Breaking News

ဇင်လင်း - စစ်အင်အားချင်း ဖက်ပြိုင် နေသမျှ နိုင်ငံရေးဆွေးနွေးပွဲများ တစ်ဆို့နေဦးမည်



ဇင်လင်း - စစ်အင်အားချင်း ဖက်ပြိုင် နေသမျှ နိုင်ငံရေးဆွေးနွေးပွဲများ တစ်ဆို့နေဦးမည်

(မိုုးမခ) မတ် ၈၊ ၂၀၂၀

မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေသည် ပြင်ပမှ စွပ်စွဲမှုများ၊ ဖိအားများနှင့် ရင်ဆိုင်နေရသည်ကို သိမြင်နေပါလျှက် အချင်းချင်းသွေးစည်းညီညွတ်မှု တည်ဆောက်ရန် မေ့လျော့နေကြသည်။ စိတ်သဘောရိုးရှင်းစွာဖြင့် ငြိမ်းချမ်းရေးရယူကြ မည်ဆိုလျှင် မြန်နိုင်ပါလျှက် မလိုလားအပ်သော ဆန္ဒစွဲများကို ရှေ့တန်းတင်လွန်းသဖြင့် တည်ငြိမ်အေးချမ်းမှု မရနိုင်ဘဲ ရှိနေသည်။ ဆွေးနွေးညှိနှိုင်းမှု လုပ်ကြရသည့် သဘောမှာ အပေးအယူ လုပ်ရခြင်း ဖြစ်သည်။ အပေးအယူမျှတဖို့ဆိုလျှင် အလျော့အတင်း လုပ်ကြရမည်မှာ ဓမ္မတာဖြစ်သည်။ ညှိနှိုင်းမှုလုပ်ကြရာတွင် တစ်ရာ ရာခိုင်နှုန်းရလိုသည့် စိတ်အခံကို ကြိုတင်ပြုပြင်ထားသင့်သည်။ အခြားတစ်ဖက်သို့ မျှဝေခံစားခွင့် ပေးသင့်သည်ဆိုသော စိတ်အခံကိုလည်း အပြုသဘော ဖြင့် ကြိုတင်ခံယူထားရမည်။ အပြုစိတ် အခံအားနည်းကြသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယနေ့တိုင် သောင် မတင် ရေမကျဖြစ်နေရသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)လုပ်ငန်းစဉ်သည်လည်း အလားထူ ရှေ့မတိုး နောက်မဆုတ် တစ်ဆို့မှုများနှင့် ကြုံနေရသည်။ အကျိုးဆက်အဖြစ် တိုင်းရင်းသားဒေသများတွင် ယနေ့တိုင် တိုက်ပွဲများ မရပ်စဲနိုင် ဖြစ်နေရသည်။

လက်ရှိအစိုးရအနေဖြင့် ကချင်အဖွဲ့(KIO/KIA) နှင့် ကရင်နီအဖွဲ့(KNPP)အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ပါဝင် လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းနေသည်။ ထို့ပြင် ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် နိုင်ငံရေးသဘောတူညီချက်များ ချမှတ်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစုပင်လုံကို ယခုနှစ် ဧပြီ လ အတွင်း ကျင်းပနိုင်ရေး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ညှိနှိုင်းနေသည်။ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် NCA မထိုးရသေးသည့် ကချင်အဖွဲ့(KIO/KIA)၊ ကရင်နီအဖွဲ့(KNPP) အဖွဲ့တို့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ၍ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ဘုံသဘောထားများ ရရှိရေး ညှိနှိုင်းခဲ့ကြကြောင်း 7Day News အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွဒ် တို့ အပါအဝင် တိုင်းရင်းသားအဖွဲ့၁၂ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင် များ တက်ရောက်ခဲ့ကြောင်း ABSDF ဥက္ကဋ္ဌ ဦးသံခဲ၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများနှင့်ပတ်သက်၍ အပစ်ရပ်အဖွဲ့များ ချည်းလုပ်ဆောင် မရသဖြင့် NCA လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်းခြင်း ဖြစ်ကြောင်း RCSS အကြံပေး ဦးခွန်းဆေ က ပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးဖို့က ပြည်ထောင်စု အခြေခံမူများဆိုတာ ရှိတာကိုး။ သူတို့က အဲဒီ ကိစ္စတွေကို ဆွေးနွေးတဲ့အခါကျလို့ရှိရင် လက်မှတ်မထိုးတဲ့သူတွေလည်း ပါစေချင်တာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ နားလည်မှုယူပြီးပါပြီ” ဟု ဦးခွန်းဆေက ဆိုသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ‘‘လက် မှတ်ထိုးတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုးတဲ့အဖွဲ့တွေရော ဖက်ဒရယ်မူ ဒါတွေကို ဖြစ်လာနိုင်အောင် ဝိုင်းညှိတယ်ဆိုတာ ဝိုင်းဝန်းကြိုဆိုရမယ်။ အစိုးရကလည်း အားပေးသင့်တယ်။” ဟု ဆိုသည်။ KIA အနေဖြင့် စစ်တိုက်သည့် လမ်းစဉ်ထက် နိုင်ငံရေးအရ အဖြေရှာနိုင်ရေးစဉ်းစားသည့် အနေအထားကို တွေ့ရကြောင်း သူက ဆိုသည်။7Day News

ဤအတောအတွင်းမှာပင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS တို့ မိုင်းကိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းရှိ ‘ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ’ (RCSS) တပ်စခန်းကို တပ်မတော်က အင်အားအလုံးအရင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ချီတက်တိုက်ခိုက်ခဲ့ခြင်းကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တပ်မတော်၏ ရပ်တည်ချက်အပေါ် သံသယရှိသည်ဟု RCSS က ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ RCSS က တိုက်ပွဲဖြစ်စဉ်အပေါ် ကြေညာချက် ထုတ်ပြန်ရာ၌ RCSS အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် နည်းလမ်းမျိုးစုံဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျာနှှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တပ်မတော် က ကြိုတင်ညှိနှိုင်းခြင်း အလျှင်းမရှိဘဲ မိုင်းကိုင်မြို့နယ်အတွင်းရှိ RCSS တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိ ချီတက်တိုက်ခိုက်ခြင်း သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တပ်မတော်၏ ရပ်တည်ချက်အပေါ် သံသယဖြစ်စေသည်ဟု ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် တိုက်ပွဲများ မဖြစ်ပွားရေး နှစ်ဦးနှစ်ဖက် အမြန်ဆုံး တွေ့ဆုံညှိ နှိုင်းရန်လိုအပ်သည်ဟု ပါရှိသည်။ ထို့ပြင် တိုက်ပွဲဖြစ်စဉ်ကြောင့် RCSS အနေဖြင့် မကြာမီ ကျင်းပရန်စီစဉ် ထားသော ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးသို့ကိုယ်စားလှယ်စေလွှတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မည်ဟုလည်း ဆက် လက် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းသည် အင်အား ၄၀ဝ ခန့်ရှိ တပ်မတော်စစ်ကြောင်းက စတင်တိုက်ခိုက်ခဲ့သည်ဟု RCSS က သတင်းထုတ်ပြန်ခဲ့သော်လည်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် စစ်ကြောင်းများ ဝင်ရောက်မည့် အခြေအနေကို လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက် ကတည်းက RCSS ၏ ခိုလမ် ဆက်ဆံ ရေးရုံး တာဝန်ခံထံသို့ အကြောင်းကြားထားကြောင်းပြောသည်။ မိုင်းကိုင်မြို့နယ် ဟိုခဲဒေသ၌ မူးယစ်ဆေးဝါး သတင်းရရှိ၍ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်မည့်အကြောင်းကို ငါးရက်ကြိုတင် အကြောင်းကြားခဲ့သည်ဟု ၎က ဆိုသည်။

အခြားတစ်ဖက်တွင် ဖာပွန်မြို့နယ်အတွင်း တပ်မတော်က ဆောင်ရွက်နေသည့် လမ်းဖောက်လုပ်ရေး ရည်ရွယ်ချက်၏ နောက်ကွယ်မှ အကြောင်းရင်းသည် စဉ်းစားစရာဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ကဆိုသည်။ KNU အ ထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးက လမ်းဖေါက်သည့် ကိစ္စ စိုးရိမ်မှုရှိကြောင်း ပြောသည်။ အပစ်အခတ် ရပ်စဲ ရေး ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပို၍ အရေးကြီးသလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

တပ်မတော်ဘက်က ညှိနှိုင်း မှုမရှိဘဲ ကျောက်ကြီးမှ မူသဲ အထိ လမ်းကျယ်များဖောက်လုပ်ခြင်းကြောင့် နှစ်ဖက်အကြား ယုံကြည်မှုများစွာ ထိခိုက်ခဲ့ကြောင်းနှင့် ၂၀၁၈ မှ လက်ရှိအချိန်ထိ အဆို ပါဒေသတွင် စစ်ဘေးတိမ်းရှောင်သူ နှစ်ထောင် ကျော်ရှိသည်ဟု ပဒိုစောတာဒိုမူးက ပြောသည်။ လမ်းဖောက်လုပ်ခြင်းသည် စစ်ရေးအရလွှမ်းမိုးမှု လုပ်ဆောင်လာမည်ကို KNU ဘက်က စိုးရိမ်သည်ဟုလည်း ပဒို စောတာဒိုမူးက ဆိုသည်။ ဖာပွန်မြို့နယ်အတွင်း တပ်မတော်၏ လမ်းဖောက် လုပ် ခြင်းကိစ္စနှင့်ပတ်သက်ပြီး ပဒိုစောတာ ဒိုမူး၏ ပြောကြားချက်များကို KNU သတင်းနှင့် ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဒေသတွင် လမ်းဖောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြားတိုက် ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ အခြေအနေသည် အပစ်အခတ်ရပ်စဲရေးအဆင့်သာဖြစ်ပြီး ငြိမ်းချမ်းရေးမရသေးကြောင်း၊ တပ်မတော်နှင့်ထိတွေ့မှု များရှိနေသော်လည်း အပစ်အခတ်ရပ်စဲမှု လုံးဝရပ်တန့်ခြင်းမျိုး မဟုတ်ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ်က ပဒို စော တာဒိုမူးက ပြောသည်။

“အဲဒီအတွက်ကြောင့် ဒီ အခြေအနေအမှန်ကို သုံးသပ်ပြီးတော့ ပြည်သူလူထုတွေရဲ့အပိုင်း၊ သက်ဆိုင်ရာ Stakeholder က ကျွန်တော်တို့ အပစ်အခတ်ရပ်စဲ ရေးခိုင်မာမှုနဲ့ နိုင်ငံရေးအဖြေထွက်ဖို့ဆိုတဲ့ အပိုင်းကို ဝိုင်းပြီးတော့ တွန်းတွန်းတိုက်တိုက် နဲ့ပါဝင်ကြဖို့လိုအပ်ပါတယ်” ဟု ပဒို စောတာဒိုမူးက ဆိုသည်။

လမ်းဖောက်လုပ်ရေးကိစ္စကြောင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပဋိပက္ခများကို ဖြေရှင်းရန် တပ်မတော်နှင့် KNU တို့သည် ဗဟိုအဆင့် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်မဟာအဆင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ထပ်မံ တွေ့ဆုံ ရန် စီစဉ်ထားကြောင်းသိရသည်။ တပ်မတော်က လမ်းဖောက်လုပ်ရေးဆောင်ရွက်မှုသည် စစ်ဆင်ရေးအရ မဟုတ်ကြောင်း မကြာခဏထုတ်ဖော် ပြောဆိုသည်။ တပ်မတော်က ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် လမ်းဖောက်လုပ်ရေး လုပ်ငန်း များအပေါ် KNU ဘက်က အမြင်မကျဉ်း စေလိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့တိုင်အောင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့၏ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ရက်ပိုင်း အတွင်းမှာပင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း၌ တိုက်ပွဲထပ်မံ ဖြစ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ကရင် ပြည်နယ်အတွင်း တပ်မတော်၏ နယ်မြေ ချဲ့ထွင်မှုများကြောင့် ဖြစ်သည်ဟု KNU ဘက်က စွပ်စွဲခဲ့သည်။ ယင်းတိုက်ပွဲများ ကြောင့် ဒေသခံမျာ ထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်ဟု ဆိုသည်။ ဖာပွန်မြို့နယ်အတွင်း တပ်မတော် ခြေမြန်တပ်ရင်း (၄၀၆) နှင့် KNU တပ်မဟာ(၅) တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော တပ်မတော်ညှိနှိုင်းရေးအဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ နှင့် နေပြည်တော်၌ တွေ့ဆုံဆွေး‌နွေးပြီး သုံးရက်အကြာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ တပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့ သည်မှာ မှန်ကန်ကြောင်း၊ ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဘက်စလုံးက အသေးစိတ်လေ့လာ ပြန်လည်တင်ပြရန် အချိန် တစ်ပတ်ပေးထားကြောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA သို့ ပြောကြားခဲ့ သည်။

ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖောက “ရွာ ၉ ရွာက လူဦးရေ ၂၁၃၇ ဦးရှိတယ်။ အဲဒီရွာကတော့ မူတရော်ခရိုင် (ဖာပွန်ခရိုင်) လူသောမြို့နယ်က ဖြစ်တယ်။ ဒီလိုထွက်ပြေးတိမ်းရှောင်ရတဲ့ အကြောင်း အရင်းက တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွေ လုပ်တယ်၊ သတ်မှတ်နယ်မြေတွေမှာ လမ်းမချဲ့ဖို့၊ ဒါပေမဲ့ လမ်းဖောက်လုပ်တဲ့အတွက် ပစ်ခတ်မှုတွေဖြစ်တယ်။ ပစ်ခတ်မှုတွေဖြစ်ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေ ပစ်ခတ် တဲ့ အတွက် လက်နက်ကြီးကျည်တွေဟာ ရွာတွေမှာ၊ လယ်ယာတွေမှာ ကျရောက်သလို စစ်အင်အားတွေ တိုးချဲ့တဲ့အတွက် ရွာသူရွာသားတွေက မနေရဲတော့တဲ့အတွက် ထွက်ပြေးတိမ်း ရှောင်နေကြရတာဖြစ်ပါတယ်။” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်ဘက်က လက်နက်ကြီးလက်နက်ငယ်များနှင့် ည ၉ နာရီအထိ ပစ်ခတ်ခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ထားသည်။ လက်ရှိ တိုက်ပွဲ အနေအထားအရ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြားလာနိုင်ကြောင်း၊ စစ်ရှောင်ဒုက္ခသည်များ အမိုးအကာအခင်း၊ အစားသောက်နှင့် ဆေးဝါးအကူ အညီများ လိုအပ်နေကြောင်း၊ ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖော်ကနော့က ဒီဗွီဘီသတင်းသို့ ပြောကြားသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြည်သူအများ ထိခိုက်မှုအများဆုံးဖြစ်စေသည့် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကို လုံးဝရှုတ်ချကြောင်း၊ ရွာသားများအနေဖြင့် အကြောက်တရားကြောင့် ထပ်ခါ တလဲလဲ ထွက်ပြေးတိမ်းရှောင်ရခြင်းမှ ကင်းလွတ်ခွင့်ရှိစေရမည်ဟု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။ ဒေသခံများ ရွှေ့ပြောင်းနေထိုင်မှုဖြစ်ပေါ်စေေသာ လုပ်ရပ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အပိုင်း ၉ (ဂ) ကို တိုက်ရိုက်ချိုးဖောက်ခြင်း ဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့က ထောက်ပြထား သည်။

ရှေ့မတိုး နောက်မဆုတ် တစ်ဆို့နေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တို့ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖေါ်ဝါရီ ၂ ၊ ၃ ရက်များက ဆွေးနွေးပွဲ ကျင်းပခဲ့ရာ သဘောတူညီချက် ၃ ချက် ရရှိခဲ့သည်ဟု မွန်သတင်း အေဂျင်စီသတင်းအရ သိရသည်။ 

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ NCA စာချုပ်အကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေး JICM ဆုံးဖြတ်ချက်များ ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရေး ၂ ရက်တာ တရားဝင် အစည်း အဝေး ကျင်းပအပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တစ်ခု ရောက်လာခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းစာရှင်းလင်းပွဲ တွင် NCA-S EAO အဖွဲ့ ပြောခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားခဲ့သည်။ 

လက်ရှိ မြေပြင်အခြေအနေများကို အခြေခံ၍ လေ့လာကြည့်ပါက၊ လက်နက်ကိုင်လမ်းစဉ်နှင့် စစ်အင်အားသုံးသည့် လုပ်ရပ်များကို မရပ်စဲနိုင်သမျှ နိုင်ငံရေးဆွေးနွေးပွဲများ အခက်တွေ့နေဦးမည်ဖြစ်သည်။ နိုင်ငံရေး စီးပွားရေး အစရှိသော ကဏ္ဍအသီးသီး၌ နိုင်ငံသားများကို ခွင့်တူညီမျှမှု မပေးသမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ေကာင်းများ ရရှိရန် ခက်ခဲပါ လိမ့်မည်။ ယခု ဖြစ်စဉ်ကို ပြောင်းလဲအောင် မလုပ်နိုင်ပါက၊ စစ်ပွဲများ ဆက်လက် အဓွန့်ရှည်နေ ဦးမည် ဖြစ်သည်။ ထိုနည်းတူ စစ်အင်အားကြီးသူက စစ်ရေးဖြင့် ချောင်ပိတ် ဖိအားပေးခြင်းမျိုး လုပ်နေသမျှ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေ ဦးမည် ဖြစ်သည်။

 ပြည်တွင်း စစ်ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေး တို့ အတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီနည်းကျ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အားထုတ်ရမည်။ 

 အကောင်းဆုံးနည်းလမ်းသည် စတုတ္ထ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွင် အပြန်အလှန် လေးစား ယုံကြည်မှု အခြေခံ၍ တိုင်ပင်ညှိနှိုင်းဖို့လိုသည်။ လူမျိုးရေး တန်းတူညီမျှခွင့်ရှိရေး၊ နိုင်ငံရေး တန်းတူညီမျှခွင့်ရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရေးတို့ကို အာမခံခြင်းသည် ပင်လုံကတိကို လေးစား လိုက်နာခြင်းလည်း ဖြစ်သည်။ စစ်အင်အား အပြိုင်အဆိုင်တိုးမြှင့်နေကြြခင်းကြောင့် အချင်းချင်းအကြား ယုံကြည်မှုကျဆင်းနေရုံမက၊ ပင်လုံကတိကို ကျောခိုင်းလျစ်လျူပြုရာလည်း ရောက်နေသည်။ 

နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရြေးဖစ်ပေါ် စေရန် အပြန်အလှန် အ လျော့အတင်းလုပ် နိုင်ကြမှသာ ပြည်သူတို့၏ အနာဂတ် အေးချမ်းမည်ဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် တစ်ဗိုလ်တစ်မင်း သြဇာထူထောင် နေကြသမျှ နိုင်ငံနှင့်တကွ ပြည်သူတို့ အနာဂတ် တည်ငြိမ်အေးချမ်းမှု ရနိုင်ဖွယ် မရှိပေ။ ထို့ကြောင့် လက်နက်ကိုင် အင်အားစုအားလုံးအ နေဖြင့် နိုင်ငံနှင့် ပြည်သူတို့အကျိုး အမှန်လိုလားပါက လာမည့် ဧပြီလ နောက်ဆုံး သီတင်းပတ်တွင် ကျင်းပမည့် စတုတ္ထအကြိမ် ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ဆွေးနွေးခွင့် ရရှိရန် ကြိုးစားသင့်သည်ဟု သုံးသပ်မိပါသည်။