Breaking News

မတ်မန်ဆင် - အမေရိကန်တွေ အိပ်မက် မမက်နိုင်တော့ဘူး


မတ်မန်ဆင် - အမေရိကန်တွေ အိပ်မက် မမက်နိုင်တော့ဘူး

မိုက်ခဲစိန် (မှီးငြမ်း)၊ 

မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၉

မတ်မန်ဆင်ဆိုတာ တက်ကျမ်းရေးဆရာ ဘလော့ဂါ၊ အမေရိကန်မှာ နာမည်ကြီးပါတယ်။ မြန်မာပြည်မှာ ဘာသာပြန်တအုပ်ထွက်ဖူးပါတယ်။ ဂရုမစိုက်ခြင်းအနုပညာ အမည်နဲ့ ချမ်းမြေ့ဝင်း ဘာသာပြန်တယ်။ မာ့မန်ဆင်က ခေတ်အဆက်ဆက်က လိုက်နာခိုင်းတဲ့ နီတိတွေ သင်ယူမှုတွေကို မေးခွန်းထုတ်ပြီး စာရေးတဲ့သူ ဆိုပါတော့။ အခု ဒီဆောင်းပါး - The American Dream Is Killing Us ကလည်း သည်သဘောပါပဲ။ အမေရိကန်အိပ်မက်ဆိုတာ ရှိကော ရှိသေးရဲ့လားလို့ မေးခွန်းထုတ်ပြီး ဆင်ခြင်ခိုင်းတာပါ။ ရေးတုံးက ၂၀၁၆ အောက်တိုဘာကပါ။ ခုတော့ သူ့ကို မှီးပြီး ဆီလျော်သလို ပြန်ရေးပါမယ်။ https://markmanson.net/american-dream

မြန်မာတွေသိတဲ့ အမေရိကန်အိပ်မက်ဆိုတာက လူတကိုယ်၊ ကားတစီး၊ အိမ်တလုံး၊ ပင်စင်ယူ၊ ဇိမ်ခံ ဆိုတဲ့ အသွားမျိူးပါ။ နောက်တခုကတော့ အမေရိကားမှာ ပညာသင်၊ အလုပ်လုပ်၊ ငွေစု၊ ကားဝယ်၊ အိမ်ဝယ်၊ ကြီးပွား ချမ်းသာ၊ ဇိမ်ကျ ဆိုတဲ့ ဇာတ်ကြောင်းမျိုးပေါ့။ များသောအားဖြင့် အမေရိကန်လူလတ်တန်းစားတွေမှာ ဖြစ်ခွင့်ရှိကြတယ်လို့ ဆိုတယ်။ အမေရိကားဆိုတာ အခွင့်အလမ်းတွေ ပြည့်နေတဲ့ တိုင်းပြည်ကြီးကိုး။ ကိုယ်လုပ်သလောက် ကိုယ်ရိတ်သိမ်းခွင့် ရှိတယ်လို့ အထင်ရောက်နေတဲ့ နိုင်ငံသားတွေ နေကြတာ ဖြစ်တယ်။

အမေရိကန်အိပ်မက်က လမ်ဘေးသံပရာရည်ဆိုင်က စတယ်လို့ ဆိုနိုင်တယ်။ American Dream starts with Lemonade Stand ... ။ မြန်မာလိုဆိုရင်တော့ လမ်းဘေးမှာ ရေခဲရည်ရောင်းသလိုပေါ့။ ရေခဲထည့်ထားတဲ့ သွတ်ရေပုံးလေးနဲ့ ရေခွက်နဲ့ တဂေါက်ဂေါက် ခေါက်ပြီး လမ်းဘေးမှာ 'ရေခဲရေ ရမယ်၊ ရေခဲရေ "လို့ အော်ရောင်းကြသလိုပေါ့။ အမေရိကန်က ကလေးတွေက သူတို့ ၆ နှစ် ကနေ ၁၀ နှစ် အရွယ်တွေမှာ သူတို့အိမ်ရှေ့ထွက်ပြီး နေပူချိန် သံပုရာရည်ထွက်ရောင်းလေ့ရှိတယ်။ တခွက် တမတ်နဲ့။ မုန့်ဖိုးရှာကြတာပေါ့။ အိမ်နီးနားချင်းတွေ ခရီးသွားတွေကလည်း အားပေးကြပါတယ်။ သည်လိုနဲ့ အမေရိကန်ကလေးတွေ ပိုက်ဆံရှာတတ်လာကြတယ်လို့ ဆိုရိုးရှိတယ်။ အမေရိကန်အိပ်မက်တွေကလည်း လမ်းဘေးသံပုရာရည်ဆိုင်က စတယ်ဆိုတာက လူတိုင်း ဘာလုပ်လုပ် ဖြစ်နိုင်တယ်၊ ရှာနိုင်တယ်လို့ ငယ်ဘ၀ကတည်းက သွတ်သွင်းပေးလိုက်တယ်လို့ ဆိုချင်တာပါ။

အရင်တုန်းကတော့ အမေရိကားဆိုတာ အကျယ်ကြီး၊ ကုန်ကြမ်းတွေ အများကြီး၊ စျေးဝယ်တွေ အများကြီးဆိုတော့ လူတိုင်း သံပုရာရည်ရောင်းပြီး ကြီးပွားနိုင်ကြတယ်လို့ ဥပမာပေးပါတယ်။ သည်တော့ ပြည်ပတိုင်းပြည်တွေကလည်း အမေရိကားလာပြီး သံပုရာရည်လာရောင်းကြတယ်။ ရှာသလောက်ရတယ်၊ လုပ်သလောက်ဖြစ်တယ် ... သည်လိုမျိုး မြေကြီးက ရွှေသီးခဲ့ဖူးတယ်ပေါ့ဗျာ။ သည်တော့ အမေရိကန်တွေက လုပ်သလောက်ဖြစ် ရှာသလောက်ရဆိုတော့ အိုးနဲ့ အိမ်နဲ့ ကားနဲ့ မိသားစုနဲ့ သက်တောင့်သက်သာ တင့်တောင်းတင့်တယ် လူတိုင်းနေနိုင်တယ်ဆိုတဲ့ အမေရိကန်အိပ်မက် မက်နိုင်ကြတယ်လို့ ဟိုးတုန်းက ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စာရေးဆရာက သံပုရာရည်ရောင်းသူရဲ့ အိပ်မက်တွေ ပျက်ကုန်ပုံကို သည်လိုပုံခိုင်းပါတယ်။ အစက လူတိုင်း သံပုရာရည် အမေရိကားမှာ လာရောင်းပြီး ကြီးပွားကြတယ်။ နောက်တော့ တရုတ်တွေ ဂျပန်တွေကလည်း သူတို့ဒေသတွေမှာ သံပုရာရည်ကို အရသာလည်းရှိ စျေးလည်း သက်သာအောင် လုပ်ရောင်းပြီး ပြိုင်ဆိုင် အနိုင်ရလာကြတယ်။ အမေရိကန်သံပုရည်ရောင်းသူတွေအချင်းချင်းမှာ ခေါင်းပုံဖြတ်တာ၊ အမြတ်ထုတ်တာ၊ စျေးကွက် လုတာတွေ ဖြစ်ကုန်တယ်။ အရင်းကြီးသူတွေက အရင်းနည်းသူတွေ အရင်းမဲ့တွေကို လစာနည်းနည်းပေးပြီး ဖိနှိပ်လာကြတယ်။ သည်တော့ အယင်တုန်းကလို သံပုရာရည်သည် အိပ်မက် မက်ဖို့ ခက်လာပြီတဲ့။

အခု အမေရိကန်အိပ်မက် မရှိတော့ဘူး။ ရှားပါးကုန်ပြီ။ ကြပ်တည်းလာပြီ။ သို့သော် လူတွေက အရှိန်မသေသေးဘူး။ လူတွေကို ရိုက်သွင်းထားတဲ့ အိပ်မက်ဝါဒကနေ လူတွေက ရုန်းမထွက်နိုင်ကြသေးဘူး။ သံပုရာရည်ရောင်းတိုင်းလည်း မချမ်းသာတော့ပါဘူး။ သိုု့သော် ပညာတွေ သင်ဆိုပြီး ပညာတွေ သင်ကြတယ်၊ ဆယ်တန်းအောင်လည်း အလုပ်မရဘူး။ ဘွဲ့ရလည်း အလုပ်အဆင်မပြေဘူး။ ပိုက်ဆံရှာတိုင်းလည်း ရှာမတွေ့ဘူး။ ရသလောက်နဲ့ လုပ်နေကြတယ်။ ဖြစ်နိုင်တာကိုပဲ ရွေးလုပ်နေရတော့တယ်။ အခု အမေရိကားအခြေအနေက အဲသလိုဖြစ်နေပြီ။ လူတွေက အရှိန်မသေနိုင်သေးဘူး။ ထင်တလုံးဖြစ်နေတုန်းပဲလို့ စာရေးဆရာက ပြောပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက ရှိပြီးရင်း ရှိပဲ။ မရှိတဲ့သူက မရှိပြီးရင်း မရှိဘဲ။ ရှေးလူကြီးတွေပြောသလို ပညာသင်၊ အလုပ်ကြိုးစား၊ ငွေစု၊ အဲသည် နီတိက လူများစုကြီးအတွက် မမှန်တော့ဘူးတဲ့။ သို့သော် ဖြစ်နိုးဖြစ်နိုးနဲ့ အိပ်မက်မက်ချင်တော့ ရှေးကလူကြီးတွေ ခိုင်းသလို လုပ်နေကြတုန်း၊ လိုက်နာနေကြတုန်းပဲ။ ဖောက်ထွက်ဖို့ နှေးနှောင့်နေဆဲ ဖြစ်တယ်။ ဒါကို ရိပ်မိဖို့ လိုပါသတဲ့။

အရင်က အမေရိကန်တွေက သူတို့ကိုယ်သူတို့ လူလွန်မသားတွေလို့ အထင်ရောက်ခဲ့ကြတယ်။ သူတို့မှာ မြေအကျယ်ကြီး ရှိတယ်။ ပင်လယ်ပြင်ကြီး ၂ ခု ရှိတယ်။ အလုပ်သမားစျေးကလည်း ပေါခဲ့တယ်။ တီထွင်ဆန်းသစ်မှုမှာလည်း ထိပ်တန်းဖြစ်ခဲ့တယ်။ တိုင်းတပါးက ကျူးကျော်မှာလည်း မစိုးရဘူး။ သီးသန့်ပထဝီတိုက်ကြီးနဲ့ နေတာကိုး။ အဲသည်အားသာချက်တွေနဲ့ အမေရိကန်တွေ အိပ်မက်မက်တယ်။ လူလွန်မသားတွေ - American Exceptionalism ဆိုပြီး လက်မထောင်ခဲ့ကြတယ်။

အမေရိကန်တွေက အာရှတို့ ဥရောပတို့ အာဖရိကားတို့က လူတွေလို ပြည်ပကျူးကျော်မှုတွေ အိမ်နီးနားချင်း ပြိုင်ဆိုင်စျေးကွက်လုမှုတွေ ဘေးပယောဂတွေကြားကနေ ရုန်းကန် ရင့်ကျက် ကြီးပွားကြတာမျိူးကို မကြုံဖူးခဲ့ကြသူတွေ ဖြစ်တယ်။ ကိုယ်ကြိုးစား ကိုယ်ဖြစ်မယ်ချည်း ထင်ခဲ့ကြတယ်။ တရုတ် ကုလား ရုရှား အီသီယိုပီးယားတို့ဆိုတာက ကိုယ်ကောင်းတိုင်း ကြိုးစားတိုင်း မဖြစ်ဘူး။ အနှောက်အယှက် ပယောဂတွေရှိတယ်၊ ရန်သူတွေ အတိုက်အခိုက်တွေ ရှိတယ်၊ အဲသည်အခက်အခဲတွေကိုလည်း ကျော်လွှားတိုက်ခိုက်နိုင်အောင် ပြင်ဆင်ရတယ်ဆိုတဲ့ သင်ခန်းစာတွေ ရှိကြပြီး အမေရိကားမှာတော့ အားနည်းခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

အခု ဂလိုဘယ်လိုက်ဇေးရှင်းဆိုပြီး ကမ္ဘာကြီးချီပြီး အသွင်ပြောင်းနေတော့ အမေရိကန်တွေရဲ့ အရင်တုန်းကလို မြေပေါ အလုပ်ပေါ စျေးပေါတွေနေရာကို သူထက် စျေးချိုတဲ့ အာရှ အာဖရိက နဲ့ အခြားပထဝီဒေသတွေက အစားထိုးနေရာယူကုန်ကြပြီကိုးလေ။ ပြီးတော့လည်း ဟိုက တရုတ် ကုလား ဥရောပ ရုရှား အာဖရိကားနဲ့  ဂျပန်တို့ ဆိုတာက သံပုရာရည်ကိုရောင်းရုံနဲ့ ချမ်းသာတယ်ဆိုတာထက် သူတို့ဆီမှာ အခြားကိစ္စတွေကလည်း အရေးပါတယ်ဆိုတာ ပိုသိနေကြတယ်လေ။ အဆက်အသွယ်ရှိရမယ်တို့၊ အမျိုးတော်မှ ရမယ်တို့၊ အချိတ်အဆက် နားလည်မှု အပေးအယူတွေ မြေပေါ်မြေအောက် အလုပ်တွေကလည်း သံပုရာရည်လေးရောင်းတာထက် အလုပ်ဖြစ်တယ်ဆိုတာ လက်တွေ့ဘ၀ ဖြစ်နေတာကိုး။

အမေရိကန်က သူကချည်း ဦးအောင် သူများတွေဆီမှာ စစ်သွားတိုက်တယ်၊ နယ်သွားချဲ့တယ်၊ စျေးသွားရောင်းတယ်၊ စျေးသွားဝယ်တယ်။ အမေရိကန်က ဂလိုဘယ်လိုက်ဇေးရှင်းကို အရင်ဆုံးမောင်ပိုင်စီးခဲ့တယ်။ ဟုတ်လှပြီ ထင်နေတာ။ သူ့ကို နောက်က ကျော်တက်ကုန်ကြတော့မှ သူ့မှာ ပြသနာတွေနဲ့ အဖတ်တင်ကျန်ရစ်တယ်လို့ ဆိုပါတယ်။ သူရင်ဆိုင်နေရတာက inequality လူတန်းစားတွေ မညီမျှမှု ကွာခြားခြင်း။

အမေရိကန်အလုပ်သမားလူတန်းစား၊ အငယ်နဲ့ အလတ် လုပ်ငန်းရှင် (စျေးရောင်းသူကအစ) လူတန်းစားတွေဟာ ဝင်ငွေမှာ နောက်ကျကျန်ရစ်တယ်လို့ ဆိုတယ်။ အပြိုင်အဆိုင်တွေက ကမ္ဘာကြီးနဲ့ ချီလာတော့ သူတို့ဟာ လုပ်သလောက် မစားရတော့ဘူး။ ရသလောက် လုပ်ပြီး လုပ်သလောက်နဲ့ပဲ စားနေရတယ်လို့ ဖြစ်လာတယ်တဲ့။ ဒီခေတ်လောက် အမေရိကန်လူငယ်တွေဟာ ပညာတတ်တွေ ဘွဲ့ရတွေ အများဆုံးလို့ ဆိုတယ်။ သူတို့၏ Productivity  ကုန်ထုတ်စွမ်းအားကလည်း အမြင့်မားဆုံးလို့ ဆိုတယ်။ သို့သော် သူတို့တွေမှာ အလုပ်လက်မဲ့နှုန်းက မြင့်နေတယ်။ သူတို့တွေမှာ underemployment လို့ခေါ်တဲ့ တန်သလောက်မရတဲ့အလုပ်တွေလည်း မြင့်နေတယ်။ ဘွဲ့ရသူက သူနဲ့မဆိုင်တဲ့ အလုပ်လုပ်နေတာ၊ လုပ်ခလစာ ထိုက်ထိုက်တန်တန် မရတာမျိုးပေါ့။ နောက်တမျိုးကတော့ အချိန်ပြည့်အလုပ်လုပ်နေတာထက် အချိန်ပိုင်းအလုပ်တွေပဲ လုပ်နေကြရတာတွေကို underemployment လို့ခေါ်ပါတယ်။

အလုပ်လက်မဲ့နှုန်းမြင့်နေတယ်ဆိုတာကို ထပ်ရှင်းပါမယ်။ စာရင်းအရတော့ အလုပ်လက်မဲ့နှုန်းနည်းတယ် ဆိုတယ်။ ဟုတ်တယ်လေ။ အောက်ခြေအလုပ်တွေ ဝင်လုပ်နေရသူတွေများလာပြီး အပေါ်တန်းအလုပ်တွေမှာ အလုပ်လုပ်နေသူတွေက နည်းနည်းလာတယ်။ ပျမ်းမျှပေါင်းရင်တော့ အလုပ်လက်မဲ့နှုန်းကတော့ နည်းတာပေါ့။ အရင်တုန်းက လခကောင်း ၆ လခနည်း ၄ ပေါင်း ၁၀ဦး။ အခုကတော့ လခကောင်း ၄၊ လခနည်း ၆ ပေါင်း ၁၀ ဦး။ အလုပ်သမားကတော့ ၁၀ဦးပဲ။ ရတဲ့ လစာ ပျမ်းမျှကတော့ နည်းသွားပြီ။

လုပ်ခလစာတွေက တန့်နေပြီး ကုန်စျေးနှုန်းက တက်နေတယ်။ မြေကြီးတွေ ပေါတယ်ပြောပြီးတော့ အဲသည်နေရာတွေမှာ အမေရိကန်တွေက အလုပ်တွေ ရင်းနှီးမြုတ်နှံမှု ထင်သလောက် မလုပ်ကြပြန်ဘူး။ ဥပမာ အမေရိကန်ကုန်းတွင်းပိုင်းမှာ ကောင်းမွန်ခေတ်မီတဲ့ လုပ်ငန်းတွေ မရှိဘူး။ တီထွင်ဆန်းသစ်မှုတွေကလည်း အလုပ်တွေ ဖန်တီးမယ့်အစား အလုပ်စျေးကွက်တွေကို ရှားပါးစေတယ်။ အေအိုင်ဆိုတာ ပေါ်လာတယ်၊ အော်တိုမေးရှင်းပေါ်လာတယ်၊ စက်တွေက လူအလုပ်တွေ ဝင်လုပ်တော့ လူတွေ အလုပ်ပြုတ်ကုန်တယ် မဟုတ်လား။

သည်တော့ အမေရိကန်တွေရဲ့ ပျမ်းမျှဝင်ငွေဟာ မိုဘိုင်းမဖြစ်တော့ဘူး။ income mobility မဖြစ်တော့ဘူူးလို့ ဆိုကြတယ်။ အဖေခေတ်က လစာထက် သားခေတ်က လစာက ပိုများရမယ်။ သိပ်မကွာတော့ရင် ဝင်​ေငွေ နှေးကွေးလေးလံတယ်လို့ ဆိုပါတယ်။ အခု အမေရိကန်မှာ အဖေတုန်းက လစာနဲ့ သားလစာ ယှဉ်ရင် အဖေတုန်းကမှ ပိုများသေးတယ်တဲ့။ အဖေတုန်းက ၁၀ကျပ်၊ သားကလှည့်ကျတော့ ၁၁ ကျပ်ဆိုရင် သိပ်မဟန်ဘူးပေါ့။ အဖေထက် သားတလမကြီးနိင်တော့တဲ့သလော။ ဝင်ငွေအားဖြင့်။

ကဲ ဟုတ်ပါပြီ။ အမေရိကန်အိပ်မက်ဆိုတာ ခေတ်ကုန်ပြီ။ စာရေးဆရာက ဒါကို ပြောချင်တယ်။ သည်လောက်ပြောရင်ဖြင့် စာဖတ်သူကလည်း နားလည်ပါပြီ။ ထားပါတော့။ သည်တော့ ငါတို့က ဘာလုပ်ကြရမှာလဲ။ သည်လိုဆိုရင် ငါတို့အမေရိကန်တွေ ဘာလဲ ဘယ်လဲ။ ဘယ်လိုလုပ်ကြမလဲ ပေါ့ မေးခွန်းက။

စာရေးဆရာပြောချင်တာက ရှေးနီတိက ရိုက်သွင်းလိုက်တဲ့ ဖော်မြူလာကို တလွဲကောက်ချက်ချခြင်း၏ ဘေး။ လူကြီးတွေက ကလေးတွေကို သင်ပေးတာက ... (အောင်မြင်ချင်ရင် အလုပ်ကြိုးစား၊ အကောင်းစားတွေ ကိုယ့်အတွက်ချည်းဗျား) ဆိုတာ။ သည်တော့ ပြောင်းပြန် တွေးရင်တော့ ... (မအောင်မြင်ဘူးဆိုတာ ပျင်းလို့။ သည်တော့ ဆင်းရဲတာပေါ့ နည်းတောင်နည်းသေး) ဆိုတာမျိူး ဖြစ်လာပါတယ်။ ကြိုးစားတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်မယ်၊ အဆင်ပြေချင်မှ ပြင်မယ်လေ။ အမေရိကန်အိပ်မက်သမားတွေက အိပ်မက်မမက်နိုင်သူတွေကို ညံ့လို့ ပျင်းလို့ ဖျင်းလို့ ဆိုပြီး တဖက်သပ်ကောက်ချက်ဆွဲတတ်ကြတဲ့ အကျင့်ဆိုးကို သတိပြုမိဖို့ ထောက်ပြတာ ဖြစ်ပါတယ်။ အဆိုးမြင်တတ်လာနိုင်တယ်တဲ့။

အဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲသည်အတွေးအခေါ်ဟာ လောကကြီးကို ထင်တာထက်ပိုပြီး ဆိုးကျိူးပေးပါတယ်တဲ့။ ကောင်းတာလုပ်လို့ ကောင်းတာဖြစ်တယ်ဆိုပြီး တကြောင်းတည်းတွေးသူဟာ မကောင်းတာ လုပ်လို့ မကောင်းတာဖြစ်တယ်လို့ ကောက်ချက်ချတတ်ကြတယ်။  သည်တော့ ကံဆိုးမိုးမှောင်ကျသူတွေကို မင်းတို့ မကောင်းတာလုပ်လို့ မကောင်းကြလို့ သည်လို ဒုက္ခရောက်တာလို့ လက်ညိုးထိုး အပြစ်တင်တတ်လာပါတယ်။ မိန်းကလေးတဦး အစော်ကားခံရရင် သည်လူမျိုးက ဘယ်လိုတွေးတတ်သလဲ ... ဒီမိန်းကလေးအနေအထိုင်မတတ်လို့ အစော်ကားခံရတာလို့ မှတ်ချက်မျိုး ပေးတတ်တယ်လေ။ သည်မိန်းကလေး၏ ကံဆိုး ဒုက္ခကို ကိုယ်ချင်းစာဖို့ထက် အပြစ်တင်တတ် ပုံချတတ်ကြတာ လွဲမှားတဲ့အကျင့်ဆိုးဖြစ်ပါတယ်။

သည်လို တကြောင်းတည်း တဖက်သပ်ချည်းတွေးတာအပြင် အမေရိကန်အိပ်မက်သမားတွေရဲ့ အမှား ၃ ချက်ကို ထောက်ပြထားပါတယ်။

(၁) အမေရိကန်အိပ်မက်သမားက တွေးတယ်။ လူတွေဟာ သူတို့နဲဲ့ ထိုက်တန်တာ သူတို့ရတာချည်းပဲ ဆိုတာမျိုး။ကောင်းတဲ့သူက ကောင်းတာရတယ်၊ ဆိုးတဲ့သူက ဆိုးတာ ရတယ်။ သည်လို တွေးတတ်ကြတယ်။ ဒါဟာ မှားပါတယ်။  ဘယ်လောက်ပဲ ကြိုးစားကြိုးစား လူတွေမှာ သူတို့ထိုက်တန်တာ သူတို့ ရချင်မှ ရကြမှာပါ ။ အိုးမဲ့အိမ်မဲ့တွေ ဆိုတာ (ကျူးကျော်တွေ) ဆိုတာ အလုပ်မလုပ်တဲ့ အလေနတောတွေ မဟုတ်ပါ။ သူတို့လည်း တတ်နိုင်သလောက် အလုပ်လုပ်ပြီး ရုန်းကန်နေတဲ့ကြားက အဆင်မပြေကြသေးတဲ့ သူတွေပါ။ အထင်သေးစရာ မဟုတ်ပါ။

(၂) အမေရိကန်အိပ်မက်သမားက သည်လို မြင်လေ့ရှိတယ်။ လူတွေရဲ့တန်ဖိုးဆိုတာ သူတို့တွေ ဆွတ်ခူူးနိုင်မှုတွေ ပိုင်ဆိုင်မှုတွေနဲ့ တိုင်းတာရတာ ဖြစ်တယ် ဆိုတာမျိုး။ နာမည်ကြီးတဲ့သူ ပိုက်ဆံချမ်းသာတဲ့သူ ရာထူးကြီးတဲ့သူတွေမှာမှ တန်ဖိုးရှိသူတွေ ဖြစ်တယ်လို့ သူတို့က စဉ်းစားတယ်။ သာမန် ရဲတပ်သား၊ မီးသတ်၊ ကြက်ခြေနီ၊ ကျောင်းဆရာ၊ ဘတ်စကားမောင်းသမားတွေ၊ သည်လိုတွေကိုတော့ တန်ဖိုးထားဖို့ မစဉ်းစားတတ်ကြဘူး။ ဒါလည်း မှားပါတယ်။ လူ့တန်ဖိုးဆိုတာကို ဒါတွေနဲ့ တိုင်းတာလို့ မရပါ။ အများ အားကျတတ်တာတွေ မဆွတ်ခူးနိုင်သော်လည်း သည်လို သာမညလူတွေဟာလည်း သူ့တန်ဖိုးနဲ့ သူ ရှိတာကို သိဖို့လိုပါတယ်။

(၃) အမေရိကန်အိပ်မက်သမားတွေမှာ ဖြစ်လေ့ရှိတာကတော့ ကိုယ့်ညံ့လို့ ကိုယ်ခံရတာ၊ သူများတွေအပေါ်လူလည်ကျတာကို တရားတယ်လို့ မြင်လေ့ရှိတယ်။ ပြောချင်တာက သံပုရာရည်ရောင်းရုံနဲ့ မချမ်းသာတော့တဲ့အခါ အချင်းချင်းအပေါ်ကို လူလည်ကျ အမြတ်ထုတ်ပြီး အနိုင်ယူအောင် ကြိုးစားတာဟာ တရားတယ်လို့ မျက်စိမှိတ်ပြီး ယုံကြည်လေ့ရှိပါတယ်တဲ့။ အမေရိကန်အိပ်မက်တွေ ရှားပါးလာတော့ အမေရိကားမှာ လူပေါ်လူဇော်လုပ်တာ၊ အချင်းချင်း လိမ်ညာ လှည့်ဖြားတာတွေ၊ ဝက်ဆိုက် အီးမေး အတုအယောင်တွေ ပေါများလာတာကို ထောက်ပြပါတယ်။ ဒါကို ခံရတဲ့အခါ မင်းညံ့လို့ မင်းခံရတာ ၊ ငါ့ကို မထိခိုက်ရင်ပြီးတာပဲဆိုပြီး လျာလွှဲနေတတ်တာ မှားတဲ့အချက် ဖြစ်ပါတယ်။

သည်တော့ စာရေးဆရာက ထောက်ပြတာကတော့ ဟိုးခေတ်က အမေရိကန်အိပ်မက်ဆိုပြီး တက်ကြွအောင်မြင်ခဲ့ကြမယ်။ အခုခေတ်မှာ အမေရိကန်အိပ်မက်ခေတ် ကုန်ပြီ။ နောက်ပေါက်မျိုးဆက်တွေက အဲသည် အိပ်မက်ကနေ နိုးထကြဖို့ လိုတယ်။ စိန်ခေါ်မှုကို မြင်ကြဖို့ လိုတယ်။ အဲသလိုမဟုတ်ဘဲ အိပ်မက်ဟောင်းကိုပဲ ဆက်ပြီး စွဲလန်းနေရင် မနိုးထနိုင်သေးရင်၊ အပေါ်ကထောက်ပြသလို လူတွေ အဖြစ်အပျက်တွေ အခြေအနေတွေကို ပကတိအတိုင်းမမြင်ဘဲ လောကကြီးကိုပဲ အပြစ်တင် အဆိုးမြင်သူတွေ ဖြစ်လာလိမ့်မယ်တဲံ့။ ဟုတ်တယ်လေ။ ကမ္ဘာကြီးမှာ ရွေ့ပြောင်းလူသားတွေ immigrant တွေ များလာတယ်။ လှိုင်းတွေလိုပဲ။ ဒါကို တံတိုင်းကြီးတွေ ကာပြီး တားလို့မရပါ။ သူတို့တွေကိုချည်း အပြစ်တင်လို့မရပါ။ ဖိနှိပ်ထားလို့ မရပါ။ ကိုယ်ကသပ်သပ်၊ မင်းတို့က သပ်သပ်ဆိုပြီး ကန့်နေလို့လည်းမရပါ။ ရှောင်လွှဲနေလို့ မရရင် ရင်ဆိုင်ဖြေရှင်းရပါမယ်။

အမေရိကန်တွေကို စာရေးဆရာက ဆယ်ကျော်သက်ဘ၀က လွတ်မြောက်ခါစ အရွယ်ရောက်လူငယ်တဦးလို နှိုင်းပြတယ်။ အမေရိကားဟာ နိုင်ငံသက် အနှစ် ၃၀၀ ပဲ ရှိသေးတယ်။ တရုတ်ပြည်ဟာ နှစ်သက်တမ်း ၁ထောင်လောက် အနည်းဆုံး ရင့်ကျက်တယ်။ သည်တော့ အမေရိကန်ဟာ အသက် ၂၁ ပြည့်စ လူငယ်လောက်ပဲ ကမ္ဘာမှာ အဆင့်ရှိသေးတယ်။ မိဘတွေက ကျောင်းထားလို့ ကျောင်းသွား။ ကျောင်းက သင်ပေးသမျှ ကျောင်းစာကိုပဲ အမှန်ထင်တဲ့ ကျောင်းသား။ သည်လိုနဲ့ ဘွဲ့ရတဲ့အထိက အင်တာနက်နဲ့ တီဗီကပြောသမျှပဲ အဟုတ်ထင်ပြီး အပြင်လောကကြီးကိုလည်း ဘာမှ သိပ်မသိ။ သည်လိုနဲ့ ရပ်ကွက်ထဲက အလိုလိုက်ခံထားရတဲ့ သူကြီးသူဌေးသားလို ကိုယ်ထင်ကုတင်ရွှေနန်း၊ စွာကျယ်စွာကျယ်နဲ့ ကျောင်းပြီး။ ကျောင်းပြီးတော့မှ အလုပ်မရ။ ထင်သလောက်လည်း မအောင်မြင်၊ ပိုက်ဆံကလည်း ရှာသလောက်မရ။ လက်တွေ့ဘ၀ အခက်အခဲဆိုတာ စတွေ့ကြ။ အမေရိကန်အိပ်မက်ဆိုတာ ခေတ်ကုန်ပြီဆိုတာ သိလိုက်ရတဲ့ ၂၁ နှစ်သား ဘွဲ့ရပြီး အလုပ်ရှာမရသေးတဲ့ လူငယ်ပေါက်အရွယ်ရောက်ခါစလေးလို့ စာရေးဆရာက ပုံခိုင်းပြလိုက်ပါတယ်။ သည်တော့ ခေတ်ကြီးကို အပြစ်မတင်နဲ့ လူတွေကို အဆိုးမမြင်နဲ့။ ကိုယ့်ကိုယ်ကိုယ်ချည်း လူလွန်မသားဆိုပြီး စွတ်အထင်မကြီးနဲ့။ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်တာကိုလည်း မတရားဘူးလို့ချည်း ကုန်းကုန်းပြီး အော်မနေကြနဲ့။  သည်လိုမျိုး လက်တွေ့ကို လက်ခံပြီးတော့ ၂၁ ရာစုကို ပြင်ဆင်ကြမှ သင့်တော်လိမ့်မယ်လို့ စာရေးဆရာက အ၀ဇ္ဇန်းကောင်းကောင်းနဲ့ ရေးထားကြောင်းပါ ခင်ဗျား။

အော် မြန်မာတွေအတွက်လည်း တဆက်တည်း တွေးမိပြန်ပါသေးတယ်။ (ဒါက မိုက်ခဲစိန်၏ အာဘော်)။  မြန်မာပြည်ကလည်း လွတ်လပ်ရေးရပြီနောက် နိုင်ငံသက်တမ်းနုသော်လည်း အမျိုးသားစိတ်တွေက တလကြမ်း ထက်သန်၊ ထစ်ကနဲ့ရှိ လက်နက်ကိုင်ပြီး ပြည်တွင်းစစ်မီးကြီးပဲ လှုံဖို့သာ စဉ်းစားနေကြ။ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံဖြစ်တာနဲ့တင် တသံသရာလုံး နောက်ဘုရားပွင့်တဲ့အထိ မြန်မာပြည် ဒီမိုကရေစီ ရာသက်ပန် ရပြီလို့ ထင်တလုံးရောက်။ အော််...  မြန်မာပြည်အိပ်မက်ကတော့ ဟိုရောက် ဒီရောက် ခြောက်အိပ်မက်လိုများ ဖြစ်နေလေသလား ရယ်လို့ တဆက်တည်း တွေးမိနေကြောင်းပါဗျာ။

အမေရိကန်တွေက ခုမှ အရွယ်ရောက်ကောင်းတုန်းရှိသေး။ မြန်မာတွေက အရွယ်လွန်ပြီး သွေးဆုံး မကိုင်ကြစေဖို့ ဆုတောင်းရမလိုလို ဖြစ်နေသလားလို့ ပါခင်ဗျား။