Breaking News

ဘာသာပြန် သာဂိ - စိတ်အားငယ်သူတွေလုပ်တတ်တဲ့ ဆိုရှယ်မီဒီယာအကျင့် ၁၀ခု


ဘာသာပြန် သာဂိ - စိတ်အားငယ်သူတွေလုပ်တတ်တဲ့ ဆိုရှယ်မီဒီယာအကျင့် ၁၀ခု(မိုးမခ) မတ် ၈၊ ၂၀၂၀


တလောကလုံး ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရန်၊ ဝပ်စ်အပ်တွေ သုံးပြီး လူဝင်ဆန့်နေကြတဲ့ ခေတ်ကြီးမှာ တချို့တွေကတော့ ပုံမှန်သုံးကြပြီး အချို့ကတော့ အလွန်အကျွံသုံးကြပါတယ်။ ပုံမှန်ဆိုတာက ကိုယ်အားလပ်ချိန်မှာ ဆိုရှယ်မီဒီယာထဲသွားပြီး သတင်းပုလင်းတွေ ကြည့်တာ၊ ဘာထူးသလဲ၊ သာရေးနာရေး ဘာလဲ ဘယ်လဲ ကြည့်ကြတာ။ ကိုယ့်ဘက်က ထူးတာလေး၊ ပြောချင်တာလေးကိုလည်း ရှယ်ချင်တဲ့အခါ ရှယ်လိုက်ရုံပေါ့။ အလွန်အကျွံသုံးတာကတော့ သူများတွေ တင်သမျှ လိုက်ရှာ လိုက်ဖတ်၊ ကိုယ့်ဘက်ကလည်း တုန့်ပြန်ချက်တွေပေး၊ ဟိုစောင့်ကြည့် သည်စောင့်ကြည်၊ ရှယ်ပြီးရင်း ရှယ်။ သည်လိုမျိုး အမူအကျင့်တွေပေါ့။ အခု ဆောင်းပါးကတော့ဖြင့် စိတ်အားငယ်သူတွေ (ကိုယ့်ကိုယ်ကိုယ်စိတ်ချယုံကြည်မှု နည်းသူတွေ) လုပ်တတ်တဲ့ ဆိုရှယ်မီဒီယာအကျင့် ၁၀ခု ဆိုပြီး ထုတ်ပြထားပါတယ်။

(၁) အလွန်အကျွံ တင်ပြခြင်း
သူတို့တွေက သူတို့ခံစားချက်တွေကို အသေးစိတ် ရေးသားပြီးတော့ အထူးလုံ့လစိုက်ပြီး ပို့စ်တွေ တင်ကြလေ့ရှိပါတယ်။ သူတို့ကိုယ်ရေးကိုယ်တာတွေသာမက သူများအကြောင်းတွေကိုပါ အကြီးအကျယ် ပို့စ်လုပ်ကြပါတယ်။ သူတို့မှာ တခုခုကို သက်သေပြဖို့ လိုအပ်နေသလိုမျိုး မပြတ်ရေးနေကြပါတယ်။

(၂) လုပ်ကြံဖန်တီးခြင်း
သူတို့တွေက အလိမ်အညာတွေလည်း တင်တယ်၊ သူတို့အပေါ်ကို အထင်အမြင်ကောင်းအောင်လည်း ဖန်တီးကြတယ်။ သူတို့တင်တာတွေကို ကြည့်ပြီး လူတွေက သနားလာအောင်မျိုးလည်း လုပ်တတ်ကြတယ်။ မတရားမှုတွေ ခံစားနေရသလိုမျိုး ပုံဖမ်းကြတယ်။

(၃) ဆယ်ဖီအလွန်ဆွဲခြင်း
ပုံကောင်းထွက်တဲ့ ဆယ်ဖီကို လူတိုင်း နှစ်သက်ပါတယ်။ သူတို့ကျတော့ သူများတွေက သူတို့ဆယ်ဖီတွေ ကို ဝိုင်းပြီး လိုက်ခ်ကြစေချင်စိတ်က ပိုများပါတယ်။ သည်တော့ သူတို့စာမျက်နှာတွေမှာ ဆယ်ဖီတွေ တင်းကြမ်း တင်ထားတာနဲ့ ပြည့်နေတော့တာပဲ။

(၄) ကိုယ့်အတွင်းရေးတွေ အလွန်တင်ခြင်း
အတွင်းရေးဆိုတာက သမီးရည်းစား လင်မယား ဆက်ဆံရေး ကိစ္စတွေကို အပြတ်ကို ရှယ်ကြ ထုတ်ပြကြတာမျိုးပါ။ ပုံမှန်အဆင်ပြေနေတဲ့ စုံတွဲတွေကတော့ ဒါမျိုးကို လူအများရှေ့ အလွန်အမင်း ထုတ်ပြလေ့ မရှိပါဘူး။

(၅) ကိုယ့်ကို မလိုက်ခ်သူတွေကို ရန်လိုခြင်း
သူတို့တွေက သူများပို့စ်ထက် ကိုယ့်ပို့စ်ကို ဘယ်လောက်များများ ဝိုင်းကြိုက်ကြသလို ထောက်ခံကြသလဲဆိုတာ မပြတ်စောင့်ကြည့်နေကြတယ်။ ပြီးတော့ သူတို့ကို မလိုက်ခ်သူတွေကိုလည်း ချက်ခြင်းဆိုသလို ရိပ်မိတတ်ကြတယ်။ အဲသည် လူတွေကို ပစ်မှတ်ထားပြီ စောင်မြောင်းတာ ဝေဖန်တာ ရှုံချတာတွေကိုလည်း လက်တုန့်ပြန်ပြီး တင်နေကြပြန်ရော။

(၆) ရုပ်ပစ္စည်း ပိုင်ဆိုင်မှုတွေ ရှေ့တန်းတင်ခြင်း
သူတို့တွေမှာ ရှိသမျှ ဝယ်သမျှ ပိုင်ဆိုင်သမျှကို မော်ကြွားလိုစိတ်နဲ့ တင်ကြတယ်။ ပိုက်ဆံကိုတောင် ဓာတ်ပုံရိုက်ပြချင် ပြကြတယ်။ မနာလိုမရှိနဲ့နော်လို့ ပြောပြောပြီး သူများတွေ အဲသလိုတင်လာပြန်တာကိုလည်း မရှုဆိတ်ကြပြန်ကော။

(၇) သူများပျော်ရွှင်မှုကို လိုက်ကန့်လန့်တိုက်ခြင်း
သူများတွေ ပျော်ကြ အပမ်းဖြေကြတာတွေနဲ့ ပတ်သက်ရင် သူတို့က သူတို့မှာ တာဝန်ရှိတယ်၊ သူတို့က ပိုပြီး တတ်သိတယ်လို့ သက်သေပြချင်တယ်၊ ဝင်ပြီး ပါချင်ကြတယ်။ သူများတွေ ပေါ်ပြူလာ အလုပ်တွေ ရုပ်ရှင်တွေ ဂိမ်းတွေ ကြိုက်နစ်သက်တာ ရှယ်ကြတာတွေကို လိုက်ပြီး ပြစ်တင်စကားပြောတယ်၊ ဝေဖန်တယ်။ သူတို့မှာ ဒါတွေ မလိုအပ်သလိုမျိုး သူများအလုပ်တွေဟာ အဓိပ္ပါယ်မရှိသလိုမျိုး တုန့်ပြန်ကြလေ့ရှိတယ်။

(၈) အဆိုးမြင်စိတ္တဇနဲ့ ခံစားခြင်း
သူတို့ကို မနာလိုသူတွေ အမုန်းထားသူတွေ နောက်ကွယ်ကနေ တိုက်ခိုက်နေကြတယ်လို့ သူတို့က ခံစားတယ်၊ အဲသလိုမျိုး မတ်စိတွေ တင်ကြတယ်။ ထိလွယ်ရှလွယ်ကြတော့ သူများပို့စ်တွေဖတ်ပြီး သူတို့ကို ရည်ရွယ်ပြီး တိုက်ခိုက်နေတယ်လို့ မြင်ကြပြန်ရော။ သည်လိုနဲ့ စိတ်ဆိုးလွယ်သူတွေအဖြစ် တုန့်ပြန်ကြပြန်တယ်။

(၉) သူငယ်ချင်းစာရင်းကို ထုတ်ပြန်ပြီး ခန ခန အန်ပြခြင်း
ဆိုရှယ်မီဒီယာမှာက သူငယ်ချင်းစာရင်းပဲရှိတယ်၊ ရန်သူစာရင်းမရှိဘူး။ သည်တော့ သူတို့ အန်လိုက်တာတွေ အန်ဖရင်းလုပ်လိုက်တာတွေက လူတွေ သိအောင်လုပ်ဖို့ လိုတော့ သူတို့ပို့စ်တွေထဲက အကောင့်အတုတွေ အန်မယ်တို့ စစ်ဆေးမယ်တို့ ဖျက်ပစ်မယ်တို့ ခနခန ပို့စ်တွေ တင်ပြီး ချူသံတွေ ပေးကြလေ့ရှိတယ်။ သူတို့ကိုယ်တိုင်က အရေးပါသူလို့ ထုတ်ပြချင်တော့ သူတို့ဖရင်းတွေကိုယ်တိုင်ကလည်း အရေးပါသူတွေမို့ အရာပေးနေရတယ်လို့ ပုံဖမ်းကြတာပေါ့ဗျာ။

(၁၀) ကိုယ့်ဖာသာကိုယ်ကြိုက်ပြီး နေခြင်း
သူတို့ပို့စ်တွေ ရှယ်တာတွေကို ပြန်ပြီး လိုက်ခ်ပေးနေတာနဲ့ အချိန်ကုန်တာပေါ့ဗျာ။ သူတို့ပို့စ်တွေ လိုက်ခ်နည်းနေရင် သူတို့တွေ အိပ်မပျော်တော့ဘူး။ ၂၄နာရီ ဆိုရှယ်မီဒီယာကို မီးထွန်းပြီး ကင်းစောင့်နေကြတော့တာပဲ။

https://madamenoire.com/1134084/10-things-insecure-people-do-on-social-media