Breaking News

မောင်လူပေ - ကိုရိုနာ ၂၃/၀၃/၂၀


မောင်လူပေ - ကိုရိုနာ ၂၃/၀၃/၂၀

(မိုးမခ) မတ် ၂၄၊ ၂၀၂၀

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၁၉၅)နိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီ။ ကူးစက်ခံရသူ ပေါင်း သုံးသိန်းခုနှစ်သောင်းကျော်၊ သေဆုံးသူ တစ်သောင်းခြောက်ထောင်ခန့် ရှိပြီ။ ပျောက်ကင်းသူ တစ်သိန်းတစ်သောင်းကျော်ရှိ၍ ရောဂါဖြစ်ပွားနေဆဲ နှစ်သိန်းငါးသောင်းခန့် ရှိသည်။

တရုတ်ပြည်တွင် ရောဂါဖြစ်ပွားနေဆဲလူနာ ငါးထောင်ခန့်ကျန်ရှိချိန်မှာ အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူဦးရေ လေးသောင်းကျော်အထိ တိုးလာခဲ့သည်။ တရုတ်ပြည်တွင် ရောဂါအသည်းအသန်ဖြစ်နေစဉ်က ကြိုတင်ပြင်ဆင်ရန် ပျက်ကွက်ခဲ့မှုကြောင့် ဖြစ်သည်။ ရောဂါကို အထင်သေးခဲ့ကြသည်။ ခေတ်မှီချမ်းသာမှုကြောင့် အလွယ်တကူကုသနိုင်သည်ဟု ထင်မြင်ခဲ့ကြသည်။ ဖြစ်လာမှ အရေးယူဆောင်ရွက်ရသဖြင့် နောက်ကျခဲ့ရသည်။ ထို့ကြောင့်လည်း ကူးစက်ခံရသူဦးရေသည် တစ်ပတ်အတွင်း ဆယ်ဆတိုးလာခဲ့ရသည်။ သေဆုံးသူလည်း ငါးရာကျော်ရှိနေပြီ။

အမေရိကန်ပြည်ထောင်စုတွင် ရောဂါဒါဏ် အဆိုးဝါးဆုံးခံစားနေရသည့် နယူးယော့ခ်၊ ဝါရှင်တန် နှင့် ကယ်လီဖိုးနီးယားပြည်နယ်များသို့ ပြည်နယ်အစောင့်တပ်(စစ်တပ်) များကို ပို့လွှတ်ထားပြီး ရောဂါသည်များအတွက် ယာယီဆေးရုံများတည်ဆောက်ခြင်း၊ ကုသရေးအတွက်လိုအပ်သောပစ္စည်းများထောက်ပံ့ခြင်း၊ လူနာ သယ်ယူပို့ဆောင်ရေးစသည်တို့ကို ကူညီပေးနေသည်။ ကူးစက်မှု အဆိုးဝါးဆုံးဖြစ်သည့် နယူးယော့ခ်ပြည်နယ်တွင် ဆေးရုံများမှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရပြီ။ ဂျားဗစ်စင်တာစသည့် အဆောက်အဦကြီးများကို ကုတင်ထောင်ကျော်ဆန့် ယာယီဆေးရုံကြီးများအဖြစ် ပြောင်းလဲနေကြသော်လည်း တစ်ပတ်ကျော်ခန့် ကြာမည်ဆိုပါသည်။