Breaking News

နန္ဒမောင် (LLB) - မြန်မာနိုင်ငံတွင်အကြီးဆုံး စာဖတ်ဝိုင်းရှိသည် ...... သို့သော်

နန္ဒမောင် (LLB) -  မြန်မာနိုင်ငံတွင်အကြီးဆုံး စာဖတ်ဝိုင်းရှိသည် ...... သို့သော်

( မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေတာ်ကြီးတွင် အကြီးမားဆုံးဖြစ်နိုင်ချေခြေရှိေသာ စာဖတ်ဝိုင်းကြီးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ စာနယ်ဇင်းများ ရောင်းအားကျခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်များစွာ ပိတ်သိမ်းသွားခြင်း၊ အုပ်ရေတစ်သောင်းအများဆုံးထုတ်ေဝဖြန့်ချိကာ ငါးရာခန့်ရောင်းရလျှင် မြန်မာပြည်တွင် Top(10) စာရင်းဝင်နေခြင်း များကို လစ်လျှူရှူကာ အေးအေးလူလူ စာဖတ်နေကြသူများစွာနှင့် စုစည်းထားသော စာဖတ်ဝိုင်းကြီးသည် အင်းစိန်အကျဉ်းထောင်တွင် ရှိနေသည်မှာကား အတိအကျပင် ဖြစ်လေသည်။
အင်းစိန်အကျဉ်းထောင်တွင် တစ်ဆောင်၊ နှစ်ဆောင်၊ သုံးဆောင်၊ လေးဆောင်၊ ငါးဆောင်၊ သပြေ တစ်ဆောင်၊ သပြေနှစ်ဆောင်၊ လူငယ်ဆောင်၊ အထူးတိုက်၊ ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်၊ ဆေးရုံ၊ သီးသန့်ဆောင်၊ အမျိုးသမီးအချုပ်ဆောင်၊ အမျိုးသမီးအကျဆောင်တို့ရှိပြီး ယင်းအဆောင်များတွင် အခန်းများရှိကာ တန်းလျားဆောင် များကို အပိုင်းလိုက်ကန့်ထားသည့် ပိုစ့်များဖြင့်ဖွဲ့စည်းထားပြီး တစ်ခန်းလျှင် အကျဉ်းသား၊ အချုပ်သား တစ်ရာ့နှစ်ဆယ့်မှ သုံးရာခန့် အထိနေထိုင်ကြသည်ဟုဆိုသည်။ ယင်းအဆောင်တစ်ခုချင်းဆီတွင် အခန်းသုံးခန်းမှ ရှစ်ခန်းအထိတွဲလိုက်ရှိပြီး အချို့အဆောင်များတွင် တိုးချဲ့ဆောင်များ အထူးတိုက်ခန်းငယ်များလည်းရှိသည်ဟု ဆိုသည်။

 ထိုအခန်းများတွင် စာအုပ်ဘုတ်ဟုခေါ်သော ဘုတ်ကိုင်များရှိပြီး ယင်းဘုတ်ကိုင်များက တစ်ပတ်တစ်ကြိမ် စာအုပ်များကို ယူဆောင်လာပေးကာ အကျဉ်းသား၊ အချုပ်သားနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများကို စာအုပ်များ ငှားရမ်းပေးကာ ဖတ်ရှုစေသည်ဟုသိရသည်။ လူတစ်ဦးလျှင်တစ်အုပ်ငှားနိုင်ပြီး ဖတ်ပြီးလျှင်ထိုစာအုပ်ကို ပြန်လည် အပ်နှံကာ နောက်တစ်အုပ်ထပ်မံငှားနိုင်သည်။ စာအုပ်ဘုတ်ကိုင်တစ်ဦးလျှင် စာအုပ်ရေငါးဆယ် ခြောက်ဆယ်ခန့် တာဝန်ယူလုပ်ကိုင်နိုင်ပြီး တစ်ပတ်တစ်ကြိမ် ထိုစာအုပ်များကို အခြားစာအုပ်များနှင့် လဲလှယ်နိုင်ကြသည်ဟုဆိုသည်။

ထိုစာအုပ်ဘုတ်ကိုင်များသည် တစ်ပတ်တစ်ကြိမ်လျှင် အဆောင်တစ်ဆောင်အတွင်းရှိ အခန်းများအားလုံး စုစည်း ကြကာ ထိုအခန်းများရှိ ဘုတ်ကိုင်များထဲတွင်ရှိသော စာအုပ်များအပြင် ထိုအဆောင်ရှိ အဆောင်မှူးရုံးခန်းများတွင် ရှိသောစာအုပ်များကိုပါ စုစည်းကာဖတ်ပြီးသားစာအုပ်များနှင့် မဖတ်ရသေးသောစာအုပ်များကို လဲလှယ်နိုင်ကြသည်ဟု ဆိုသည်။ သို့သော် ယင်းစာအုပ်များသည် ထိုတစ်ထောင်ထဲတွင်သာ လှည့်လည်နေပြီး အခြားသောအဆောင်များနှင့် တော့ လဲလှယ်ဖတ်ရှူရန် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ပြောဆိုကြသည်။

အဓိကမိန်းစာကြည့်တိုက်မှာ အကျဉ်းထောင် အလယ်ဗဟိုရှိ မိန်းဂျေးတွင်ရှိပြီး ယင်းမှစာအုပ်များသည်လည်း ထိုသို့အဆောင်များကို ဖြန့်ဝေပေး ခြင်းမပြုနိုင်သေးဘဲ စာကြည့်တိုက်အဖြစ်သာ ထိန်းသိမ်းထားသည်ဟုဆိုသည်။ ဆိုလျှင် ထိုမျှများပြားလွန်းလှသော စာအုပ်များသည် ဘယ်က ဘယ်လိုရောက်ရှိလာကြသလဲဟု မေးစရာရှိသည်။ ယင်းစာအုပ်များမှာ ယခင်အစက နိုင်ငံရေးအကျဉ်းသားကြီးများ၏ တိုက်ပွဲဝင်မှုများကြောင့် စာဖတ်ခွင့်၊ စာရေးခွင့်၊ စာအုပ်ထားခွင့်များရရှိလာရာမှ အစပြု၍ရှိလာခဲ့ပြီး ထိုအခွင့်များရှိလာသောအခါ စာအုပ်လှူဒါန်းသူများက လာရောက်လှူဒါန်းသူများရှိလာပြီး အနည်းငယ် များပြားလာခဲ့သည်ဟု ခန့်မှန်းရမည်ထင်သည်။

ထိုစာအုပ်များကို အရင်းတည်ကာ စာအုပ်ဘုတ်ကိုင်များ ကို တစ်ဆောင်လျှင်တစ်ဦးစီ တာဝန်ပေးလုပ်ကိုင်စေသည်မှ နောင်လျှင်ထိုအဆောင်ဘုတ်ကိုင် လက်အောက်တွင် တစ်ခန်းလျှင် တစ်ယောက်နှုန်းစီ ထပ်မံပေါ်ထွက်လာခဲ့ဟန်တူသည်။ ထိုအဆောင်စာအုပ်ဘုတ်ကိုင်က အခန်းစာအုပ် ဘုတ်ကိုင်များကိုစာအုပ်ငှားစာရင်း၊ မှတ်တမ်းစာအုပ်၊ ခဲတံ၊ ခဲတံချွန်စက်၊ ဘောလ်ပင်၊ ပေတံနှင့် စာအုပ်ထည့်သော ပလပ်စတစ်ပုံးလေးများကို ထောက်ပံ့ပေးပြီး စာအုပ်ဘုတ်ကိုင်များထံက လိုအပ်သလို ငွေကြေးစုစည်းကောက်ခံကာ လိုအပ်သည့်အရာများ ဝယ်ယူအသုံးပြုကြသည်ဟု ဆိုသည်။

သို့သော် စာအုပ်ဘုတ်ကိုင်များဘက်တွင် အခက်အခဲများများစွာရှိနေကြပြီး ကုသိုလ်ရလို့၊ ဗဟုသုတရလို့ အားလုံးကိုလည်း ထောင်ထဲရောက်နေကြတဲ့အချိန်ကလေးမှာ အေးဆေးတည်ငြိမ်ပြီး စိတ်ငြိမ်အောင်၊ စိတ်ညစ်စရာ တွေ မတွေးမိအောင် ပြင်ပဗဟုသုတနှင့် လောကကြီးအကြောင်း၊ လူတွေအကြောင်း နားလည်စေချင်တဲ့စေတနာ တွေနဲ့သာ လုပ်ကိုင်နေကြရတာ စာအုပ်ဘုတ်ကိုင်လုပ်ရတာ စိတ်ညစ်ရတယ်၊ အဆူအဆဲခံရတယ်၊ အပြောအဆိုခံရ တယ်၊ ငွေကုန်ကြေးကျများတယ်၊ စိုက်ထုတ်ရတာ၊ အိတ်စိုက်ရတာများတယ်ဟု ပြောဆိုကြသည်။

 စာအုပ်ရော လိုအပ်တဲ့ပစ္စည်းတွေရော အစုံအလင်ပေးတာ ဘာကြောင့်စိတ်ညစ်ရတာလဲ ဘာကြောင့် စိုက်ရတာလဲဆိုတဲ့အခါ စာအုပ်ဘုတ်နှင့်ပတ်သက်ပြီး လိုအပ်တာတွေဝယ်ကြတာက ကိုယ့်ငွေနှင့်ကိုစုပြီး စိုက်ဝယ်ကြရတာပါ အကျဉ်းဦးစီးက ပေးတာ မဟုတ်ပါဘူးလို့ ဆိုကြပါတယ်။

 ပြီးတော့ စာအုပ်တစ်အုပ်ပျောက်ရင် နှစ်အုပ်အစား ပြန်ပေးရပါတယ်တဲ့။ အင်း... ရှိကောင်းပါတယ် စာအုပ်တွေလည်းအုပ်ရေတိုးပြီး စည်းနဲ့ကမ်းနဲ့ မပျောက်ပျက်အောင် ထိန်းထိန်းသိမ်းသိမ်း နှင့် ကိုယ့်ပစ္စည်းလိုကိုင်တွယ်တတ်အောင် လုပ်ထားသလိုဆိုတော့ အဆင်ပြေမှာပေါ့ စာအုပ်တွေက အဲဒီနည်းနဲ့ ဆတိုးတွေတိုးပြီး သောင်းဂဏန်းထိ တိုးတက်များပြားလာကြတာလားဆိုတော့ အတိအကျပါပဲဗျာ။

စာအုပ်တစ်အုပ် ပျောက်ရင် နှစ်အုပ်အစားပြန်ပေးရပါတယ်။ အကယ်၍ အစားပြန်လျော်စရာ စာအုပ်မရှိရင် ငွေငါးထောင်ကျပ် ပေးလျော် ရပါတယ်တဲ့။ အဲဒီလျော်ကြေးငွေများကိုတော့ ဘယ်လိုပြန်လည် အသုံးပြုစီမံခန့်ခွဲတယ်ဆိုတာကိုေတာ့ မသိကြပါဘူးတဲ့။ အဲဒီလို ပျောက်ပျက်သွားတဲ့စာအုပ်များကို စာဖတ်သူများက လျော်ကြတာမဟုတ်ပါဘူး စာအုပ်ဘုတ်ကိုင်တွေက စိုက်လျော်ပေးကြရတာဖြစ်ပါသတဲ့။ ထို့အပြင် ပျောက်သွားတဲ့စာအုပ်အတွက် နှစ်အုပ် လျော်ပြီး သို့မဟုတ် ငွေငါးထောင်လျော်ပြီးပါသော်လည်း ထိုစာအုပ်ကို ပျောက်သွားရာက ပြန်တွေ့တဲ့အခါမှာလည်း ယင်းစာအုပ်များကို ဘုတ်ပိုင်စာအုပ်ဖြစ်တာမို့ ပြန်သိမ်းပါသတဲ့။ ထိုသို့လျော်ပြီးသားစာအုပ် ဖြစ်ပေမယ့် နောက်တစ်အုပ်ပျောက်လို့ အစားပြန်လျော်ပေးတဲ့အထဲမှာ အဲဒီစာအုပ်ကို ပြန်လျော်ပေးလို့မရဘဲ ဒီအတိုင်း ပြန်သိမ်းတာ ဖြစ်ပါသတဲ့။

အဲဒီစာအုပ်တွေကို ဘယ်လိုမှတ်မိကြသလဲဆိုတော့ စာအုပ်တွေမှာ A ကနေ Z အထိစဉ်ထားပြီး နံပါတ်တွေတပ်ထားကာ စာအုပ်အတွင်းသားတွေမှာ စာအုပ်တည်ရှိရာ အဆောင်နဲ့ နာမည်များကို တံဆိပ်တုံးများ ရိုက်နှိပ်ထားတာကြောင့် ဘယ်အဆောင်ကစာအုပ်လဲ၊ မိန်းဂျေးဆိုမိန်းဂျေး၊ တစ်ဆောင်ဆို တစ်ဆောာင်၊ မကျဆို မကျ၊ မချုပ်ဆို မချုပ်၊ သပြေဆို သပြေလို့ သိရှိနိုင်ပါသတဲ့။ အချို့သော သဘောထား တင်းမာသူ စာအုပ်ဘုတ်ကိုင်များကတော့ စာဖတ်သူများထံကနေ စာအုပ်ပျောက်သူလို ယင်းသို့ ပြန်တောင်း တတ်ကြပါတယ်တဲ့။

စာအုပ်ငှားလိုတဲ့သူဟာ ဝန်ထမ်းဆိုလျှင် အမည်နှင့် ကိုယ်ပိုင်နံပါတ်ပေးရပြီး အကျဉ်းသား အချုပ်သားဆိုရင် အမည် အဘအမည် ထောင်ဝင်နံပါတ်ပေးကာ ငှားရမ်းနိုင်ပါတယ်။ သို့သော် အကျဉ်းသားများ အသိုင်းအဝိုင်းကတော့ စာအုပ်နှစ်အုပ်သာပြန်လျော်ခိုင်းတာ တရားရုံးထွက်လို့အပြန်မှာ မိသားစုတွေက စာအုပ်အသစ်တွေ သတင်းစာ ဂျာနယ် မဂ္ဂဇင်းအသစ်တွေပါလာရင် အကျဉ်းဦးစီးက ရှာဖွေရေးတာဝန်ကျတဲ့ ဝန်ထမ်းတွေက အကုန်သိမ်းပစ်ကြ တယ်ဟု ဆိုကြသည်။ ၎င်းတို့ဖြစ်စေချင်သည်မှာ ရှာဖွေရေးပြီးလျှင်တော့ စာအုပ် သတင်းစာ ဂျာနယ်များကို ပြန်ပေးစေချင်ကြသည်ဟုဆိုကြသည်။

ဆက်လက်စုံစမ်းမေးမြန်းကြည့်သောအခါ အင်းစိန်ထောင်တွင်း သတင်းစာ ဂျာနယ်များကို တာဝန်ခံတင်သွင်းသူများရှိပြီး ယင်းတို့တာဝန်ယူသွင်းသော သတင်းစာ ဂျာနယ်များကို ပေးမသွင်းခြင်း ဟုကြားသိရသည်။ အင်းစိန်ထောင်တွင် သတင်းစာ ဂျာနယ်များမှာ ပြင်ပဝယ်ယူဈေးထက် နှစ်ဆနှင့်သုံးဆရှိကြပြီး အဖတ်အများဆုံးမှာ စံတော်ချိန်၊ Daily Eleven ၊ 7day daily ၊ ပြည်မြန်မာ၊ စောင့်ကြည့်ဂျာနယ်၊ First Music News၊ First Weekly ၊ မှုခင်းအစိမ်း နှင့် အနီ၊ သူရိယနေဝန်းတို့ဖြစ်ကြပြီး နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ် ဂျာနယ်များကို လပေးဖြင့် မှာယူဖတ်ရှုနိုင်ကြပြီး ဈေးတော့ကြီးသည်ဟုဆိုကြသည်။

မည်သို့ပင်ဖြစ်စေ ဖတ်ကြသော အကျဉ်းဦးစီးဌာနဝန်ထမ်းများနှင့် အကျဉ်းသား အချုပ်သားများရှိနေသည် ဖြစ်သောကြောင့် အသိပညာ၊ ဗဟုသုတ၊ အကြားအမြင် အတွေးအခေါ်၊ အယူအဆနှင့် လူမှုဘဝအသိအမြင်များ များစွာ တိုးတက်လာစရာ အကြောင်းများစွာရှိနေသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေတာ်အတွက်သော် လည်းကောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်အကျဉ်းထောင်အတွက်သော် လည်းကောင်း၊ အကျဉ်းဦးစီးဌာန အတွက် သော်လည်းကောင်း၊ အကျဉ်းသား အချုပ်သားများအတွက်သော် လည်းကောင်း၊ တထူးတလည် ကြိုဆိုသင့်ပါကြောင်း နှင့် ဝမ်းမြောက်ဂုဏ်ယူသင့်လှပါကြောင်း အသိပေးတင်ပြအပ်ပါသည်ခင်ဗျား ။ ။