့ စကားလုံးတွေဟာ တိုင်းရင်းသားလူထုကို အဖွဲ့အစည်းတွေကို နိုင်ငံရေးပါတီတွေကို စည်းရုံးဆွဲဆောင်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။ အခုအခါ အချို့သော အဖွဲ့အစည်းတွေက NCA ကို ယတိပြတ် မစွန့်လွှတ်ကြသေးသည့်တိုင် လူထုရဲ့ ခံစားမှုဆိုင်ရာ စိတ်တိမ်းညွှတ်မှုက ကိုယ်ပိုင်ပြဌာန်းခွင့် ၊ လွတ်လပ်ခွင့်လိုမျိုးကို မျှော်မှန်းနေကြပါလိမ့်မယ်။

ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးတို့လိုဒေသတွေကိုယ်၌က လက်နက်ကိုင် ပဋိပက္ခတွေ အစပျိုးနေ အချို့သောာ တိုင်းတွေမှာ မြန်ဆန်စွာ ပျံ့နှံ့ပြင်းထန်လာချိန်မှာ စစ်ကောင်စီ အစိုးရတပ်တွေ အနေနဲ့ တနုိင်ငံလုံးကို တပြိုင်ထဲ ထိန်းချုပ်ဖို့ စစ်မျက်နှာဖွင့်ဖို့ မဖြစ်နိုင်တာ လက်တွေ့ အခေြအနေပဲ ဖြစ်ပါတယ်။ ရခိုင်စစ်မျက်နှာကို အာဏာသိမ်းနိုင်ခြေ ရှိကတည်းက အပစ်ရပ်ထားသလို ဝလက်နက်ကိုင်အဖွဲ့နဲ့ ဘာပဋိပက္ခမှ မဖြစ်ပွားပဲ ၊ လက်ရှိမှာ ကေအန်ယူ၊ ကေအိုင်အေ၊ ကိုးကန့်လက်နက်ကိုင်၊ တအောင်းပလောင် အဖွဲ့တွေနဲ့ စစ်ရေး တိုက်ခိုက်မှုတွေ ရှိနေပြီး အခုဆောင်းပါး အစမှာ ဖေါ်ပြခဲ့တဲ့ ချင်းပြည်နယ်မှာလို အသစ်ထွက်ပေါ်လာတဲ့ ပြည်တွင်းမှာ ဖွဲ့စည်းပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အလားအလာတွေ ရှိနေပါတယ်။

ချုပ်ပြောရရင်တော့ ၂၀၂၁ စစ်အာဏာသိမ်းမှုက တုိင်းရင်းသားတွေကို သူတို့ပြည်နယ် သူတို့နယ်မြေ ထိန်းချုပ်ထားနိုင်ဖို့ နှိုးထလိုက်တဲ့ အဖြစ်မျိုးလို့သာ ဆိုချင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar